(၁)
ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့သည် ဆရာကြီး ဦးသောင်းထွဋ် ကွယ်လွန်သည့် လေးနှစ်မြောက်နေ့ ဖြစ်သည်။ တိုက်ဆိုင်ခဲ့သဖြင့် ရှစ်လေးလုံးရက်သို့ ရောက်တိုင်း ဆရာ့ကိုလည်း သတိရ အောက်မေ့နေမိဦးမည် ဖြစ်သည်။ စွယ်စုံရ ပုဂ္ဂိုလ်ဖြစ်သော ဆရာကို ‘ဘ၀ နှင့် ပညာ၊ ပညာနှင့်ဘဝ၊ ထပ်တူကျသည့်၊ ဆရာလိုလူ၊ ကြီးမြင့်သူ...’ ဟူ၍ ကြည်ညိုပူဇော် ခဲ့ဖူးပါသည်။ ဆရာသည် သူ၏စာမူမှာ၊ အခြားကိစ္စများမှာ အမည်နှင့် ရာထူးကို ပေးရာတွင် ပညာရေး ဒုတိယဝန်ကြီး (ငြိမ်း) ဟု ဘယ်တော့မှမပေးဘဲ ‘ပါမောက္ခချုပ်(ငြိမ်း) ပညာရေး တက္ကသိုလ်’ ဟုသာ အမြဲတမ်းပေးလေ့ ရှိခဲ့ပါသည်။
ဆရာသည် ကျောင်းဆရာများ ဆရာကောင်း ဆရာတော် ဖြစ်ကြလေအောင် ‘စ’ ငါးလုံး၊ ‘အ’ ငါးလုံးကို ဆောင်ကြရန် သွန်သင်လမ်းပြခဲ့သူ ဖြစ်သည်။ ‘စ’ ငါးလုံးက-စိတ်ဓာတ်ကောင်း၊ စေတနာထား၊ စာရိတ္တနှင့် စည်းကမ်းရှိ၊ စာဖတ်ရင့်သန်၊ စိစစ်ဝေဖန်ခြင်းတို့ ဖြစ်ပါသည်။ ‘အ’ ငါးလုံးက- အသိစိတ်ဓာတ်နှင့် အသိတရား၊ အကျင့်စာရိတ္တ၊ အတုယူလောက်သည့် အပြုအမူ အပြောအဆို၊ အလေ့အကျင့်နှင့် အားထားရာ ဆရာဖြစ်ဖို့ ဖြစ်ပါသည်။
ဆရာက သူ့ကိုသတိရသည်ဆိုလျှင် စကားသုံးခွန်း မှန်မမှန်ကို ဆင်ခြင်ကြပြီး ကျင့်ကြပါဟု နုတ်ရည်မြွက် မှာကြားခဲ့ဖူးပါသည်- “ပညာသည် ဘဝအသိ၊ စေတနာသည် အတိုင်းမရှိ၊ မေတ္တာသည် ပကတိ” ဖြစ်ပါသည်။
ဒုတိယ ကမ္ဘာစစ်အပြီး ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး အသုတ်ဝိဇ္ဇာဘွဲ့ကို ဘောဂဗေဒ ဘာသာတွဲဖြင့် အောင်မြင်သည့် ဆရာသည် အစိုးရဌာန အမျိုးမျိုးက လက်ယပ်ခေါ်အောင် စန်းပွင့်ချိန်ဖြစ်၍ သူငယ်ချင်းများနှင့် အတူ အသစ်ဖွဲ့စည်းတော့မည့် အမျိုးသား စီမံကိန်းဌာနတွင် ဝင်ရောက်ကြရန် ရည်ရွယ်ခဲ့သည်။ သို့သော် ဇာတိမြို့ မြန်အောင်မှ မိခင်နှင့် အစ်မများက မြန်အောင် အထက်တန်းကျောင်း၌ အင်္ဂလိပ်စာတတ် အထက်တန်း ဆရာအခက်အခဲ ရှိနေကြောင်းကို မြို့မိ၊ မြို့ဖ တို့နှင့် စာရေးလာခြင်းကြောင့် ပညာမင်းကြီး ဦးကောင်း (စည်သူဦးကောင်း၊ ၁၉၀၄-၁၉၅၇) နှင့် တွေ့ဆုံခဲ့ရသည်။ တွေ့ဆုံသော အခါတွင် အမျိုးသား စီမံကိန်းဌာနသို့ လျှောက်ထားပြီးဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ပညာမင်းကြီးက SAT ထက်/ပြ ဆရာလစာ နှုန်းသည် ၂၀၀ိ/-။ အမျိုးသား စီမံကိန်းဌာန အရာရှိ လစာနှုန်းသည် ၃၅၀ိ/- ဖြစ်၍ ကာယကံရှင်က ဆရာမလုပ်ချင်သည်ကို သူလက်ခံကြောင်း မြို့လူကြီးများကို ရှင်းပြလိုက်ပါသည်။ သို့သော် မြို့လူကြီးများလည်း ပင်ပန်းရကျိုးနပ်၊ ဆရာ၏ ဆန္ဒလည်း ပြည့်ဝအောင် လောလောဆယ် မြန်အောင်တွင် ဆရာအဖြစ် သွားလိုက်ပါ၊ စီမံကိန်းဌာနမှ ခန့်စာထွက်လာတော့ သူနုတ်ထွက်ခွင့် ပြုမည့်အကြောင်း ပြောခဲ့သည်။ ပညာရေးဌာနမှာ ယခုအခါ အမျိုးသမီး ဆရာမဦးရေက တစ်နေ့ထက်တစ်နေ့ များလာသဖြင့် အမျိုးသမီးဌာန ဖြစ်တော့မည်၊ မောင်ရင်တို့ကယ်မှ ဖြစ်တော့မည်ဟူသော စကားကိုလည်း ဆွယ်တရား ဟောလိုက်သေးသည်။
ထို့နောက်တော့ ဆရာဦးသောင်းထွဋ် ၁၀ တန်းအောင်မြင်ခဲ့ရာ ကျောင်းသည်လည်း ထိုကျောင်း။ အမျိုးသား ကျောင်းအဖြစ် စတင်တည်ထောင် ခဲ့ကြစဉ်ကလည်း ဖခင်ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့သဖြင့် ပညာမင်းကြီး ဦးကောင်းက ပြုံးရွှင်သော မျက်နှာဖြင့် ပြောလာသည့်- “ကိုယ့်ကို မွေးထုတ်ပေးလိုက်တဲ့ကျောင်း၊ ကိုယ့်ဖခင် စတင်တည်ထောင်ခဲ့တဲ့ ကျောင်းအတွက် ကူညီလိုက်ပါ မောင်ရင်ရယ်” ဟူသော စကားကို ကြားလိုက်ရသောအခါ ဆရာသည် ဆက်မငြင်း မိတော့ချေ။ ခန့်စာလည်း ချက်ချင်းစောင့်ယူခဲ့ရ၏။ မြို့မိ၊ မြို့ဖ “လူကြီးတွေ၏ ဆန္ဒလည်း ပြည့်ဝပါပြီ၊ မောင်ရင်လည်း ကျောင်းအကျိုး နိုင်ငံပညာရေးအကျိုး သယ်ပိုးနိုင်ပါစေ” ဆိုသော ဆုမွန်ဖြင့် အခန်းဝသို့ လိုက်ပို့ခဲ့သည်။
ဤသို့ဖြင့် သူ၏ဘ၀ အလှည့်အပြောင်းကို ဖန်တီးသူသည် ပညာမင်းကြီး ဦးကောင်းပါတကားဟု ဆရာက ဆိုခဲ့သည်။ ထို့နောက် ခြောက်နှစ်ရှိသောအခါ (၁၉၅၆ အောက်တို ဘာ)၊ အထက်တန်း ကျောင်းအုပ်ကြီးများ အစည်းအဝေးတွင် (အထက (၁) လသာ) (ထိုစဉ်က ရန်ကုန်မြို့ နိုင်ငံတော် အထက်တန်းကျောင်း) မင်းကြီးဦးကောင်းနှင့် ဒုတိယအကြိမ် ဆုံတွေ့ခဲ့ရသည်။ မင်းကြီးက သူ့ကို မြန်အောင်မှ မြို့လူကြီးများ ခေါ်လာသည့် ဆရာမှန်း မှတ်မိသည်။ ဧရာဝတီတိုင်း ပညာဝန် ဆရာမကြီးကိုလည်းခေါ်ကာ ဦးသောင်းထွဋ်သည် သူ၏ပယောဂကြောင့် ပညာရေးဌာနမှာ အရိုးထုတ်တော့မည်ဖြစ်၍ သူ့တွင် တာဝန်ရှိကြောင်း၊ သူ့ကိုယ်စား ဦးသောင်းထွဋ်ကို လိုအပ်သလို သင်ကြားပေးဖို့ အပ်ပါကြောင်း စကားဆိုခဲ့သည်။ သူ့ကိုလည်း အလုပ်ကြိုးစားရန်၊ မသိတာ မလုပ်တတ်တာ ရှိခဲ့လျှင် တိုင်းပညာဝန် ဆရာမကြီးကို မေးရန်၊ ပညာရေး ဌာန၏ ဝန်ထမ်းကောင်း ဖြစ်ပါစေဟု မျှော်လင့်သည်ဟုလည်း ဆိုသွားခဲ့သည်။ ဤသို့ဖြင့် ပညာမင်းကြီး စည်သူဦးကောင်းသည် သူ့ကို ဆရာဘဝရောက်အောင် နားချခဲ့သည်။ ပညာရေး ဘဝထဲသို့ ခြေစုံပစ်ဝင်ရန် လမ်းပြခဲ့သည်။ တူသားရင်းပမာ သဘောထားလျက် သြဝါဒပေး၊ မျှော်လင့်ချက်ထားသော ပညာ၏ခွန်အား၊ ပညာ၏ တန်ဖိုးနှင့် ပညာ၏ တန်ခိုးကို သိအောင် နည်းလမ်းပေးခဲ့ ပေသည်ဟူ၍ ဆရာကြီး ဦးသောင်းထွဋ်ကိုယ်တိုင် ရုပ်ပုံလွှာ ပြုခဲ့ပါသည်။ ဖြစ်မြောက်ခဲ့လေတော့ ဝန်ထမ်းကောင်းထက် မကပါ။
(၂)
စက်တင်ဘာလ ၈ ရက် ဆိုလျှင်တော့ ‘ဘယ်သူပြိုင်လို့ လှပါတော့နိုင်’ ဇာတ်ကားကို ပြန်ပြန်ကြည့်ရ တတ်သည်နှင့်အတူ ဆရာမင်းကျော် (၁၉၃၃-၁၉၉၁) ကို သတိရမိလေ့ရှိသည်။
ကျွန်တော်တို့ ငယ်စဉ်က ဆရာ၏ “ငါတို့ ခေတ်နှင့်အပြိုင်” စာအုပ်အတွဲကို သူငယ်ချင်းများ လက်ဆင့်ကမ်း ဖတ်ခဲ့ကြသည်။ ဆရာသည် အမျိုးသား စာပေဆု (၃) ဆု ချီးမြှင့်ခံခဲ့ရသည် ထင်ပါသည်။ ‘အဖြူကိုမည်သူ အနက်ဆိုးသနည်း’ ဟူသော ကျောင်းဆရာလည်း ဖြစ်ခဲ့သည့် ဆရာ့မေးခွန်းမှာ ရင်ထဲမြည်မြည် နေတတ်သော မေးခွန်းဖြစ်ပါသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဆရာကွယ်လွန်သည်မှာ ၇ ဇူလိုင်၊ (၇-၇-၉၁) ဖြစ်သည်။ ဆရာသည် မြန်မာစာပေ လောကတွင် သန့်စင်မွန်မြတ်စွာ မှတ်တိုင်စိုက်ထူခဲ့သည့် စာရေးဆရာကြီး တစ်ဦးလည်း ဖြစ်သည်။ ဖတ်ရှုခဲ့ကြရ၍ ကြိုက်နှစ်သက်ခဲ့ရသော စာအုပ်များတွင် စာပေဗိမာန် ပြည်သူ့လက်စွဲ စာစဉ်ဖြစ်သည့် ‘ကျွန်တော့်ဆရာများ’ စာအုပ်လည်း အပါအဝင် ဖြစ်သည်။ ဆရာသည် ထိုစာအုပ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ပညာမင်းကြီး စည်သူဦးချို၊ ဒုတိယ ပညာမင်းကြီးစည်သူ ဦးကောင်းတို့နှင့် ဆုံစည်းခဲ့ရပုံ ရုပ်ပုံလွှာများကို ရေးသားမှတ်တမ်း ပြုခဲ့သည်။
မင်းကြီးဦးချို (၁၈၉၆-၁၉၆၆) သည် ချောက်မြို့မှ သူနှင့်သူ့မိသားစု အကြောင်းကို ဈေးရောင်းကောင်းသော သူ့ညီမကြောင့် ဇနီးသည်ထံမှ တစ်ဆင့် သိရရုံဖြင့် ကူညီအားပေးခဲ့သည်။ ကျောင်းစာရေး အလုပ်ကို ရရှိခဲ့သည်။ ဆရာအတတ်သင် သိပ္ပံသို့ ဝင်ခွင့်လျှောက်ထားသောအခါ ၁၉၅၁ ကျောင်းများ ပြန်ဖွင့်လုဆဲတွင် ရန်ကုန်မြို့သို့ လေယာဉ်စီးပြီး လာရောက်ရန် ခေါ်ယူခဲ့သည်။ တွေ့ဆုံသောအခါ ကျောင်းဆရာ အလုပ်သည် ပင်ပန်းသည့် အလုပ်။ ဝါသနာပါဖို့ လိုသလို စေတနာလည်း ရှိဖို့လိုသည့် အလုပ်။ တပည့်တို့ ပညာရည် တိုးတက်ရေး အဓိကဖြစ်၍ သင်ပြပို့ချရမှာ ဖြစ်သလို ကိုယ်တိုင်ကလည်း အဆက်မပြတ် သင်ယူနေဖို့ လိုသည့်အလုပ် ဖြစ်သည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကျိုး ရှေ့တန်းမထားဘဲ ကျောင်းဆရာ လုပ်ချင်စိတ် တကယ် ရှိ မရှိ စဉ်းစားစေခဲ့သည်။ ဆုံးဖြတ်ပြီးသောအခါ ဆရာအတတ်သင် ကျောင်းသို့ ကိုယ်တိုင်လိုက်ပို့ခဲ့ပြီး သင်တန်းနှစ်နှစ်တာ ကာလတွင်လည်း ကူညီမှု ထောက်ပံ့မှု ပြုခဲ့သည်။ ကိုကျော်ဆွေ (ဆရာမင်းကျော်) သည် ပထမနှစ်တွင် မက်ထရစ် စာမေးပွဲကိုလည်း အောင်မြင်ပြီး ဒုတိယနှစ်တွင် ဆရာဖြစ် သင်တန်းကိုလည်း ဂုဏ်ထူးလေးဘာသာဖြင့် အောင်မြင်သောအခါ ပညာကြိုးစားမှုကို အားပေးခဲ့သည်။ သို့သော်လည်း ပညာမင်းကြီး ဖြစ်ခဲ့သည့်အတွက် အရှိန်အဝါ မသုံးသင့်သည်ကိုတော့ ပြောပြသလို ရပ်တည်ခဲ့သည်။
“အမှန်ကတော့ အစိုးရ အထောက်အပံ့နဲ့ ပညာသင်တဲ့ ကျောင်းသား တစ်ယောက်ဟာ အစိုးရစေလွှတ်တဲ့ နေရာကိုသွားပြီး တာဝန်ယူရလိမ့်မယ်။ တစ်ချိန်က ပညာမင်းကြီး လုပ်ခဲ့တဲ့ အရှိန်အဝါကိုသုံးပြီး မောင်ကျော်ဆွေ ရန်ကုန်မှာ အလုပ်ရရေးကို ကြိုးစားပေးမယ်ဆိုရင် မသင့်ဘူး။ တစ်ခုတော့ ရှိတယ်ပေါ့၊ ခုစာမေးပွဲမှာ မင်းအနေနဲ့က ပထမ ရထားတာရယ်၊ ဂုဏ်ထူးလေးခု ရထားတာရယ်ကို အကြောင်းပြပြီး မင်းလျှောက်ကြည့်ပေါ့။ ဒီနေရာမှာ မင်းတက္ကသိုလ် စာမေးပွဲတွေ ဝင်ဖြေချင်လို့ ဆိုတာမျိုးကိုလည်း ဖော်ပြဖို့ သင့်မယ် မထင်ဘူး။ မင်းကို ရန်ကုန်မှာ ခန့်ပါလို့တော့ ဘဘကြီး မတိုက်တွန်းချင်ဘူး။ ဒါကို မောင်ကျော်ဆွေ နားလည်မယ် ထင်ပါတယ်”
ကျောင်းဆရာ တစ်ဖြစ်လဲ ဆရာမင်းကျော်သည် ဤသို့သော ကျောင်းဆရာ ပညာဝန်ထမ်း ပုဂ္ဂိုလ်ကြီး၏ ပညာရေးဆိုင်ရာ အယူအဆ သဘောထား၊ သြဝါဒနှင့် စေတနာတို့သည် သူ့အဖို့ နည်းယူဖွယ်အဖြစ် ဆက်ရှင်သန်နေမြဲဟု ဆိုခဲ့ပါသည်။ ကိုကျော်ဆွေ (ဆရာမင်းကျော်)သည် ပညာမင်းကြီး ဦးချို၏ နေအိမ်မှာပင် ပညာမင်းကြီး ဦးကောင်းကိုလည်း ဆုံတွေ့ခဲ့သည်။ ဆရာအတတ် သင်တန်းပြီးဆုံးသော တစ်နေ့ ထိုအိမ်မှာပင် ဒုတိယအကြိမ် တွေ့ဆုံသည်။ သူကျောင်းဆရာဖြစ်ပြီး တတိယအကြိမ် ဆုံသည့်အခါမှာတော့ ဦးကောင်းသည် ဆရာဦးကျော်ဆွေ (ဆရာမင်းကျော်) ကို သူဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် သမိုင်းကော်မရှင်သို့ ခေါ်ယူသွားခဲ့သည်။ ကျောက်စာကူးအဖြစ် ဖြစ်သည်။ မကြာမီ ခရီးထွက်ပြီး ပုဂံသို့ ရောက်သည့်အခါ- “ဒို့ ဒီမှာ တစ်လကျော်ကျော်နေမယ်၊ ဒို့အထဲမှာ ငါပါဆိုရင် ကျောင်းဆရာ ငါးယောက်ပါတယ်ကွ။ ဒီတော့ ဒို့ဒီမှာ အလုပ်လုပ်ရင်း ကျောင်းဖွင့်ကြရအောင်” ဟု ဆိုလေသည်။ ဦးကျော်ဆွေ (ဆရာမင်းကျော်) သည် ရုတ်တရက်တော့ နားမလည်သလို ဖြစ်ခဲ့သည်။ ပြီးတော့ ဆရာကြီး၏ အသည်းနှလုံးမှ ထွက်လာသည့် စကားမှန်း၊ ပညာရေးလုပ်ငန်း သံယောဇဉ်ကို ရိပ်စားနားလည် မိတော့သည်။ “ဒို့ ဘယ်နေရာရောက်ရောက် စာသင်ခန်းထဲဝင်ပြီး စာပြဖို့ အသင့်ရှိရမယ်” ဟု ဆရာကြီးက တဖွဖွ ပြောတတ်ခဲ့သည်။ သူ့ကို တက္ကသိုလ် ပညာခရီး ဆက်နိုင်ရန်လည်း စီမံပေးခဲ့သည်။ အိန္ဒိယနိုင်ငံသို့ မော်ကွန်းပညာ သင်သွားဖို့ ရှိသောအခါ ထမင်းစားလျှင် ဇွန်းခက်ရင်းကိုင် ပုံမှအစ အစစ သွန်သင်မှာကြားခဲ့သည်။ နိုင်ငံခြားပညာသင် လွှတ်တာသည် ပိုက်ဆံစုဖို့မဟုတ်၊ ပညာစုံဖို့ဟု နားဝင်စေခဲ့သည်။ “ဘယ်ရောက်ရောက် ဘာလုပ်လုပ် ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုး ဂုဏ်သိက္ခာကို မထိပါးစေနဲ့” ဟု ဆုံးမသြဝါဒ ပေးခဲ့သည်။ ကျောင်းဆရာကောင်း တစ်ဦးအနေဖြင့် တပည့်များအပေါ် ထားသည့် စေတနာ။ ကျောင်းဆရာက ဤသို့လျှင် နိုင်ငံ၊ လူမျိုးသိက္ခာကို တန်ဖိုးထားခဲ့သော်လည်း တစ်ချိန်သော အခါတွင်မူ ဆရာမင်းကျော်တို့ မှတ်တမ်းပြုခဲ့သည့် “ဘယ်သူ ပြိုင်လို့ လှပါတော့နိုင်” စာတတ်မြောက်ရေး လှုပ်ရှားမှု ရာခိုင်နှုန်းတွေများပြီး စာတတ်မြောက်သူ များပြားနေလျှင် အဆင်းရဲဆုံးနိုင်ငံ (LDC) လျှောက်မရမှာကြောင့် အာဏာရှင်ကြီးက ဟန့်တားခဲ့ကြောင်း ကြားဖူးမှတ်သား မိကြမည် ထင်ပါသည်။
ဆရာကြီး ဦးကောင်း၏ စကားတစ်ခွန်းကိုလည်း ဖတ်မှတ်ထားမိပါသေးသည်။
“လုပ်ဖော်ကိုင်ဖက် လက်အောက်ငယ်သားတွေကို ဘယ်တော့မှ ဆာအောင်မထားနဲ့။ ကိုယ်လက် မအီမသာ ဖြစ်နေရင် အလုပ် မလုပ်စေနဲ့။ လူဆိုတာ ဆာရင်၊ မောရင်၊ နေထိုင်မကောင်းရင် စိတ်တိုတတ်တယ်။ ဒါဟာ ခန္ဓာဗေဒ သဘာဝပဲ။ စိတ်တိုရင် အချင်းချင်း ဆက်ဆံမှု မပြေမပြစ်ဖြစ်ပြီး အလုပ်ကို ထိခိုက်တတ်တယ်”
(၃)
သိမှတ်သမျှဖြင့် ခံစားရသည်ကတော့ ယခင်နှင့် ယခုသည် ကွာသွားခဲ့ပြီထင်၏။










