သူတို့ လွဲနေပါတယ် (၁)

သူတို့ လွဲနေပါတယ် (၁)
Published 15 September 2015
ဒေါက်တာသိန်းမြင့်

၂၀၁၅ ခုနှစ် စက်တင်ဘာ ၉ ရက်ထုတ်တဲ့ စံတော်ချိန် သတင်းစာမှာ စာနယ်ဇင်းကောင်စီ ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်သူတွေ ပြောကြားထားတာတွေ လွဲနေပါတယ်။
ဒါတွေနဲ့ ပတ်သက်လို့ ကိစ္စအတော်များများကို ကိုယ်တိုင် ဖြတ်သန်းလုပ်ဆောင်ခဲ့လို့ သိနေတဲ့ ကျွန်တော့်အနေနဲ့ တစ်ယောက်ချင်းစီရဲ့အလွဲတွေကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ ဒီအချိန်ဟာ နိုင်ငံ့ အပြောင်းအလဲ အတွက် အရေးပါနေတဲ့ အချိန်ဖြစ်သလို တကယ့် ဖြစ်စဉ်အမှန်တွေကို ပြည်သူတွေသိဖို့ ပြောချိန်တန်ပါပြီ။
ကျွန်တော်ကတော့ သူတို့လို ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ပါဘူး။ အမှန်ကို အမှန်အတိုင်း တည့်တည့်ပဲ ပြောပါမယ်။
(၁)
ဦးတင့်ဆွေခင်ဗျာ
ဦးတင့်ဆွေနဲ့ ကျွန်တော်တို့ သိကျွမ်းခဲ့တာ ၁၀ နှစ်ကျော်ပါပြီ။ တစ်ယောက်အကြောင်း တစ်ယောက် သိနေလောက်ပါပြီ။
စံတော်ချိန်နဲ့ အင်တာဗျူးမှာ ဦးတင့်ဆွေ က “ ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့တော့ ယာယီစာနယ်ဇင်း ကောင်စီက တကယ်လွတ်လပ်တဲ့ ကောင်စီပါ။ ကောင်စီရဲ့လုပ်ဆောင်ချက်တွေမှာ စတင်ဖွဲ့စည်းပြီးတော့ မီဒီယာ ဥပဒေ ရေးဆွဲတာအထိ လွတ်လွတ်လပ်လပ်ပဲ ဆောင်ရွက်နေတာဖြစ်ပါတယ် ” လို့ ပြောပါတယ်။
ဆိုရေးရှိက ဆိုရမှာပဲ ဖြစ်ပါတယ်။ ဒီ ဇာတ်လမ်းအားလုံးကို အစအဆုံး ဇာတ်ညွှန်းရေးပြီး လုပ်ဆောင်ခဲ့တာ ဦးတင့်ဆွေပဲ ဖြစ်တယ်ဆိုတာ ဦးတင့်ဆွေ အသိဆုံးပါ။
အမြုတေ စာနယ်ဇင်းကောင်စီကို ၂၀၁၂ ခုနှစ် သြဂုတ် ၉ ရက်မှာ အဖွဲ့ဝင်၂၀ ဦးနဲ့ ဖွဲ့ပေးလိုက်တယ်လို့ ကြေညာချက် ထွက်လာခဲ့တဲ့အခါ စာပေလောကမှာ ဝေဖန် ဆူညံ ကန့်ကွက်သံများ လံျှထွက် လာခဲ့တယ်။အရင်အစိုးရလက်ထက်က စာပေလောကနဲ့ အများပြည်သူရဲ့ ယုံကြည်ကိုးစားမှု မခံရသော စာပေစာနယ်ဇင်းအဖွဲ့ဝင်တွေ၊ ကျင့်ဝတ် ဖောက်ဖျက်သူတွေ ပါဝင်နေတာကြောင့် ဖြစ်တယ်။
နောက်ပြီး ကောင်စီဝင်တွေကို ပေးအပ်ထားတဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေဟာ ဥပဒေ အထက်ကို ရောက်နေတာတွေကြောင့်လည်း ပါပါတယ်။ ဒီအစိုးရလက်ထက်မှာ သမ္မတရုံးက သူနဲ့လက်သင့်ရာလူတွေ ခေါ်ပြီး ဖွဲ့ဖြစ်ထားတာကလည်း အကြောင်းတစ်ရပ်အဖြစ် ပါဝင်ပါတယ်။ ဒါပေမဲ့ အဲဒီအမြုတေ စာနယ်ဇင်းကောင်စီက လူအများရဲ့ဆန့်ကျင်မှု ခံရပြီး အလုပ်မဖြစ်တော့တဲ့အခါ ပြန်ဖွဲ့ဖို့ ပြင်ရပါတယ်။
EMG အနေနဲ့ ၁၉၆၂ ခုနှစ် ဥပဒေ မြန်မြန်ရုပ်အောင် မီဒီယာဥပဒေ ရေးဆွဲရေးကို တွန်းအားပေးဖို့ပါပဲ။ ကျန်တဲ့ အလုပ်တွေ စိတ်မဝင်စားပါဘူး။ အစိုးရက ခန့်ထားသူတွေ အများကြီးပါတဲ့ အဲဒီအဖွဲ့က အစိုးရသြဇာ မကင်းနိုင်တာ သဘာဝကျပါတယ်။ ဒါပေမဲ့ သြဇာတိက္ကမ ရှိအောင် အစိုးရဆီက အထောက်အပံ့ မယူရင် လုပ်မယ်ဆိုပြီး ဝင်လုပ်ဖြစ်လိုက်တာပါ။
အဲဒါကြောင့် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်ဟာ စာနယ်ဇင်းလောကရဲ့ တာဝန်ရှိသူတွေကို သီးသန့်တွေ့ဆုံ ဆွေးနွေးပြီးတဲ့အခါမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင် စီ (ယာယီ) ကို ၂၀၁၂ခုနှစ် စက်တင်ဘာ ၁၇ ရက်မှာ အဖွဲ့ဝင် ၂၈ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။
အဲဒါတွေအားလုံး ဦးတင့်ဆွေ ဒါမှမဟုတ် ပြန်ကြားရေးဝန်ကြီးဌာနကပဲ စီစဉ်လုပ်ဆောင် ပေးခဲ့တာပါ။ အစိုးရက သူတို့ထည့်ချင်တဲ့သူတွေ ထည့်ထားတဲ့အတွက် ဦးတင့်ဆွေ ပြောခဲ့တဲ့ လွတ်လွတ်လပ်လပ် ဖွဲ့စည်းလို့ ပြောဆိုတာ လုံး၀ မှားယွင်းနေပါတယ်။
အစည်းအဝေးတွေမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ အဲဒီလူအုပ်စုကပဲ မဲဝိုင်းပေးခဲ့လို့ ကျွန်တော် လက်လျှော့ခဲ့ရတာ အကြိမ်ကြိမ်ပါပဲ။ နောက်ပြီး ဥပဒေရေးဆွဲတာနဲ့ ပတ်သက်လို့ စာနယ်ဇင်းကောင်စီက လွတ်လွတ်လပ်လပ် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းလို့ ဆိုလိုချင်တာဆိုပြီး ပြောထားရာမှာလည်း မှားယွင်းနေပြန်ပါတယ်။
သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေတွေ ရေးဆွဲတဲ့အခါမှာ ပြန်ကြားရေးဝန်ကြီးဌာနက အကြိမ်ကြိမ် ဝင်ရောက် စွက်ဖက် ပြုပြင်ခဲ့လို့ အခုအချိန်အထိ ကြာသွားတာဖြစ်ပါတယ်။
နောက်ပြီး ဦးတင့်ဆွေက “ပရက်စ်ကောင်စီကို ပြန်လည်ဖွဲ့စည်းဖို့ အတွက် ရွေး ချယ်ရေးအဖွဲ့ကို ဖွဲ့စည်းတယ်။ အဲဒီမှာ လွတ်လပ်တဲ့ သူတွေပါတာပေါ့။ ကျွန်တော်တို့ဆီကတော့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်တစ်ဦး ပါပါတယ်။ ဒါကလည်း သူတို့အနေနဲ့ ရွေးချယ်ခန့်ထားတဲ့ အနေနဲ့ ပါလာတာပါ။ ကျွန်တော်တို့က ဝင်ရောက် တောင်းဆိုထားခြင်း မရှိပါဘူး” ဟု ဆိုထားပြန်ပါတယ်။
သတင်းမီဒီယာ နည်းဥပဒေကို ဖတ်မိသလားဆိုတာ မသိရပေမယ့် သတင်းမီဒီယာ နည်းဥပဒေ အခန်း (၃) အပိုဒ်(၅) အပိုဒ်ခွဲ(ခ)(၄) မှာ ဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်ထက် မနိမ့်သည့် အရာထမ်း  တစ်ဦး ပါရမယ်လို့ ရေးဆွဲထားတာ စကတည်းက လွတ်လပ်မှုမရှိဘူးဆိုတာ ထင်ရှားလှပါတယ်။
“ရွေးချယ်ရေးအဖွဲ့အနေနဲ့ ဥပဒေမှာ ပါတဲ့အတိုင်း ရွေးချယ်ပွဲကို ဘယ်လိုလုပ်ရမလဲဆိုတာ ကော်မရှင်နဲ့ ညှိနှိုင်းတယ်။ ညှိနှိုင်းချက်ကို သူတို့က ပြန်ကြားရေးကို တင်ပြရပါတယ်။ လှမ်းပို့ရတာပေါ့။ ပြန်ကြားရေးအနေနဲ့ ဝင် ရောက်စွက်ဖက်ခြင်း၊ ဝင်ရောက်ပြောဆိုခြင်း မရှိတာတော့ ပြောနိုင်ပါတယ်” ဟု ဆိုထားပြန်ပါတယ်။
အဲဒီအချက်ကလည်း လွဲနေပြန်ပါတယ်။ ကော်မရှင်အဖွဲ့အနေနဲ့ ကောင်စီဝင်ဦးရေ ၂၉ ဦး သတ်မှတ်ထားရာမှာ သတင်း မီဒီယာသမားများအတွက် ၁၄ ဦးဖြစ်ပါတယ်။ သတင်း မီဒီယာအဖွဲ့အစည်း လေးခုမှ တစ်ဦးစီ လေးဦး၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ နှစ်ဦးဖြစ်ရာ အဲဒီခြောက်ဦးဟာ မိုးကျရွှေကိုယ်တွေ ဖြစ်ပြီး သတင်းမီဒီယာ နည်းဥပဒေမှာ မပါဘဲ လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်ထားမှုအပေါ် သတင်းမီဒီ ယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေး အဖွဲ့ကို ရွေးချယ်ရေးအဖွဲ့မှာပါတဲ့ ဥပဒေ ပညာရှင်က ဆွေးနွေး ကန့်ကွက်တဲ့အတွက် သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့အနေနဲ့ ဥပဒေမှာ မပါဝင်တဲ့ လုပ်ရပ်အပေါ် ဆက်လက် မလုပ်ဆောင်နိုင်လို့  ပြန်ကြားရေးဝန်ကြီးဌာနကို ခွင့်ပြုမိန့်ချပေးရန် စာတင်ရပါတယ်။
ပထမတစ်ကြိမ်မှာ ပြန်ကြားရေး ဝန်ကြီးဌာနက ငြင်းဆိုခဲ့ပေမယ့် ဒုတိယတစ်ကြိမ်မှာ ဦးတင့်ဆွေကိုယ်တိုင် လက်မှတ်ရေးထိုးပြီး သဘောတူညီပေးခဲ့တာကို ကြည့်ရင် ရွေးချယ်ရေးအဖွဲ့တွေအနေနဲ့ လွတ်လွတ်လပ်လပ် မ ဆောင်ရွက်နိုင်တာ ထင်ရှားပါတယ်။
ယာယီစာနယ်ဇင်းကောင်စီ ပုဂ္ဂိုလ်တွေက အမြဲတမ်းကောင်စီဖွဲ့ဖို့ လောနေပြီး ပြန်ကြားရေးဝန်ကြီးဌာနကို အကြိမ်ကြိမ် ဖိအားပေးနေတာကိုလည်း တွေ့နေရပါတယ်။ နည်းဥပဒေ ပြန်မကျလာရင် ကိုယ့်သဘောနဲ့ ကိုယ် လုပ်မယ်ဆိုပြီး ပြောလာတာတွေလည်း တွေ့လာရပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနကို ကြည့်ရတာကလည်း နည်းဥပဒေမှာ မပါတဲ့ အကြောင်းအရာကို ဖြည့်ထည့်ရမှာဆိုတော့ လက်တွန့်နေပုံရပါတယ်။
နောက်ဆုံး ဦးတင့်ဆွေ ကိုယ်တိုင် ဘယ်လိုသဘောနဲ့ လက်မှတ်ထိုးပေးလိုက်လဲ မသိရပေမယ့် အဲဒီလို လက်မှတ်ထိုးပြီးတဲ့အခါမှ ရွေးချယ်ပွဲကို အထွေထွေရွေးကောက်ပွဲကြီး မတိုင်ခင်လုပ်ဖို့ ဖြစ်သွားတာပါ။ ဒီကိစ္စကို ကြည့်ရင် ပြန်ကြားရေးက ဝင်ရောက်စွက်ဖက်မှုမပါဘဲ ရွေးချယ်ရေးကော်မရှင်က ဘာမှမလုပ်နိုင်တာ ထင်ရှားပါတယ်။ ဒါတွေကို ပြန်စဉ်းစားရင် ဦးတင့်ဆွေရော၊ စာဖတ်သူတွေပါ အခြေအနေမှန်ကို သိလောက်ပါပြီ။
ဦးတင့်ဆွေပြီးရင် ထပ်ပြောရမယ့်သူက ကိုဇော်သက်ထွေးပါပဲ။ ကျွန်တော်နဲ့ အချိန်အတော်ကြာ တွဲလုပ်ခဲ့တဲ့သူ တစ်ယောက်အနေနဲ့ အခုလိုတွေ ပြောလာပြီဆိုတော့လည်း ကျွန်တော့်အနေနဲ့ အားလုံးသိသင့်တဲ့ အမှန်တွေကို ပြောရတော့မှာပေါ့။
(၂)
ကိုဇော်သက်ထွေး ခင်ဗျာ -
ကိုဇော်သက်ထွေးကလည်း ကျွန်တော်နဲ့ အကြာကြီးတွဲပြီး အလုပ်အတူတူလုပ်ခဲ့သူပါ။ CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ ဆိုရင် ပိုပြီးတော့ ကြာမယ်ထင်ပါတယ်။ အကြောင်းသိတွေပဲဗျာ။ ပြောစရာတွေကို အားမနာစ တမ်းပြောရပါစေ။
ကိုဇော်သက်ထွေး အနေနဲ့ ကိုတင့်ဆွေနဲ့ အတူ စံတော်ချိန်သတင်းစာရဲ့မေးမြန်းမှုအပေါ် ဖြေကြားရာမှာ လွဲချော်နေပါတယ်။
“သတင်းမီဒီယာ ဥပဒေနဲ့ နည်းဥပဒေ ရေးဆွဲတုန်းက သတင်း မီဒီယာသမား အကုန်လုံးကို ဖိတ်ခဲ့ပါတယ်။ ဘာတွေပါသင့်တယ်။ အနာဂတ် သတင်းမီဒီယာကောင်စီမှာ ဘယ်လိုလူမျိုးတွေ ဘယ်လိုပါပြီး ဘယ်လိုရွေးချယ် မလဲ၊ အကြံဉာဏ်တွေ တောင်းခံခဲ့တယ်။ ကန့်ကွက်တဲ့ အဖွဲ့အစည်းတွေက သေချာ တက်ရောက်ပြီးတော့ ဆွေးနွေး အကြံပေးတာ မရှိဘူး။ အားလုံးအတွက် တစ်ခုခုလှုပ်ရှားမှု လုပ်ပြီးမှသာ ကန့်ကွက်ကြတာကို တွေ့ရ တယ်” လို့   ပြောထားတာက လွဲချော်နေပါတယ်။
တကယ်တော့ စာနယ်ဇင်းကောင်စီဝင် အားလုံးကို ကျွန်တော်မေးလ်ပို့ပြီး နှစ်ကြိမ် ကန့်ကွက်ခဲ့သလို အစည်းအဝေးတွေမှာလည်း နှစ်ကြိမ်မက ကန့်ကွက်ခဲ့တာ ကိုဇော်သက်ထွေးအနေနဲ့  မသိချင်ယောင်ဆောင်နေလို့  မသိလိုက်တာပဲ ဖြစ်မှာပါ။
ပြီးတော့ ခင်ဗျားက ထပ်ပြောထားသေးတယ်။ “ဒီလိုမျိုး ကန့်ကွက်တဲ့အတွက် လုပ်ရမယ့် လုပ်ငန်းစဉ်တွေ အားလုံး ပြုပြင်ပြောင်းလဲ သွားလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ မထင်ဘူး” တဲ့။ ဒီစကားက ဘာကိုဆိုလိုတာလဲ။
တစ်လျှောက်လုံး အဲဒီလိုတွေ ကန့်ကွက်ခဲ့လို့ပဲ အခုအခြေအနေအထိအောင် ပြောင်းလဲခဲ့ရတာပါ။ အမှန်ဆိုရင် စာနယ်ဇင်း ကောင်စီဝင်ကို လက်သင့်ရာ စားတော်ခေါ်ပြီး ဝိုင်းကြီးချုပ်စနစ်နဲ့ လုပ်ချင်တာကို မနည်းတိုက် ပြီးယူခဲ့ရတာပါ။ အခုလည်း ခင်ဗျားတို့က လက်သင့်ရာတွေနဲ့ ဝိုင်းကြီးချုပ် လုပ်ချင်တဲ့ ပုံစံဖြစ်နေပြန်တာလား။
ကောင်စီဝင် အရည်အချင်း သတ်မှတ်ချက်မပြင်ခင် အရင်အခြေအနေက ဒီထက် အများကြီးပိုဆိုးပါတယ်။ ကောင်စီဝင် အသက်ကို  ၃၅ နှစ် လုပ်ထားလို့ အကြိမ်ကြိမ် ကန့်ကွက်ခဲ့ပေမယ့် တစ်ယောက်နဲ့အများ ဖြစ်နေလို့ မအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ ကောင်စီဝင် ရွေးချယ်ရေး ကော်မရှင်ဖွဲ့ပြီးတဲ့အခါ ကျွန်တော်နဲ့ ကော်မရှင်အဖွဲ့ဝင် အချို့ ဝိုင်းကန့်ကွက်ကြလို့ အသက် ကန့်သတ်ချက်တွေ ပြေလျော့သွားခဲ့ရတာပါ။
စာနယ်ဇင်းကောင်စီ ရွေးချယ်ရေးအဖွဲ့ ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အထွေထွေ အတွင်းရေးမှူး ဒေါ်သီတာတင်ကို ကိုဇော်သက်ထွေးက မေးခဲ့တာ မှတ်မိမယ်ထင်ပါတယ်။
“နိုဝင်ဘာမှာဆိုရင် အထွေထွေရွေးကောက်ပွဲနဲ့ တိုက်နေမလား” လို့ မေးခဲ့တာပါ။ နိုင်ငံရေးခံယူချက်နဲ့ မေးခဲ့တယ် ဆိုရင်တော့ မေးသင့်တဲ့ မေးခွန်းပါပဲ။ ဒီမေးခွန်းထဲကလိုပဲ အထွေထွေရွေးကောက်ပွဲနဲ့ စာနယ်ဇင်းကောင် စီအသစ်ဖွဲ့ဖို့ လုပ်မယ့် ရွေးကောက်ပွဲ နီးသင့်၊ မသင့်ဆိုတာ ခင်ဗျားသိပါတယ်။
အဲဒီအကြောင်းကို ဆွေးနွေးကြည့်ရအောင်ပါ။ ကျွန်တော်တို့ EMG အနေနဲ့ အထွေထွေ ရွေးကောက်ပွဲကြီးပြီးမှ စာနယ်ဇင်းကောင်စီ ရွေးကောက်ပွဲလုပ်ဖို့ ရေးသားခဲ့သလို ကျွန်တော်ကိုယ်တိုင်လည်း ကောင်စီဝင်များကို လူကိုယ်တိုင်ရော အီးမေးလ်က တစ်ဆင့်ပါ အသိပေးခဲ့ပါတယ်။
အဓိပ္ပာယ်ကတော့ အရေးကြီးတဲ့ အထွေထွေ ရွေးကောက်ပွဲ နားနီးမှ အလျင်စလိုလုပ်ပြီး လက်သင့်ရာတွေနဲ့ ဝိုင်းကြီးချုပ် လုပ်ပြီးပေါ်လာမယ့် စာနယ်ဇင်းကောင်စီကို အယုံအကြည်မရှိလို့ပါပဲ။
တကယ်လို့ အဲဒီလို လက်သင့်ရာတွေ ဝိုင်းကြီးချုပ်ကောင်စီ ပေါ်လာခဲ့ရင် ခင်ဗျားတို့ ရွေးကောက်ပွဲ ပြီးတဲ့နောက်မှာ တစ်ခုခု လုပ်တာပဲဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်ကို သိက္ခာချပြီး စာနယ်ဇင်းကောင်စီဝင် တချို့က တစ်ဆင့် အောက်လုံးတွေနဲ့ ရွေးကောက်ပွဲကို ဖျက်ပစ်လို့ရတယ်ဆိုတာကို ကျွန်တော်ရော၊ ကျွန်တော့် မိတ်ဆွေတွေမှာပါ ထင်မြင်စရာ အကြောင်းတွေ ရှိနေလို့ပါပဲ။
ဆိုလိုတာက တစ်စုံတစ်ယောက်ကို လုပ်ကြံမယ်။ လုပ်ကြံမှုတွေ ဖြစ်မယ်။ ပြီးရင် မမှန်သတင်းတွေဖြန့်ပြီး ဝါဒဖြန့် သူတွေက ဖြန့်မယ်။ ဒီအချိန်မှာ စာနယ်ဇင်းကောင်စီဝင် တချို့ကပါ ဝါဒဖြန့်သူတွေနဲ့ အလိုတူ အလိုပါ လုပ်ပြီး မမှန်သတင်းတွေကို သတင်းစကား လက်ဆင့်ကမ်းမယ်။
နောက်ပြီး အကယ်၍ ရွေးကောက်ပွဲ ရလဒ်က တရားမျှတမှု မဖြစ်ခဲ့ဘူး။ ဒီအချိန်မှာ အလျင်စလို လက်သင့်ရာတွေနဲ့ ဖွဲ့ထားတဲ့ ဝိုင်းကြီးချုပ်စာနယ်ဇင်း ကောင်စီကို အသုံးချပြီး ရွေးကောက်ပွဲကြီး တရားမျှတပါတယ် ထအော်လာရင် ဘယ်လိုလုပ်ကြမလဲ။ ဘာကြောင့်လဲဆိုရင် စာနယ်ဇင်းကောင်စီက ပြောပိုင်ခွင့် အခွင့်အရေးရထားပြီလေ။ ဒီတော့ ကျွန်တော်တို့လည်း အဆိုးဆုံး ဖြစ်နိုင်ခြေတွေကိုပါ ထည့်စဉ်းစားထားရတာပေါ့။
ဒါကြောင့် ဒီလိုတွေ မဖြစ်အောင် စာနယ်ဇင်းကောင်စီကို အလောတကြီး မဖွဲ့သင့်သေးဘူး ရွေးကောက်ပွဲပြီးမှ လုပ်သင့်တယ်လို့ ကျွန်တော်တို့ ပြောနေရတာပါ။
မမှန်သတင်းလွှင့်တဲ့ ဝါဒဖြန့်ချိရေး သမားတွေအတိုင်း ခင်ဗျားအပါအဝင် စာနယ်ဇင်းကောင်စီဝင်တချို့ လုပ်တတ်တာကိုလည်း ဥပမာအနေနဲ့ ကျွန်တော်ပြောပြစရာ ရှိပါသေးတယ်။ အဲဒါက EMG, CEO ဒေါက်တာ သန်းထွဋ်အောင် တိုက်ခိုက် လုပ်ကြံခံရတဲ့ ကိစ္စမှာ ဘယ်သူတွေ၊ ဘာလုပ်ခဲ့လဲ ဆိုတာပါ။
ကျွန်တော်တို့က တစ်ခုခုဆိုရင် EMG ကိစ္စကို ထည့်ပြီးပြောနေတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ကိုယ်တိုင် ကြုံ တွေ့ ခံစားခဲ့ရလို့ ပြောတာပါ။ ကိုယ်တိုင် ကြုံတွေ့ခံစားရတာက သူတစ်ပါး ကြုံတွေ့ခံစားရတာကို ပြောခြင်း ထက် လက်တွေ့ကျပါတယ်။

EMG CEO စီးနင်းလာသောကားအား ပစ်ခတ်ခံရမှုနှင့် ထိုသို့ပစ်ခတ်ရာတွင် အသုံးပြုခဲ့သော ကုန်းသီးများ
(၃)
CEO ဒေါက်တာ သန်းထွဋ်အောင် တိုက်ခိုက် လုပ်ကြံခံရပြီး အသက်ဘေးက လွတ်မြောက်ခဲ့ရတဲ့ ဖြစ်စဉ်မှာ  သတင်းမှား ထုတ်လွှင့်ပြီး အပုပ်ချ ဝါဒဖြန့်ချိရေး လုပ်ခဲ့သူတွေထဲမှာ စာနယ်ဇင်းကောင်စီဝင် တချို့ပါဝင် ပတ်သက်ခဲ့တယ်လို့ ကျွန်တော်က စွပ်စွဲပြောဆိုချင်ပါတယ်။ မဟုတ်ဘူးဆိုရင် တစ်ဦးချင်းအလိုက် မဟုတ်ကြောင်း ထွက်ရှင်းလို့ ရပါတယ်။ ကျွန်တော်တို့မှာ အထောက်အထားတွေ ရှိပါတယ်။
တကယ်လို့ ကျွန်တော် ပြောတာတွေမှားရင် ကျွန်တော့်ကို တရားစွဲလို့ရပါတယ်။ ကျွန်တော်တို့ကတော့ CEO တိုက်ခိုက်ခံရမှုရဲ့ နောက်ကွယ်မှာ ရှိနေတဲ့သူ မည်သူ့ကိုမဆို ဖော်ထုတ်သွားမှာပါပဲ။
ဒီနေရာမှာ ကျွန်တော်နှစ်ပိုင်းခွဲပြီး ပြောချင်ပါတယ်။ ပထမတစ်ပိုင်းက စာနယ်ဇင်း ကောင်စီဝင်တချို့နဲ့ မီဒီယာသမား တချို့ရဲ့ လုပ်ကြံဇာတ်လမ်းဖြန့်မှုကိစ္စပါ။ နောက်တစ်ပိုင်းက ဝါဒဖြန့်ချိသူတွေက ဘယ်လိုတွေ လုပ်ခဲ့သလဲဆိုတာကို ပြောပါမယ်။
CEO ဒေါက်တာ သန်းထွဋ်အောင်က ဇူလိုင် ၁၄ ရက်မှာ တိုက်ခိုက်ခံရတယ်။ နောက်တစ်နေ့ မနက်မှာ တိုက်ခိုက်မှုမှာ ပါဝင်သူတွေထဲက နှစ်ဦးကို ဖမ်းမိတယ်။ ဒီအချိန်အထိ ရဲတပ်ဖွဲ့က သူတို့ရဲ့ လုပ်ထုံးလုပ်နည်း အတိုင်း လုပ်ခဲ့တာပါပဲ။ ဇူလိုင် ၁၅ ရက်နေ့ မနက်မှာ ပြည်ထဲရေးဝန်ကြီးက သမ္မတဆီ သွားခဲ့တယ်လို့ သိရတယ်။ သမ္မတရုံးကလည်း ဒီအမှုကို စိတ်ဝင်စားတယ်ဆိုတဲ့ သတင်းစကား ထွက်လာတယ်။ ဇူလိုင် ၁၆ ရက်ထုတ် 7 Day သတင်းစာမှာလည်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက “မိတဲ့လူလည်း ဖမ်းမိထားပြီဆိုတော့ အဓိကကတော့ ဥပဒေအတိုင်း ဖြစ်စေရပါမယ်” လို့ ပြောခဲ့တာရှိပါတယ်။
ဇူလိုင် ၁၅ ရက်မှာ ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်မှုတွေ တုံ့နှေးသွားတယ်။ အဲဒီအချိန်မှာ CEO တိုက်ခိုက်ခံရမှု ဖြစ်စဉ်ကို ပေါ့ပျက်အောင် ပုံမှားရိုက် ဝါဒဖြန့်ချိတာတွေ လုပ်လာတယ်။ KTV ကိစ္စ အရှုပ်အရှင်းကြောင့် တိုက်ခိုက်ခံရတယ်ပေါ့။ ဒါကို Myanmar Express တို့၊ Oppositeyes တို့လို့  အာဏာရှင်ဝါဒ ဖြန့်ချိရေးသမားတွေက Facebook မှာ ပြောခဲ့တာပါ။
တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ သိလိုက်ရတာက စာနယ်ဇင်းကောင်စီဝင် တချိုနဲ့ မီဒီယာသမားတချို့လည်း အာဏာရှင်ဝါဒ ဖြန့်ချိရေးသမားတွေ ပြောတဲ့အတိုင်း အပြင်မှာ သတင်းဖြန့်ခဲ့တာပါပဲ။ သူတို့အနေနဲ့ သက်ဆိုင်ရာ ရဲစခန်းကို အမှုကိစ္စအတွက် ဆက်သွယ်၊ အထောက်အထား ခိုင်ခိုင်မာမာရမှ ပြောသင့်ပါလျက်နဲ့ ဒီလိုမလုပ်ပဲ အပုပ်ချ သတင်းမှားကို ဖြန့်ခဲ့တာပါ။ ပိုပြီး တိုက်ဆိုင်တာက အာဏာရှင်ဝါဒ ဖြန့်ချိရေးသမားတွေထက်ကို စောပြီး ဒီသတင်းကို သူတို့ဖြန့်ခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ ဒီအပုပ်ချသတင်းကို စာနယ်ဇင်းကောင်စီဝင် တချို့နဲ့ မီဒီယာသမား တချို့ဆီကနေ အာဏာရှင် ဝါဒဖြန့်ချိရေးသမားတွေ ရခဲ့တာလား၊ ဒါမှမဟုတ် အာဏာရှင် ဝါဒဖြန့်ချိရေးသမားတွေ ခိုင်းတဲ့အတိုင်း စာနယ်ဇင်းကောင်စီဝင်တချို့နဲ့ မီဒီယာသမားတချို့ လုပ်ခဲ့သလားဆိုတာ ကျွန်တော်တို့အတွက် တွေးစရာ ဖြစ်ခဲ့ပါတယ်။
ဘာလို့လဲဆိုရင် စာနယ်ဇင်းကောင်စီဝင်တချို့ ဘယ်သူတွေဆီက သတင်းရခဲ့တာလဲ၊ စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ကိုကျော်မင်းဆွေရဲ့ သမ္မတရုံးနဲ့ ပတ်သက်မှုကို ကျွန်တော်တို့ သိချင်ပါတယ်။ တိုက်ဆိုင်နေတာက သမ္မတရုံးက ဒီသတင်းကို စိတ်ဝင်စားတယ်ဆိုတဲ့ နောက်ပိုင်းမှာ ဒီလို သတင်းတွေ ထွက်လာခဲ့တာလေ။
နောက်ပြီး ဒီကိစ္စဖြစ်ပြီးတော့ PEN Myanmar က ဦးမျိုးမြင့်ငြိမ်း၊ NLD အမတ် ဦးဖြိုးမင်းသိန်းနဲ့ စာနယ်ဇင်းကောင်စီ ယာယီအဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါက်တာဖေမြင့်တို့၊ ကိုမြင့်ကျော်တို့ တွေ့ဆုံဆွေးနွေးမှုမှာ ဘယ် သူတွေ ဘာပြောခဲ့လဲဆိုတာလည်း ကျွန်တော်တို့ သိထားပါသေးတယ်။ အဲဒီ တွေ့ဆုံဆွေးနွေးမှုမှာ ဒေါက်တာသန်းထွဋ်အောင်နဲ့ ပတ်သက်ပြီး သတင်းတွေထွက်နေတယ်။ စောင့်ကြည့်ရဦးမယ်လို့ ပြောခဲ့တယ်ဆိုတာ ဒေါက်တာဖေမြင့် မှတ်မိမှာပါ။
ဒီမတိုင်ခင် ဇူလိုင် ၁၄ ရက်မှာ CEO ဒေါက်တာ သန်းထွဋ်အောင် တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး PEN Myanmar က ကြေညာချက် ထုတ်ခဲ့ပါတယ်။
ဘာအထောက်အထားမှ မရှိဘဲ အပုပ်ချ သတင်းတွေကို အမှန်လုပ်ပြီး ပြောခဲ့တာဟာ သူတို့ကို သတင်းပေးတဲ့ သူက ယုံကြည်ရတဲ့သူဖြစ်လို့ နေပါလိမ့်မယ်။ မမှန်သတင်း ပေးခဲ့သူတွေဟာ စာနယ်ဇင်းကောင်စီ ယာယီ အဖွဲ့ဝင်တွေ ကိုယ်တိုင်ပဲလား၊ အာဏာပိုင် အဖွဲ့ထဲက သူတွေပဲလားဆိုတာ ပေးတဲ့သူတွေ ကိုယ်တိုင် အသိဆုံးပဲဖြစ်မှာပါ။
ဒါတွေက CEO ဒေါက်တာ သန်းထွဋ်အောင် တိုက်ခိုက်ခံရတဲ့ ကိစ္စမှာ အာဏာရှင် ဝါဒဖြန့်ချိရေးသမားတွေ၊ စာနယ်ဇင်း ကောင်စီအဖွဲ့ဝင်တချို့နဲ့ မီဒီယာသမားတချို့ ဘာတွေပြောခဲ့သလဲ ဆိုတာ အကြမ်းဖျင်း ပြောပြ တာပါ။ လိုအပ်ရင် အသေးစိတ် ထပ်ရေးပါမယ်။
အခု ဒုတိယတစ်ပိုင်းကို ဆက်ပြောပါမယ်။ အဲဒါက ကိုဇော်သက်ထွေးနဲ့ ခင်ဗျားရဲ့ အပေါင်းအသင်းတွေ CEO တိုက်ခိုက်ခံရမှု နောက်မှာ ဘယ်လိုတွေ လုပ်ခဲ့သလဲ ဆိုတာကို ပြောပါမယ်။
(၅)
ကိုဇော်သက်ထွေးနဲ့ ပတ်သက်ရင်တော့ ပြောစရာတွေ အများကြီးပါပဲ။ (ကိုယ်ရေး ကိုယ်တာဆန်တဲ့ ကိစ္စတွေကို နောက်မှ ဆက်ရေးပါဦးမယ်) အခုတော့ ကိုယ်တိုင် အကွက်ဆင်ခံရပြီး အရေးယူ ထောင်ချခံရသူ တစ်ဦးက ကိုယ်ခံရတာကို နောင်တမရဘဲ အာဏာရှင် ဝါဒဖြန့်ချိသူတွေထဲမှာ ထဲထဲဝင်ဝင် အားတက်သရော လုပ်ခဲ့တာကို ပြောပြချင်ပါတယ်။
ဇူလိုင် ၁၄ ရက်မှာ CEO ကို တိုက်ခိုက်ခံရတယ်။  KTV အပုပ်ချ ဇာတ်လမ်း ထွက်လာတယ်။ နောက်ပြီး သစ်ကိစ္စနဲ့ ပတ်သက်ပြီး မဟုတ်မှန်တဲ့ အပုပ်ချ ဇာတ်လမ်းတွေနဲ့ လုပ်ကြံဖို့ ကြိုးစားခဲ့ကြတာတွေ ရှိပါတယ်။ အဲဒီ ဖြစ်စဉ်တွေမှာ ခင်ဗျားလည်း ပါဝင်ပတ်သက်နေတာပါပဲ။
ပထမတစ်ခုက KTV အပုပ်ချ ဇာတ်လမ်းဖြစ်ပါတယ်။ CEO တိုက်ခိုက်ခံရတဲ့ ဇူလိုင် ၁၅ ရက်အပြီး ဇူလိုင် ၁၆ ရက် နေ့လယ်ပိုင်းမှာ ခင်ဗျားနဲ့ အရမ်းတွဲတဲ့ ငှက်ပျောကြော်က ဒါရိုက်တာ မီးပွားဆီ ဖုန်းဆက်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့တော့ ပြဿနာဖြစ်ပြီ။ ဖမ်းထားတဲ့ လူနှစ်ယောက်က ထွက်ချက်ပေးလိုက်ပြီလို့ နေပြည်တော်က ကျွန်တော့် မိတ်ဆွေတွေ လှမ်းဖုန်းဆက်ပြောတယ်။ ခင်ဗျားရယ်၊ ကျွန်တော်ရယ်၊ ကိုသန်းထွဋ်အောင်ရယ်၊ မာဆတ် အတူသွားကြတာ။ အဲဒီက ကိုသန်းထွဋ်အောင် ဝင်တဲ့ ကောင်မလေးရဲ့ ဘဲက မကျေနပ်လို့ လုပ်လိုက်တာလို့ ထွက်ဆိုလိုက်တာတဲ့” ဆိုပြီး ပြောတယ်လို့ ကိုမီးပွားက ပြန်ပြောပြတယ်။
ဒါပေမဲ့ ကိုမီးပွားက အဲဒီအကြောင်းတွေကို သူမသိကြောင်း၊ မပါဝင်ကြောင်း ငှက်ပျောကြော်ကို ပြောပြခဲ့ကြောင်းကိုလည်း ကျွန် တော့်ကို ပြောခဲ့ပါတယ်။
ဒါနဲ့ ကျွန်တော်ရယ်၊ ကိုမီးပွားရယ်၊ မန္တလေးက ကိုသိန်းသန်းဦးရယ်၊ ဒေါက်တာသန်းထွဋ်အောင်ရယ် နေ့လယ်စာ ထမင်းစားချိန်မှာ ကိုမီးပွားကတစ်ဆင့် ငှက်ပျောကြော်ကို ဖုန်းဆက်မေးတဲ့အခါ ငှက်ပျောကြော်က ဟိုလိုလို ဒီလိုလို ဝေ့လည်ကြောင်ပတ် ဖြေနေတဲ့အတွက် ဒေါက်တာသန်းထွဋ်အောင် ကိုယ်တိုင် “ခင်ဗျား မဟုတ်တာတွေ လာမပြောနဲ့၊ ခင်ဗျားကို နေပြည်တော်က ဘယ်သူပြောတာလဲ။ ခင်ဗျား နောက်ကွယ်က ဘယ်သူတွေလဲ ဆိုပြီး မေးလိုက်တဲ့အခါ ငှက်ပျောကြော်က “နေပြည်တော်က ဘယ်သူဆိုတာ မပြောနိုင်ဘူး” ဆိုပြီး ဖုန်းချသွားပါတယ်။
ဒီတော့ ရဲတပ်ဖွဲ့က အမှုမှန်ပေါ်ဖို့ စစ်ဆေးမယ်ဆိုရင် အဓိက စစ်ဆေးရမယ့် သူတွေထဲမှာ ကိုငှက်ပျောကြော်ကိုလည်း ထည့်ရမှာပေါ့။
ကျွန်တော်တို့ စွပ်စွဲပြောဆိုတာ မဟုတ်ဘူး။ အမှန်တွေ ပြောနေတာပါ။ ဒီတိုက်ခိုက်မှု၊ အပုပ်ချသတင်း ဝါဒဖြန့်ချိမှုနောက်မှာ ခင်ဗျားနဲ့ ငှက်ပျောကြော်တင်မကဘူး။ ကိုမာဂျေလည်း ပါဝင်ပတ်သက်နေတယ်။ ဘာဖြစ်လို့ လဲဆိုရင် ခင်ဗျားတို့ရဲ့ Tomorrow ဂျာနယ်မှာ ကိုမာဂျေရေးခဲ့တဲ့ ဆောင်းပါးတွေမှာ ဒီအပုပ်ချသတင်းတွေကို  ဟုတ်သလိုလို ပုံစံနဲ့ စောင်းချိတ်ရေးခဲ့တာတွေ အများကြီးရှိတယ်။ သူ့ ဆောင်းပါးတွေက သက်သေပါပဲ။
ဘာဖြစ်လို့ မတရား တိုက်ခိုက် လုပ်ကြံခံရသူဘက်ကနေ ကိုယ်ချင်းမစာပဲ ခင်ဗျားရယ် ငှက်ပျောကြော်ရယ်၊ ကိုမာဂျေရယ်၊ စာနယ်ဇင်းကောင်စီဝင် အချို့က မဟုတ်တာတွေ ပြောဆို ရေးသားနေရတာလဲ။ သူတို့ဘက်က အချက်အလက် ခိုင်မာတယ်ဆိုရင် ပွင့်ပွင့်လင်းလင်း နာမည်တပ်ရေးပြီး ရေးလို့ ရပါတယ်။ ကိုမာဂျေလည်း ရေးလည်းရေးချင်၊ ကြောက်လည်း ကြောက်ပြီး ဝေ့လည်ကြောင်ပတ် ရေးနေစရာ မလိုပါဘူး။ ပွင့်ပွင့်လင်း လင်းပဲရေးပါ။ မှားရင်တော့ တရားစွဲခံရမှာပေါ့။
(၆)
နောက်တစ်ခုက သစ်ကိစ္စကို မမှန် သတင်းလွှင့်တဲ့ အကြောင်းအရာတွေပါ။ (ဒီလို သတင်းလွှင့်သူတွေထဲမှာ ဂန့်ဂေါမြို့နယ် လွှတ်တော်အမတ် ဦးလှဆွေလည်း ပါတယ်။ သူ့ကိုလည်း မမှန်သတင်းပြောတဲ့အတွက် တရားစွဲဖို့ တင်ထားတာ တရားရုံးက လက်ခံလိုက်ပါပြီ။) ဒါကလည်း CEO တိုက်ခိုက်ခံရချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ခင်ဗျားဘက်က လှုပ်ရှားလာတာတွေ ရှိနေတယ်။
CEO တိုက်ခိုက်ခံရတာက ဇူလိုင် ၁၄ ရက်နေ့၊ ဇူလိုင် ၁၅ ရက်မှာ ရဲတပ်ဖွဲ့လုပ်ဆောင်မှုတွေ တုံ့နှေးသွားတယ်။  အပုပ်ချ သတင်းတွေ ထွက်လာတယ်။ ဒီအပုပ်ချမှုနောက်မှာ အာဏာရှင် ဝါဒဖြန့်ချိသူတွေနဲ့အတူ ခင်ဗျားနဲ့ အနေနီးစပ်တဲ့ ငှက်ပျောကြော်တို့၊ ကိုမာဂျေတို့ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တစ်ချို့နဲ့ မီဒီယာသမားတချို့ ပါလာတယ်။ ခင်ဗျားနဲ့ နီးစပ်သူတွေ အပုပ်ချသတင်းတွေကို ခိုင်မာအောင်လုပ်ဖို့ အပူတပြင်း စုံစမ်းမှုတွေ လုပ်တယ်။
ဇူလိုင် ၁၇ ရက်မှာ မွန်းလွဲပိုင်းမှာ ဂန့်ဂေါခရိုင် NLD ရုံးက ကိုမြင့်ဇော် (အခု ဂန့်ဂေါမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း) ဆီကို ခင်ဗျား ဖုန်းဆက်ခဲ့တယ်။ ဒေါက်တာ သန်းထွဋ်အောင် သစ်ခိုး ထုတ်တယ်လို့ ဘူးလက်ကြီး စွပ်စွဲနေကြောင်း၊ အဲဒီလို သစ်ခိုးထုတ်ခဲ့ခြင်း ရှိ၊ မရှိ ကိုမြင့်ဇော် ကို ခင်ဗျားမေးခဲ့တယ်။
ကိုမြင့်ဇော်က ကိုသန်းထွဋ်အောင် နာမည်နဲ့ ဂန့်ဂေါမှာ သစ်ခုတ်ခဲ့တာမရှိဘူး။ သူများခုတ်ပြီးသား သစ်ကိုပဲ ဝယ်ပြီး Export လုပ်ခဲ့ကြောင်း ပြန်ဖြေခဲ့တယ်။ အဲဒီအချိန်မှာ ကိုမြင့်ဇော်က ဖုန်းကို စပီကာဖွင့်ပြီး ပြောနေတာ။ သူပြောနေတဲ့အချိန်မှာ သူနဲ့အတူ ကျွန်တော်တို့ဆီက အယ်ဒီတာ ကိုစိုးထက်ခိုင်လည်း ရှိနေတယ်လေ။
ကိုစိုးထက်ခိုင်ဆိုတာ Forever အားကစားဂျာနယ်မှာ ခင်ဗျား အယ်ဒီတာချုပ် လုပ်တုန်းက တာဝန်ခံ အယ်ဒီတာ လုပ်ခဲ့သူ မဟုတ်လား။ နောက်ပြီး ကိုမြင့်ဇော်ကို ခင်ဗျားပြောတဲ့ စကားတွေကို မြို့နယ် NLD ဥက္ကဋ္ဌ ဒေါ်ခင်နွဲ့ရီ၊ အဖွဲ့ဝင် ဦးမြင့်ဦး၊ ဦးခင်မောင်မြင့်၊ ကိုကျော်ကျော်လွင်၊ ကလေးမြို့ သတင်းထောက် ကိုအောင်သူထွန်းနဲ့ ပခုက္ကူ သတင်းထောက် ကိုသက်ထိန်ဝင်းတို့လည်း ကြားခဲ့ပါတယ်။  ခင်ဗျားရဲ့ အဲဒီလုပ်ရပ်က ဒေါက်တာ သန်းထွဋ်အောင်ကို အပုပ်ချဝါဒ ဖြန့်ချိရေးမှာ ခင်ဗျားကိုယ်တိုင် ထဲထဲဝင်ဝင် လုပ်ခဲ့တယ်ဆိုတာ ထင်ရှားနေတယ်။
ဒီလိုသတ်ဖြတ်ရန် လုပ်ကြံခံရပြီး နှစ်ရက် သုံးရက်အကြာမှာ ဒေါက်တာသန်းထွဋ်အောင် သစ်ခိုးထုတ်တာ ဟုတ်သလားဆိုတာကို ခင်ဗျားက ဘာမေးစရာ အကြောင်းရှိလို့လဲ။ ဒီမတိုင်ခင်ကလည်း ဒေါက်တာသန်းထွဋ် အောင် အရင်က သစ်ထုတ်တာနဲ့ ပတ်သက်ပြီး SB နဲ့ စရဖက ဆိပ်ဖြူ၊ ပခုက္ကူ၊ ဂန့်ဂေါ၊ မုံရွာမှာ ရှိတဲ့သူတွေကို ပိုက်စိပ်တိုက် စုံစမ်းမေးမြန်းတာတွေ လုပ်ခဲ့ဖူးသေးတယ်။ ပြောရရင်တော့ ကိုမာဂျေကလည်း ဒေါက်တာ သန်းထွဋ်အောင် သစ်ခိုးထုတ်တယ်လို့ အထင်ရောက်စေအောင် စောင်းချိတ်ရေးတဲ့ ဆောင်းပါးတွေကို ခင်ဗျားတို့ Tomorrow ဂျာနယ်မှာ KTV ကိစ္စ အပုပ်ချ ဇာတ်လမ်း ပေါ်နေချိန်မှာပဲ  ရေးခဲ့တယ်။
ဘာပဲဖြစ်ဖြစ် CEO ဒေါက်တာသန်းထွဋ်အောင် တိုက်ခိုက်ခံရမှုကို ပုံပျက်စေချင်တဲ့ အပုပ်ချသတင်းတွေ ဘယ်သူတွေဆီက ရသလဲဆိုတာ အပုပ်ချ သတင်းကို အမှန်လုပ် လွှင့်ခဲ့သူတိုင်း ဖြေရလိမ့်မယ်။ ရဲကလည်း ခင်ဗျားတို့ကို စစ်ရလိမ့်မယ်။ ဒီအစိုးရ လက်ထက်မဟုတ်ရင် နောက်အစိုးရ လက်ထက်ကျ စစ်ရမှာပါပဲ။ ဘာကြောင့်လဲ ဆိုရင် ဒီသတင်းတွေရဲ့ရင်းမြစ်က တိုက်ခိုက်မှုနဲ့ ဆက်စပ်နေတယ်။
အဲဒီအချိန်ကျမှ အပုပ်ချသတင်းတွေကို Facebook က ရတယ်လို့ ပြောလို့မရဘူး။ Facebook ပေါ်တင်ရင်တောင် အကြောင်းအချက် ခိုင်မာမှတင်လို့ရပါတယ်။ သတင်းသမားတွေ ဖြစ်တဲ့အတွက် အကြောင်းအချက် မခိုင်မာဘဲ သွားပုပ်လေလွင့် အပုပ်ချပြောတယ်ဆိုရင် အဲဒါရည်ရွယ်ချက်ရှိရှိ လုပ်တာပဲ ဖြစ်ပါတယ်။
 တကယ်တော့ စာနယ်ဇင်းကောင်စီဝင်ဆိုတာ ကျင့်ဝတ်၊ ဂုဏ်သိက္ခာ၊ ပညာ ဒီလိုအရာတွေနဲ့ ပတ်သက်ရင် ထိပ်ဆုံးရှိတဲ့ လူတွေလို့ ယူဆထားကြတာလေ။ ဒီလိုလူတွေက လက်လွတ်စပယ် ပြောသင့်သလား။ ဒီလိုကိစ္စ မျိုးကို လက်လွတ်စပယ် ပြောမယ်ဆိုရင်ကော ဘာကြောင့်လဲ။
အာဏာရှင် လက်ကိုင်တုတ်တွေက ဖရိန်ဆင်ဖို့လုပ်နေချိန်မှာ ခင်ဗျားက ဘာကြောင့် သစ်ကိစ္စကို စုံစမ်းခဲ့တာလဲ။ ဒါကတော့ ခင်ဗျားရှင်းမှ ရမှာပါ။ ခင်ဗျားနဲ့ CEO က အရမ်းရင်းနှီးကြတာပဲဗျာ။ ကျွန်တော့်အနေနဲ့ ပုဂ္ဂိုလ်ရေးတွေ ပြောနေတာ မဟုတ်ပါဘူး ကိုဇော်သက်ထွေးရေ။ ပြောမယ်ဆိုရင်လည်း ဒီထက်မက ပြောစရာတွေအများကြီးပါ။
ကျွန်တော်ပြောချင်တာက ခင်ဗျားအပါအဝင် စာနယ်ဇင်းကောင်စီ(ယာယီ) မှာ ပါဝင်နေသူ တချို့ဟာ ရိုးသားမှုမရှိဘူး။ အာဏာရှင် ဝါဒဖြန့်ချိရေး ယန္တရားရဲ့ အဆွယ်အပွားတွေလည်း ရှိနေတယ်။ ဒီအချိန်မှာ ကိုယ့်လူ ကိုယ် ဝိုင်းကြီးချုပ်စနစ်နဲ့ ပြန်တင်တဲ့စနစ်ကို ကျွန်တော် သဘောမတူဘူး။ ဒါကို ကန့်ကွက်ခဲ့တာ။ လွတ်လွတ်လပ်လပ် ရွေးကြပါစေ။ မဟုတ်ရင် ခင်ဗျားတို့လူတွေ၊ ခင်ဗျားတို့နဲ့ ဆက်နွှယ်နေတဲ့ လူတွေပဲ ထပ်ရသွားလိမ့်မယ်။ ဒီလိုဆိုရင် ခင်ဗျားတို့ သတင်းမီဒီယာ ကောင်စီက လူတွေကို အယုံအကြည်ရှိမှာ မဟုတ် တော့ဘူး။
တခြား ကောင်စီဝင်တွေအကြောင်း ဆက်ရေးပါဦးမယ်။
 
သူတို့ လွဲနေပါတယ် (၂) ကို ဖတ်ရှူရန် >>>>> 

Most Read

Most Recent