မြန်မာနိုင်ငံ အနေဖြင့် နှစ်စဉ် မိုးစပါး စိုက်ဧက ၁၅ သန်း စိုက်ပျိုးလျက်ရှိရာ ယခုနှစ်အတွင်း ရေကြီးမှုများကြောင့် မိုးစပါး စိုက်ဧက ခုနစ်သိန်းကျော် ပျက်စီးခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။ဇူလိုင်နှင့် သြဂုတ်လအတွင်းက မြန်မာနိုင်ငံအနှံ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လယ်ယာမြေဧက ၁၄ သိန်းကျော် ရေနစ်မြုပ်ခဲ့ကြောင်း၊ အဆိုပါ ရေမြုပ်ခဲ့သည့် လယ်မြေများအနက် မိုးစပါးစိုက်ဧက ၇၃၆၁၄၄ ထိခိုက် ပျက်စီးခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စက်တင်ဘာ ၁၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်ချက်အရ သိရသည်။ထိုသို့ ပျက်စီးခဲ့သည့် မိုးစပါး စိုက်ဧကများအနက် ၅၆ ရာခိုင်နှုန်းကျော်ဖြစ်သည့် ၄၁၃၉၉၂ ဧကကို ပြန်လည် စိုက်ပျိုးပြီးပြီဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေကြီး ရေလျှံမှုကြောင့် ရေဘေးသင့် ဒေသများတွင် စီးပွားရေးအရ ထိခိုက်ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် ၁၇၄ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၄၉ သန်း) ရှိပြီး ထိခိုက်ပျက်စီးမှုအများဆုံးမှာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့ဖြစ်ကြောင်း အမျိုးသား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။အဆိုပါ အစီရင်ခံစာအရ လယ်ယာမြေဧက ၁၄၄၆၅၂၀ ရေလွှမ်းမိုး ခံခဲ့ရပြီး ၁၁၁၃၀၆၉ ဧက ထိခိုက်ကာ ၎င်းအနက် ဧက ၈၄၁၆၂၀ သည် လုံး၀ ပျက်စီးခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် နှစ်စဉ် မိုးစပါး ၁၅ သန်းနှင့် နွေစပါးဧက သုံးသန်းခန့် စိုက်ပျိုးပြီး စပါးတင်း ၁၃၄၇ သန်း ထွက်ရှိကာ ဆန်ဖူလုံမှု ရှိသည့်အပြင် ပြည်ပသို့ပင် ဆန်တင်ပို့ ရောင်းချနေသော နိုင်ငံတစ်ခု ဖြစ်သည်။လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စက်တင်ဘာ ၉ ရက် ထုတ်ပြန်ချက်အရမူ တစ်နိုင်ငံလုံး မိုးစပါးစိုက်လယ်မြေ ၁၅ သန်းကျော် ရှိသည့်အနက် မိုးစပါး ၁၃၂၆၆၉၆ ဧက ရေလွှမ်းခဲ့ပြီး ၁၂၂၇၁၇၈ ဧက ပြန်ပေါ်ခဲ့ကြောင်း သိရသည်။၎င်းတို့အနက် ၉၇၁၀၁၂ ဧက ထိခိုက်ခဲ့ပြီး ၇၄၆၇၆၂ ဧက ပျက်စီးခဲ့ခြင်းကြောင့် ပျက်စီးမှု ရာခိုင်နှုန်း ၄ ဒသမ ၉ ရာခိုင်နှုန်းရှိ၍ အချိန်မီ ပြန်လည်အစားထိုး စိုက်ပျိုးလျက်ရှိရာ ပျက်စီးခဲ့သည့် ပျိုးခင်း ၁၀၆၁၈ ဧကအပေါ် တွင် ဧက ၅၄၃၀ ပြန်လည်ပျိုးထောင်ပြီး ဖြစ်ကြောင်း၊ ပျက်စီးခဲ့သည့် စိုက်ခင်း ၇၃၆၁၄၄ ဧကအပေါ် ၄၁၃၉၉၂ ဧက ပြန်လည် အစားထိုး စိုက်ပျိုးပြီးဖြစ်ကာ ဆက်လက် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။တောင်သူလယ်သမားများ အနေဖြင့်လည်း ရေကြီးနစ်မြုပ် ပျက်စီးသွားသော လယ်မြေများတွင် မိုးစပါး အချိန်မီ ပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် အရန်ပျိုးများဖြင့် ပြန်လည် အစားထိုး စိုက်ပျိုးခြင်း၊ သက်လျဉ် စပါးမျိုးဖြင့် ပျိုးထောင် စိုက်ပျိုးခြင်း၊ သက်လျဉ် စပါးမျိုးဖြင့် တိုက်ရိုက် အစေ့ချ စိုက်ပျိုးခြင်း၊ မပျက်စီးဘဲ ထိခိုက်သော စပါးခင်းများအား ရေသွင်း၊ ရေထုတ် ပြုလုပ်ပေးပြီး သဘာ၀ မြေသြဇာနှင့် ပုလဲ ဓာတ်မြေသြဇာများဖြင့် ရောစပ် ထည့်သွင်းပေးခြင်း စသည်တို့ ဆောင်ရွက်ကြရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
နှစ်စဉ် မိုးစပါး ဧက ၁၅ သန်း စိုက်ပျိုးလျက် ရှိသော်လည်း ယခုနှစ် ရေကြီးမှုများကြောင့် မိုးစပါး စိုက်ဧက ခုနစ်သိန်းကျော် ပျက်စီးခဲ့ပြီး လက်ရှိတွင် ၅၆ ရာခိုင်နှုန်းကျော်သာ ပြန်လည် စိုက်ပျိုးနိုင်










