ပရီးမီးယားလိဂ်ပွဲစဉ် (၅) ပွဲစဉ်များတွင် မန်စီးတီး၊ မန်ယူ၊ အာဆင်နယ် စသည့် အသင်းများ နိုင်ပွဲရရှိခဲ့ကြပြီး လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းမှာမူ (၂)ပွဲဆက် ရှုံးပွဲနှင့်အတူ တန်းဆင်းဇုန်မှ နယူးကာဆယ်နှင့် (၂)မှတ်အကွာ အဆင့်(၁၇)နေရာ၌ ရပ်တည်လျက် ရှိနေသည်။
ချန်ပီယံလိဂ်ပွဲများ ရှိနေသဖြင့် ပရီးမီးယားလိဂ် အသင်းကြီးများ၏ ပွဲကို စနေနေ့တွင် အားလုံးကစားခဲ့ပြီး တနင်္ဂနွေနေ့၌ ဆန်းဒါးလန်း-စပါး၊ လက်စတာ-အက်စတွန်ဗီလာတို့ပွဲသာ ယှဉ်ပြိုင်ခဲ့ကြသည်။
တနင်္ဂနွေည အစောပိုင်းက ကစားခဲ့သော ဆန်းဒါးလန်း-စပါးပွဲတွင် စပါးအသင်းက ပွဲချိန်(၈၂)မိနစ်၌ ကွင်းလယ်လူ မေဆင်သွင်းယူခဲ့သော ဂိုးဖြင့် အနိုင်ရခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပထမဆုံးနိုင်ပွဲ ရယူခဲ့သည်။
လက်စတာနှင့် အက်စတွန်ဗီလာတို့၏ ပွဲတွင်မူ အက်စတွန်ဗီလာ အသင်းက ဂရေးလစ်ရှ် (၃၉မိနစ်)၊ ကားလ်စ်ဂီးလ် (၆၃ မိနစ်)တို့၏ ဂိုးများဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း လက်စတာအသင်းမှာ အကောင်းဆုံးပြန်လည် တုံ့ပြန်ခဲ့ပြီး ဒီလတ်က (၇၂) မိနစ်၊ ဗာဒီက (၈၂) မိနစ်၌ ချေပဂိုးများ သွင်းယူခဲ့ကာ အနိုင်ဂိုးအား လူစားဝင်လာသည့် ဒိုင်ယာက (၈၉)မိနစ်တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
လက်စတာအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၅) ပြီးဆုံးချိန်တွင် မန်စီးတီးကဲ့သို့ပင် ရှုံးပွဲမရှိသေးဘဲ ရမှတ် (၁၁) မှတ်ဖြင့် အဆင့် (၂) နေရာ၌ ရပ်တည်လျက် ရှိနေသည်။
မန်စီးတီး၊ မန်ယူ၊ အာဆင်နယ်တို့ နိုင်ပွဲရခဲ့ပြီး ချန်ပီယံ ချယ်လ်ဆီး နှစ်ပွဲဆက် ရှုံးပွဲတွေ့ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၅) ပွဲပြီး သုံးသပ်ချက်