နိဒါန်း
ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ဝေသာလီပြည်မှာ ဘေးကြီးသုံးပါး ဆိုက်ရောက်လာသည်။ ပထမငတ်မွတ် ခေါင်းပါးသည့် ဒုဗ္ဘိက္ခန္တရကပ်ဘေး ပေါ်လာသည်။ ငတ်မွတ်ခေါင်းပါး လွန်းသောကြောင့် ဆင်းရဲသားတွေ သေကျေကြသည်။ အသေအပျောက် များလာတော့ ကောင်းမွန်စွာ သင်္ဂြိုဟ်နိုင်ခြင်း မရှိတော့ချေ။ ထိုအခါ ဘီလူး၊ သရဲ၊ အစိမ်းတွေ မြို့တွင်းသို့ ဝင်ရောက်လာသောကြောင့် အမနုဿဘေး ပေါ်လာသည်။ ထိုကဲ့သို့ မကောင်းဆိုးရွားတွေ ဝင်လာသောကြောင့် ရောဂါဘယတွေ ထူပြောပြီး ရောဂါဘေးလည်း ပေါ်ပေါက်လာပါတော့သည်။
ဤတွင် မြတ်စွာဘုရားနှင့် နောက်ပါ ရဟန်းငါးရာတို့ ဝေသာလီပြည်သို့ ကြွချီတော် မူလာရပါတော့သည်။ ထို့နောက်ဗုဒ္ခ၏ လမ်းညွှန်ချက်ဖြင့် အရှင်အာနန္ဒာ ဦးဆောင်သည့် ရဟန်းတော်များသည် ဝေသာလီပြည်မြို့ရိုး သုံးထပ်ကြားထဲမှာ တစ်ညဉ့်ပတ်လုံး လှည့်လည်ပြီး ရတနာသုတ်တော်ကို ရွတ်ဆိုတော်မူပါသည်။ ဤကား ရတနာသုတ်တော်၏ နိဒါန်းဖြစ်ပါသည်။
ယခုပစ္စက္ခမှ ပြန်ရေတွက်သော် လွန်ခဲ့သည့် ၈ နှစ်။ ၂၀၀၇ စက်တင်ဘာလ။ ထိုအချိန် ထိုကာလတုန်းကလည်း မြန်မာပြည်အတွင်း ဆိုက်ရောက်နေသည့် အထွေထွေ ကုန်ဈေးနှုန်းကြီး မြင့်သည့်ဘေး၊ ပြည်သူတွေ ဆင်းရဲမွဲတေ နေသည့်ဘေး၊ အာဏာရှင် လက်အောက် ကျရောက်နေသည့် နိုင်ငံရေးဘေး တည်းဟူသော ဘေးအပေါင်းမှ ကင်းလွတ်စေရန် အလို့ငှာ ဘုရားသားတော် သံဃာတော် အရှင်သူမြတ်တို့သည် မြန်မာပြည် အတွင်းရှိ မြို့ကြီးများအနှံ့ လှည့်ပတ်ကာ မေတ္တာသုတ် ပရိတ်တော်များ ရွတ်ဆိုတော် မူခဲ့ကြပါသည်။ ဤကား ရွှေဝါရောင် တော်လှန်ရေး၏ နိဒါန်း ဖြစ်ပါသည်။
(၁)
နေကား ခြစ်ခြစ်တောက် ပူလျက်ရှိသည်။ တစ်နေ့လုံး မိုးရွာလိုက် နေပူလိုက်နှင့် ထီးမပါ၊ ဖိနပ်မပါ ခြေဗလာနှင့် အဝါရောင်သင်္ကန်း ဆင်မြန်းထားသော သံဃာတော်များသည် နေမင်းကို အံတုကာ မေတ္တာသုတ်ကို ရွတ်ဆိုပွားများလျက် ရှိပါသည်။
ပူပြင်းလောင်မြိုက်နေသည့် ကတ္တရာလမ်းမပေါ်မှာ တင်ပျဉ်ခွေ ထိုင်နေသော အဆိုပါ သံဃာအတန်းကြီးသည် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းတစ်လျှောက် တစ်မျှောတစ်ခေါ် ရှုမဆုံး မျှော်မဆုံး ရှိလှသည်။ တဒီးဒီး ကျလာသည့် ချွေးစက်တို့ကိုပင် မသုတ်အား။ မျက်လွှာကိုချကာ တင်ပျဉ်ခွေပေါ် လက်နှစ်ဖက်ကို ပူးယှက်လျက် နှုတ်ဖျားမှ တတွတ်တွတ် ရွတ်ဆိုနေသော အသံသည် အထက်ဘက်သို့တိုင် ပျံ့နှံ့ကာ ထိုးဖောက်မှတ် ထင်မှတ်ရပါသည်။ လမ်းဘေးမှာ လက်အုပ်ချီလျက် ရပ်ကြည့်နေသော လူပရိတ်သတ်သည် ကြေကွဲစို့နင့်နေသော အမူအရာနှင့် မျက်ရည်အသွယ်သွယ် စီးကျလျက်..။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်း ကြပါစေ။
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ။
ယဿာနုဘဝတော ယက္ခာ၊
နေ၀ ဒဿေန္တိ ဘီသနံ။
ယမှိစေဝါ နုယုဉ္ဇန္တော၊
ရတ္တိန္ဒိ၀ မတန္ဒိ တော။
(၂)
အဲဒီနေ့က ရန်ကုန်မြို့ထဲသို့ ဒီဇိုင်းသွားပို့ရန် ကျွန်တော်တို့ သုံးယောက် ထွက်လာခဲ့သည်။ ကျွန်တော်တို့ သွားမှာက ၃၅ လမ်း အလယ်ဘလောက်။ သို့သော် ကျွန်တော်တို့ စီးလာသည့် လိုင်းကားက ဆူးလေအထိ မရောက်တော့။ ယောက်လမ်းမှာတင် ဂိတ်ဆုံးသွားပြီ။ ရှေ့ဆက်သွားလို့ မရတော့။ ဆူးလေဘုရားလမ်းသို့ သွားရမည့် ခုံးကျော်တံတားပေါ်မှာ ရဲတွေစီတန်း စောင့်နေတာ တွေ့ရသည်။ သမ္မတရုပ်ရှင်ရုံ ရှေ့မှာလည်း ခါတိုင်းထက် လူတွေပိုများနေသည်။ တံတား၏ တစ်ဖက်အလွန်မှာ သစ်သားဘတ်စ်ကား ငါးစီးလောက်ကို လမ်းပိတ်ကာ ထိုးရပ်ထားသည်။ ဆူးလေဘုရားလမ်း တစ်လျှောက် မျှော်ကြည့်လိုက်သော် လူသူမရှိ ရှင်းလင်း တိတ်ဆိတ်လို့။
အဲဒီတော့ လမ်းဆင်းလျှောက်ကြရုံဘဲ ရှိတော့တာပေါ့။ ယောက်လမ်းမှ အောင်ဆန်းအားကစားကွင်း အရှေ့အတိုင်း ပတ်ကွေ့ကာ လျှောက်လာကြသည်။ ထိုမှတစ်ဆင့် ဘူတာကြီးရှေ့ ရောက်လာသည်။ ပန်းဆိုးတန်း ခုံးကျော်တံတားပေါ်သို့ လှမ်းတက်လိုက်သည်။ တံတားပေါ်မှအဆင်း ဘွားခနဲ သွားတွေ့လိုက်ရသည်။ လားလား နည်းတဲ့သံဃာတန်း မဟုတ်။ လူပရိတ်တွေ ခြံရံလျက်။ သာသနာ့ အလံ။ ခွပ်ဒေါင်းအလံ။ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံတွေ ကိုယ်စီကိုင်လို့။
အရှေ့အရပ်၌ ရှိကြကုန်သော အနန္တ သတ္တဝါတွေ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
သံဃာတော်တို့၏ မေတ္တာပို့သံက လမ်းတစ်လျှောက်လုံးကို ဖုံးလွှမ်းသွားသည်။ ကျောင်းသားတွေ၊ လူပရိသတ်တွေက သံဃာတော်များ ဘေးနှစ်ဖက်မှာ ရံလျက်။ ကြည့်ရင်း ကြည့်ရင်း ရင်ထဲမှာ လှိုက်လာသည်။ နားထင်နားရင်းတွေ ထူပူကာ သွေးဆူလာသည်။ ရင်ခုန်သံက တဒိတ်ဒိတ်။
ပန်းဆိုးတန်းလမ်းနှင့် အနော်ရထာလမ်း ဆုံရပ်မှာ လူတွေကျပ်ညပ်နေသည်။ ထိုလူအုပ်ထဲမှ တိုးခွေ့ကာ ၃၅ လမ်းထဲသို့ ချိုးကွေ့ဝင်လာခဲ့သည်။ လမ်းထဲမှာလည်း တိတ်ဆိတ်လို့။ ဆိုင်ခန်းအသီးသီးက တံခါးပိတ်လျက်။ ပို့စရာရှိသည့် ဒီဇိုင်းကို ပို့ထားခဲ့ပြီး ခပ်သုတ်သုတ် ပြန်ထွက်လာခဲ့သည်။ ၃၅ လမ်းမှအထွက် ‘ဒိုင်း’ ‘ဒိုင်း’ ‘ဒိုင်း’ ဟု သေနတ်သံတွေ ကြားလိုက်ရသည်။ ဟိုက်ရှားပါး။ ပစ်ပဟ။ သို့သော် မိုးပေါ်ထောင်ပစ်ခြင်း ဖြစ်သည်။ လူတွေ ပန်းဆိုးတန်းဘက်သို့ ထွက်ပြေးသွားကြသည်။ ထိုလူအုပ်ထဲမှာ ကျွန်တော်တို့လည်း ရောယောင် ပြေးရတော့သည်။ သံဃာတော်များ။ အလံကိုင် ကျောင်းသားများ။ ထမင်းချိုင့်ဆွဲလာသည့် အလုပ်သမားတွေ ကြားထဲမှာ ကျွန်တော်တို့ သုံးယောက်။
‘ဘာမှ မဟုတ်ဘူး။ လူခြောက်တာ’
‘တကယ်ပစ်တာ မနက်ကမှ၊ ဂျပန် တစ်ယောက် ထိသွားတယ်’
‘ဟုတ်တယ်။ ဂျပန်ဓာတ်ပုံ သတင်းထောက်ပဲ၊ တခြားလူတွေလည်းပါတယ်’
‘ပစ်တာမှ ရက်ရက်စက်စက်၊ ကျွန်တော်ရှေ့တင် ပုံရက်သား လဲကျသွားတာ’
‘တစ်ယောက်ဆို ကျောင်းသားတွေပွေ့ပြီး ဆွဲထုတ်သွားတယ်’
တစ်ယောက်တစ်ပေါက် ပြောသံတွေ ကြားထဲမှာ အနောက်ဘက်သို့ ကျွန်တော် လှည့်ကြည့်လိုက်သည်။ ဆူးလေဘုရားလမ်းနှင့် အနော်ရထာ လမ်းဆုံမှာ ရဲတွေ။ ဒိုင်းနှင့် နံပါတ်တုတ်တွေ ကိုင်ထားကြသည်။ သံဆူးကြိုးတပ် သစ်သားချောင်း ထောင်ထားသည့် သည်ဘက်တွင် သံဃာတော်တွေနှင့် ကျောင်းသားတွေ။ မေတ္တာပို့သံကား အဆက်မပြတ် ပေါ်ထွက်နေဆဲ။ သာသနာ့အလံနှင့် ခွပ်ဒေါင်းအလံက လေထဲမှာ တလူလူ လွင့်လျက်။
(၃)
ညသည် မှောင်မိုက်တိတ်ဆိတ် လျက်ရှိသည်။ တစ်ချက်တစ်ချက် ခွေးဟောင်သံကို သဲ့သဲ့ကြားရသည်။ နေဝင်မီးငြိမ်း။ အိမ်တံခါးတွေကို အသီးသီး ပိတ်ထားကြသည်။ အိမ်တစ်အိမ်ကား တံခါးပိတ်လျက် တိတ်ဆိတ်ငြိမ်သက်စွာ စုဝေးနေထိုင်ကြသည်။ တကယ်တော့ တီဗွီဖန်သားပြင်ပေါ်မှ အရုပ်များကို စူးစိုက်ကြည့် နေကြခြင်းဖြစ်သည်။ ဖန်သားပြင်ပေါ်မှာ နိုင်ငံခြား သတင်းဌာနတစ်ခုက ထုတ်လွှင့်နေသော သတင်းများ အဆက်မပြတ် ပေါ်နေသည်။ သတင်းကြေညာသူ၏ အသံကိုတော့ ဖျောက်ထားရသည်။ ပုံရိပ်တွေ ဖျတ်ခနဲ ပြောင်းသွားကြသည်။ သံဃာတော်တွေ။ ကျောင်းသားတွေ။ လူတွေ။ ယူနီဖောင်းဝတ်တွေ။ ရုန်းရင်ဆန်ခတ် ပြေးလွှားနေကြသည်။ ထို့နောက် လူတွေအရောင်တွေ လုံးထွေးသွားကြသည်။
‘ဘုရား ဘုရား ကြည့်စမ်း၊ ရက်စက်လိုက်ကြတာ’
တစ်ယောက်က အသံထွက်သွားသည်။ ‘ရှူး တိုးတိုး’ ဘေးနားက တစ်ယောက်က နှုတ်ခမ်းပေါ်မှာ လက်ညှိုးထောင်ပြ လိုက်သည်။ ဓာတ်ပုံသတင်းထောက်သည် အဆောက်အအုံ တစ်ခုပေါ်သို့တက်ကာ သစ်ရွက်ကြို သစ်ရွက်ကြားမှ ရိုက်ကူးထားပုံရသည်။ ပုံရိပ်တွေက နီးလာလိုက် ဝေးသွားလိုက်။ သို့သော် နံပါတ်တုတ်နှင့် ရိုက်ပုံ။ ကုပ်ကနေ ဆွဲမကာ ကားပေါ်တင်ပုံတွေကို သေချာမြင်လိုက်ရသည်။ လမ်းမပေါ်မှာ ပုံရက်သား လဲနေသူကို ကန်သည်။ ထိုးသည်။ ရိုက်သည်။ အဆက်မပြတ်။ ထို့နောက် အမှောင်အတိ ကျသွားသည်။ ပြန်ပေါ်လာသည်က သဲကြိုးပြတ် ဖိနပ်တစ်ဖက်။ သွေးတွေ စွန်းပေလျက်။
မဆုံးသေးတဲ့နိဂုံး
ဓမ္မနှင့် အဓမ္မ(ဝါ) မေတ္တာနှင့် အာဏာ၏ အားပြိုင်မှုမှာ အခြေအနေအရ ဓမ္မက ခေတ္တနောက်ဆုတ် လိုက်ရသည်။ သို့သော် ဒါဟာ ကျရှုံးမှုတစ်ခု မဟုတ်ဘူး။ ဆုံးရှုံးမှု တစ်ခုလည်း မဟုတ်ပါဘူး။ မဆုံးသေးတဲ့နိဂုံး၊ ဆက်ရန်ရှိသေးတဲ့ နိဂုံးပါ။ အဲဒီနိဂုံးကို ဆက်ရေးရဦးမယ်။ နောက်မျိုးဆက် အဆက်ဆက် သွေးနဲ့ချွေးနဲ့ ယုံကြည်ချက်နဲ့ ဆက်ဆက်၍ ရေးရဦးမယ့် သမိုင်းနိဂုံးပါပဲ။










