နှစ် ၁၀၀ ပြည့် အနှောင်အဖွဲ့ကင်းမဲ့သော သတင်းစာ

နှစ် ၁၀၀ ပြည့် အနှောင်အဖွဲ့ကင်းမဲ့သော သတင်းစာ
Published 15 September 2015
မြတ်သစ်

ပြင်သစ်ဘာသာစကားဖြင့် Le Cenard enchaine၊ အင်္ဂလိပ်လို ဘာသာပြန်လျှင် “နှောင်ကြိုး ချည်နှောင်ထားခြင်းခံရသော ဘဲ” ဟုအဓိပ္ပာယ်ရသည့် အပတ်စဉ်ထုတ် သတင်းစာကို ၁၉၁၅ ခုနှစ် ပထမ ကမ္ဘာစစ်ကာလအတွင်းက စတင်ထုတ်ဝေခဲ့သည်။ ယခုဆိုလျှင် နှစ် ၁၀၀ ပြည့်ခဲ့ပြီ ဖြစ်သည်။  ပြင်သစ်အစိုးရ၊ ပြင်သစ်နိုင်ငံရေးလောကနှင့် စီးပွားရေးလောကနှင့် ပတ်သက်၍ သတင်း အချက်အလက်များကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းစစ်ဆေးပြီးမှ ရေးသားမှုများအတွက် ယင်းအပတ်စဉ် သတင်းစာမှာ နာမည်ကျော် ကြားခဲ့သည်။
သတင်းစာ အမည်နှင့်ပတ်သက်၍ ပြင်သစ်နိုင်ငံတွင် နာမည်ကြီး သတင်းစာသမား တစ်ဦးလည်းဖြစ်၊ အစွန်းရောက် ဝါဒီသမားအဖြစ် ထင်ရှားသူ ဂျော့ချ်ကလီမွန်ဆိုး၏ L’homme litre ”လွတ်လပ်သောလူသား” ဟူသောအမည်ကို ယူထားခြင်းဖြစ်သည်။ လွတ်လပ်သောလူသား အမည်ရှိ သတင်းစာကို အစိုးရမှ ပိတ်ပင်ခဲ့ပြီးသည့်နောက် ယင်းအမည်ကို မသုံးတော့ဘဲ L’homme enchaine “နှောင်ကြိုးချည်နှောင်ထားခြင်းခံရသော လူ” အမည်သို့ ပြောင်းလဲခဲ့သည်။ ထို့နောက်တွင်မူ ယင်းအမည်မှနေ၍ “နှောင်ကြိုးချည်နှောင်ထားခြင်းခံရသော ဘဲ”အမည်ဖြင့် ပထမကမ္ဘာစစ်ကာလတွင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
သတင်းစာကို စတင်ထုတ်ဝေသူမှာ မော်ရစ်မာရီရှားနှင့် ဇနီးဖြစ်သူ ဂျင်းနီမာရီရှားတို့ ဖြစ်သည်။ သတင်းစာကို “နှောင်ကြိုးမှ လွတ်မြောက်လာသည့် ဘဲ” အမည်ဖြင့် ပြောင်းလဲထုတ်ဝေခြင်းကို စစ်တပ်မှ သတင်းစာ ဆင်ဆာပိတ်ဆို့မှုများ အဆုံးသတ်မှုကို ရည်ညွှန်းခြင်းအားဖြင့် ထုတ်ဝေခြင်းဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်တွင် သတင်းစာအမည်ကို Le Cenard enchaine ဟု ပြောင်းလဲခဲ့သည်။ သတင်းစာတွင် ပါဝင်ရေးသားသူအ များစုမှာ ကွန်မြူနစ်ပါတီနှင့် ဆိုရှယ်လစ်ပါတီဝင်များ ဖြစ်ကြသည်။ ထိုသူများမှာ ၁၉၂၀ ပြည့်နှစ်ကာလက ပြင်သစ်နိုင်ငံရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြသူများ ဖြစ်သည်။ နောက်ပိုင်းတွင်မူ သတင်းစာ ထုတ်ဝေသူများအနေဖြင့် မည်သည့်နိုင်ငံရေး အဖွဲ့အစည်းနှင့်မျှ ပတ်သက်မှုမရှိသလို စီး ပွားရေးသမားများနှင့်လည်း ပတ်သက်မှု မရှိကြပေ။
Le Cenard enchaine သတင်းစာသည် စာမျက်နှာ ရှစ်မျက်နှာပါရှိသည်။ စာမျက်နှာ တစ်၊ နှစ်မှ လေးနှင့် စာမျက်နှာ ရှစ် တို့သည် သတင်းများနှင့် အယ်ဒီတာ အာဘော်များ ပါရှိသည်။ စာမျက်နှာ နှစ်သည် နိုင်ငံရေး လောကနှင့် စီးပွားရေးလောကမှ အဖြစ်အပျက်များ ဖော်ပြထားသည်။ စာမျက်နှာ ငါးမှ ခုနစ်သည် လူမှုရေးပြဿနာများ (ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ) ရုပ်ပုံလွှာ၊ ဟာသနှင့် သရော်စာများ၊ စာပေရေးရာများ၊ ပြဇာတ်နှင့် ရုပ်ရှင်ဝေဖန်ရေးများ ပါရှိသည်။
Le Cenard enchaine သည် ပြင်သစ်အစိုးရနှင့် စီးပွားရေးအဝန်းအဝိုင်းနှင့် ပတ်သက်၍ ဖောက်ပြန်မှုများကို ဖော်ပြထားသည်။ ပြင်သစ်သမ္မတ ဖရန်ဆွာမီထရောင်း  လက်ထက်တွင် အစိုးရ၏ ဆောင်ရွက်ချက် များနှင့် ပတ်သက်၍လည်းကောင်း၊ အကျင့်ပျက် ခြစားမှုများနှင့်ပတ်သက်၍လည်းကောင်း ပြင်သစ်သတင်းစာများက ထုတ်ဖော်ရေးသားရန် လက်တွန့်နေကြချိန်တွင် Le Cenard enchaine က အမှန်အတိုင်း ထုတ် ဖော် ရေးသားမှုတွေ ပြုလုပ်ခဲ့သည်။ ဤသို့ အမှန်အတိုင်း ရေးသားဖော်ပြနိုင်ရန်အတွက် နိုင်ငံရေးသမားများနှင့် ထဲထဲဝင်ဝင် ကျွမ်းဝင်နေခြင်း၊ အစိုးရဌာနများမှနေ၍ အတွင်းသတင်းများကို ရရှိနိုင်ခြင်းနှင့်အတူ သတင်း ပေးများထံမှလည်း အတွင်းရေး သတင်းများကို ရရှိခဲ့သည်။ ပြင်သစ်နိုင်ငံရေးလောကနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို ရရှိနိုင်ခဲ့ခြင်းကြောင့် အစိုးရဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခဲ့ရသည်အထိ ဖြစ်ပေါ်ခဲ့သည်။
သတင်းရင်းမြစ်နှင့်ပတ်သက်၍ အစိုးရအဖွဲ့ဝင်များထံမှ ရရှိမှုကြောင့် ခိုင်မာမှုများ ရှိခဲ့သည်။ ထို့အပြင် အစိုးရဝန်ကြီးများနှင့်ပတ်သက်၍ ဝေဖန် ထိုးနှက်မှုများကိုလည်း ပြုလုပ်နိုင်ခဲ့သည်။ အထူးသဖြင့် ထိုစဉ်က ပြင်သစ် သမ္မတဖြစ်သူ ချားလ်စ်ဒီဂေါသည် ပစ်မှတ်ဖြစ်ခဲ့သည်။ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် Que dit le volatile ၊ ငှက်ကလေးက ဘာတွေပြောသလဲ ဆိုသည့်ကဏ္ဍဖြင့် ဒီဂေါကို ရည်ညွှန်းပြီး ရေးသားမှုတွေ ပြုလုပ် ခဲ့သည်။ ဒီဂေါသေဆုံးပြီးနောက်တွင် သမ္မတ ဂျော့ချ်ပွန်ပီဒူသည် ပစ်မှတ်ဖြစ်လာခဲ့သည်။ ထို့ပြင် သတင်းစာသည် တရားမျှတမှုမရှိခြင်း၊ အကျင့်ပျက်ခြစားမှု ပြုလုပ်ခြင်း စသဖြင့် ပြည်သူလူထု၏ နစ်နာမှုများကို ထုတ်ဖော်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။
၁၉၅၀ ပြည့်နှစ်တွင် ဂျာနယ်လစ်သစ်များသည် သတင်းစာတွင် ဝင်ရောက် အမှုထမ်းလာကြသည်။ သူတို့တစ်တွေသည် ပြင်သစ်နိုင်ငံရေးလောက၊ စီးပွားရေးလောကနှင့် အုပ်ချုပ်ရေးပိုင်းများနှင့် ပတ်သက်၍ ထဲထဲဝင်ဝင် သိရှိကြပြီး ၎င်းတို့နှင့်ပတ်သက်သော သတင်းများကို ဖန်တီးနိုင်ခဲ့ကြသည်။ ဥပမာအားဖြင့် ၁၉၇၉ ခုနှစ်တွင် ထိုစဉ်က ပြင်သစ်သမ္မတဖြစ်သူ ဗယ်လာရီဂျီးစကပ်ဒက်စတိုင်းကို အာဏာရှင် ဗဟိုအာဖရိကခေါင်းဆောင် ဂျောန်ဗီဒယ်ဘိုကာဆာက စိန်တုံးများ ပေးအပ်ခဲ့ကြောင်း သတင်းရေးသားခဲ့သည်။ ဤ ဂယက်ကြောင့် ဒက်စတိုင်းအနေဖြင့် နောက်တစ်ကြိမ် သမ္မတရွေးချယ်ခံရခြင်း မရှိပေ။
၁၉၈၁ ခုနှစ်တွင် ဘဏ္ဍာရေးဝန်ကြီး မောရစ်ပါပွန်သည် ဒုတိယကမ္ဘာစစ်အတွင်းက နာဇီ သေမင်းတမန် စခန်းများသို့ ရာပေါင်းများစွာသော ပြင်သစ်ဂျူးများကို ပေးပို့ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ထုတ်ဖော်ရေးသားခဲ့ဖူးသည်။ ဤသို့ဖြင့် ပါပွန်သည် ရာဇဝတ်မှုကျူးလွန်ခဲ့သော အ ထောက်အထားများဖြင့် ထောင်ဒဏ် ၁၀ ချ ခံရသည်။ ထိုနှစ်မှာပင် ပြင်သစ်နိုင်ငံတွင် သြဇာတိက္ကမကြီးသော အလုပ်သမားသမဂ္ဂ များကွန်ဖက်ဒရေးရှင်း CGT ဥက္ကဋ္ဌဖြစ်သူသည် သူ၏နေအိမ်နှင့် ရုံးခန်းတို့ကို ပြင်ဆင်ရန်အတွက် ယူရိုငွေ မြောက်မြားစွာ ရယူမှုနှင့်ပတ်သက်၍ သတင်းစာတွင် ထုတ်ဖော် ရေးသားခဲ့သည်။
နှစ် ၁၀၀ ပြည့်ပြီဖြစ်သည့် Le Cenard enchaine သတင်းစာသည် မည်သူ တစ်ဦးတစ်ယောက်၏ ထောက်ပံ့မှုကိုမျှ မရယူဘဲ ထုတ်ဝေခဲ့သည်မှာ နှစ် ၁၀၀ ပြည့်ခဲ့ပြီ။ လွတ်လပ်မှု၏ လျှို့ဝှက်ချက်မှာ စီးပွားရေးအရ မှီ ခိုမှု ကင်းလွတ်ခြင်းသည် အဓိကပင်ဖြစ်ကြောင်း အယ်ဒီတာဖြစ်သူ လူးဝစ်မာရီဟိုရိုး က ပြောကြားခဲ့သည်။

Most Read

Most Recent