ဟန်ချက်ညီဖို့လိုတဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

ဟန်ချက်ညီဖို့လိုတဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
Published 15 September 2015
မင်းချစ်နိုင်

တစ်ခါတုန်းက လူတစ်ယောက်က ကျွန်တော့်ကို.. မင်းတို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက အစိုးရဘာလုပ်လုပ် ကန့်ကွက်နေတော့တာပဲ။ မင်းတို့က တိုင်းပြည်ဖွံ့ဖြိုးမှုကို မလိုလားလို့ ဟန့်တား နေကြတာလားဆိုပြီး မေးဖူးပါတယ်။
တကယ်တော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေကြတဲ့ ပညာရှင်တွေ၊ အဖွဲ့အစည်းတွေဟာ အစိုးရကို ဆန့်ကျင်သူ၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို ဟန့်တားသူ၊ မလိုလားသူတွေ မဟုတ်ပါဘူး။ တိုင်းပြည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူတွေဘ၀ ဖွံ့ဖြိုးတိုးတက်မှုကို လိုလားသူတွေသာ ဖြစ်ပါတယ်။ အဲဒါကြောင့် တိုင်းပြည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မဖြစ်စေတဲ့၊ ရတာနည်းနည်း ရင်းလိုက်ရတာ များများဖြစ်နေတဲ့၊ ပြည်သူ တွေကို ဆင်းရဲတွင်းမှာ နစ်ပြီးရင်း နစ်နေစေပြီး လူတစ်စု ကောင်းစားရေးကို ဦးတည်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး အမည်ခံ စီမံကိန်းတွေကို ကန့်ကွက်နေရတာပါ။
ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဘယ်သူမဆို ကြိုက်နှစ်သက်တဲ့ စကားစုတစ်ခုပါ။ လူတိုင်း၊ အဖွဲ့အစည်းတိုင်း ဖွံ့ဖြိုးတိုးတက်မှုကို လိုလားတဲ့ သူတွေချည်းပါပဲ။ ဒီလိုပဲ ဖွံ့ဖြိုးတိုးတက်ဖို့ကို လုပ်ဆောင်နေတဲ့သူချည်းပါပဲ။ အခုလက်ရှိ အစိုးရကလည်း စိုက်ပျိုးရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံ တည်ဆောက်ရေးနဲ့ အခြားစီးပွားရေးကဏ္ဍတွေကို ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရေးဆိုတဲ့ ဦးတည်ချက်တွေနဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေတာပဲ မဟုတ်လား။ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်တဲ့နေရာမှာ လူနေမှု အဆင့်အတန်း မြင့်ဖို့၊ တိုင်းပြည်ထဲမှာ စက်ရုံအလုပ်ရုံတွေ တိုးတက်အောင်ပဲ လုပ်နေလို့မရပါဘူး။ ပြည်သူတွေရဲ့ ဘဝလုံခြုံမှု ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဒါပေမဲ့လည်း အစိုးရက ဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံကိန်း တွေ အကောင်အထည် ဖော်တဲ့နေရာမှာ ပြည်သူတွေရဲ့ ဘဝလုံခြုံမှုဆိုတာကို လျစ်လျူရှုခဲ့ကြတယ်။ ပြည်သူတွေကို အစေခံလို သဘောထားခဲ့ကြတယ်။ သူတို့ဘာလုပ်လုပ် ပြည်သူတွေသိဖို့မလို။ မကျေနပ်လည်း ကျေနပ်ဆိုတဲ့ ပုံစံမျိုးလုပ်လာကြတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်နေရင်း ပြည်သူတွေရဲ့ ဘဝလုံခြုံမှုတွေ ပျောက်ဆုံးသွားရတာ။ ပတ်ဝန်းကျင်တွေ ပျက်စီးသွားရတာ။ တိုးတက်လာသလိုလိုနဲ့ ဆုတ်ယုတ်သွားရတွေကို တိုင်းပြည် တော် တော်များများမှာ တွေ့ကြုံနေရပါတယ်။ ဥပမာအနေနဲ့ ပြောရရင် အင်မတန်မှ ဖွံ့ဖြိုးတိုးတက်နေပါတယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းကြီးဖြစ် တဲ့ Three Gorges Dam ကြောင့် ပြည်သူ ၁ ဒသမ ၂ သန်းကျော် ရွှေ့ပြောင်း နေရာချထားခဲ့ရပြီး မြို့ကြီး ၁၃ မြို့၊ မြို့ပေါင်း ၁၄၀၊ ကျေး ရွာပေါင်း ၁၃၅၀ ရေလွှမ်းခံခဲ့ရပါတယ်။ အဲဒီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် သက်ရောက်မှု ကြီးမားလွန်းပြီး အချိန်ကြာလာတာနဲ့အမျှ ပိုမိုဆိုးရွားလာနေပါတယ်။ တရုတ်နိုင်ငံလို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတောင် ပိုမို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရင်း ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ နောက်လူနေမှု အဆင့်မြင့်ပြီး ဖွံ့ဖြိုးတိုးတက်နေပါတယ်ဆိုတဲ့ ထိုင်းနိုင်ငံဟာလည်း သူ့နိုင်ငံဖွံ့ ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်ထားတဲ့ မက်တာဖွက် စက်မှုဇုန်ဒေသမှာရှိတဲ့ ပြည်သူတွေဟာ စက်ရုံတွေက ထုတ်လွှတ်တဲ့ ဓာတုပစ္စည်းမျိုးစုံကြောင့် ကင်ဆာဖြစ်နှုန်း မြင့်တက်လာခြင်း၊ ရေထု၊ လေထု၊ မြေထုညစ်ညမ်းခြင်း၊ လက်ငုပ်လက်ရင်း အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ မလုပ်ကိုင်နိုင်တော့ခြင်းတွေနဲ့ အခြားစီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ထိခိုက်မှုတွေ အမြောက်အမြား ဖြစ်ပေါ်ခဲ့ပါတယ်။
အာရှနိုင်ငံတွေသာမက ကမ္ဘာနိုင်ငံကြီးတွေမှာလည်း ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်ရင်း ပြည်သူတွေ ဘဝမလုံခြုံမှု၊ တိုင်းပြည်ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်ပြီး စီမံကိန်း ရပ်ဆိုင်းလိုက်ရတာတွေ အများအပြားရှိနေပါ တယ်။ ဒါဟာ တိုင်းသိပြည်သိ ကမ္ဘာသိပါ။ လုပ်ကြံပြောဆို ရေးသားလို့ရတဲ့ ကိစ္စတွေမဟုတ်ပါဘူး။ အဲဒီအဖြစ်အပျက်တွေကို ရေးပြနေရင်လည်း ဆုံးမှာမဟုတ်ပါဘူး။ လောကကြီးမှာ တစ်ခုကောင်းဖို့ တစ်ခုက ပျက်စီးပေးရတယ် ဆိုပေမယ့် ပျက်စီးပေးရတာ တန်ရဲ့လား ဆိုတာကိုလည်း ထည့်တွက်ဖို့လိုပါတယ်။ အထူးစီးပွားရေးဇုန် စီမံကိန်းတွေကြောင့် လူနေအိမ်၊ လယ်ယာကိုင်းကျွန်း၊ ဥယျာဉ် ခြံမြေတွေ စတေးနေရတယ်။ ရေအားလျှပ်စစ် စီမံကိန်းတွေကြောင့် မြစ်ချောင်းအင်းအိုင်တွေ စတေးနေရတယ်။ မြစ်ချောင်းအင်းအိုင်တွေ စတေးလိုက်ရတဲ့အခါ အဲဒီမြစ်ချောင်း အင်းအိုင်တွေနဲ့ ဆက်စပ်နေတဲ့ ငါးဖမ်းလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ စတေးရသလို စိုက်ပျိုးရေးလုပ်ငန်းတွေ၊ သစ်တောတွေ၊ လူနေအိမ်တွေ၊ အခြား အဖိုးတန်ယဉ်ကျေးမှု အမွေအနှစ်တွေကို ရေအောက်မှာ စတေးလိုက်ရတယ်။
ဒါပေမဲ့လည်း နိုင်ငံတော်အစိုးရက စီမံကိန်းတွေကို အကောင်အထည် ဖော်မြဲဖော်လျက်ရှိပါတယ်။ ဒေသခံ ပြည်သူတွေမှာတော့ စားဝတ်နေရေးတွေ ကျပ်တည်း၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတွေ ထိခိုက်၊ ဒုက္ခတွေကို လည်စင်းခံနေရတော့တယ်။ စက်ရုံတွေက လက်လွတ်စပယ် စွန့်ပစ်လိုက်တဲ့ ရေဆိုးတွေ၊ အမှိုက်တွေ၊ ကျောက်မီးသွေးစက်ရုံက ထုတ်လွှတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေ၊ သစ်တောတွေ အလွန့်အကျွံထုတ်လုပ်လို့ ရာသီဥတုတွေ ပြောင်းလဲပြီး ဖြစ်ပေါ်လာတဲ့ သဘာဝဘေး အန္တရာယ်ကပ်ဆိုးတွေ စသဖြင့် အရောင်စုံတဲ့ ဒုက္ခတွေကို ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေက လက်ဆောင်ပေးခဲ့တာပဲ မဟုတ်လား။ အဲဒီဒုက္ခတွေကို ဖွံဖြိုးမှုစီမံကိန်း အကောင်အထည်ဖော်သူတွေက မခံစားရတော့ သိမယ်မထင်ပါဘူး။ ဘာဖွံ့ဖြိုးမှု စီမံကိန်းပဲလုပ်လုပ် ဒုက္ခခံစားရတာ ဒေသခံပြည်သူတွေပါပဲ။ ဒီ စီမံကိန်းကြီးကို ဒီဒေသမှာလုပ်ရင် ဒီဒေသ ဖွံ့ဖြိုးတိုးတက်သလို ဒီဒေသခံတွေရဲ့ လူမှုဘဝတွေလည်း ဖွံ့ဖြိုးတိုးတက်လာမှာပါဆိုတဲ့ စကားဟာ နဖူးတွေ့ဒူးတွေ့ ခံစားနေရတဲ့ ပြည်သူတွေအတွက်တော့ ရယ်စရာအကောင်းဆုံး ပြက်လုံးတစ်ခုလို ဖြစ်နေခဲ့ပါပြီ။ ဒေသတစ်ခုမှာ လျှပ်စစ်စီမံကိန်းလုပ်ပြီး ဒေသက လူတွေဟာ အမှောင်ထဲမှာနေရတာ ပုံပြင်မဟုတ်ပါဘူး။ ခေတ်အဆက်ဆက် ဒေသခံပြည်သူတွေဟာ ဒေသခံ ဆိုတဲ့အတိုင်း ဒေသမှာ ခံနေကြရတာပါ။
အဲဒီလို ဖွံ့ဖြိုးတိုးတက်မှု စီးမံကိန်းတွေကြောင့် ဒေသခံတွေ ခံစားနေရတဲ့ ဒုက္ခတွေ၊ အသားလွတ် ပျက်စီးကြရတဲ့ သဘာ၀ ပတ်ဝန်းကျင်တွေကို တတ်နိုင်တဲ့ဘက်က ကာကွယ်ပေးဖို့  ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေဟာ ဝင်ရောက်ပြောဆိုရင်း အစိုးရအပါအဝင် လုပ်ငန်းဖော်ဆောင်သူတွေနဲ့ ထိပ် တိုက်တွေ့ကြရတာပါ။ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီခေတ်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ ဖော်ဆောင်ကြတာတောင် ပွင့်လင်းမြင်သာမှုမရှိခဲ့ပါဘူး။ စီမံကိန်းတိုင်းလိုလိုဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့ အပြင် ဒေသခံတွေကိုလည်း အလေးမထား၊ ပတ်ဝန်းကျင် ပျက်စီးမှာကိုလည်း ဂရုမစိုက်၊ လုပ်ချင်သလို လုပ်နေကြတဲ့အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက အမုန်းခံ ပြောဆိုခဲ့ကြရတယ်။ အဲဒီအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေဟာ အစိုးရကိုဆန့်ကျင်တဲ့၊ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားတဲ့သူတွေလို ဖြစ်ခဲ့ကြရတယ်။
တကယ်တော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို အစိုးရက လိုလားသလို ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေနဲ့ ပြည်သူတွေကလည်း လိုလားကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လိုလားတာ နှစ် ၃၀၊ နှစ် ၅၀ နောက်ပိုင်းမှာ ဆုတ်ယုတ်လာမယ့် ဖွံ့ဖြိုးတိုးတက်မှု မဟုတ်ပါဘူး။ သားစဉ်မြေးဆက် အကျိုးရှိမယ့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုပါ။ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ဆိုတာကလည်း ပါးစပ်နဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်နေလို့ မရပါဘူး။ တကယ်လုပ်ဖို့ လိုအပ်ပါတယ်။ အစိုးရဟာ ဒေသခံတွေ လက်မခံရင် ဘယ်စီမံကိန်းကိုမှ မလုပ်ဘူးလို့ တဖွဖွပြောနေပေမယ့် ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက လက်ပံတောင်းတောင် စီမံကိန်းလုပ်တယ်။ ကျောက်မီးသွေး စက်ရုံတွေ ဆောက်ဖို့လုပ်နေတယ်။ သံလွင် ရေအားလျှပ်စစ်စီမံကိန်းတွေ အကောင်အထည် ဖော်တော့မယ်။ မြန်မာ-တရုတ် ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြီးကလည်း ဓာတ်ငွေ့တွေလွှတ်နေပြီ။ နောက်တစ်ခု ပြောပါသေးတယ်။ ဘယ်စီမံကိန်းကိုလုပ်လုပ် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဦးစားပေး ဆောင်ရွက်ရမယ်တဲ့။ ဒါပေမဲ့လည်း စီမံကိန်းတွေကြောင့် မြန်မာပြည် သဘာ၀ ပတ်ဝန်းကျင်ဟာ တစ်နေ့တခြား ပိုမိုပျက်စီးနေတာ ဘယ်သူမှငြင်းလို့မရပါ ဘူး။
အဲဒါတွေကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေဟာ ဆန့်ကျင် ကန့်ကွက်နေရတာပါ။ တိုင်းပြည် ရေရှည်ဖွံ့ဖြိုးဖို့ကို တကယ်ဆောင်ရွက်မယ်ဆိုရင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေဟာ လေကုန်ခံကန့် ကွက်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ၊ ပတ်ဝန်းကျင်ထိခိုက်မှု အသက်သာဆုံးဖြစ်အောင်၊ ဒေသခံတွေရဲ့ လူမှုဘ၀ အတိုးတက် ဆုံးဖြစ်အောင်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ စီမံကိန်းတွေဖြစ်အောင် ပြည်သူတွေ၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ပညာရှင်တွေ၊ အဖွဲ့အစည်းတွေ အားလုံးနဲ့ ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လှပါတယ်။

Most Read

Most Recent