မြန်မာနိုင်ငံတွင် တရားမဝင် ကုန်သွယ်နေမှုများ လျော့နည်း ပပျောက်စေရေးအတွက် Mobile Team က ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်အထိ ဖမ်းဆီးရရှိမှုမှာ ကျပ်ဘီလျံ ၄၀ ခန့်သာ ရှိပြီး အမှန်တကယ် တရားမဝင် ကုန်သွယ် နေမှုများ၏ ငါးရာခိုင်နှုန်း ခန့်ကိုသာ ဆောင်ရွက်နိုင်သေးကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။“ Mobile Team အဖွဲ့က ဖမ်းဆီး ရမိတာက ကျပ်ဘီလျံ ၄၀ လောက် ဖမ်းမိပါတယ်။ အထူးသဖြင့် တမလန်းသစ်တွေ ဖမ်းဆီးရမိတာပါ။ နောက်ပြီး နွားတွေပါ။ တချို့နေရာတွေမှာ နွားတွေ မရှိတော့ပါဘူး။ အဲဒီလို လုပ်နိုင်တယ်ဆိုတာ တကယ် သွားတာလာတာရဲ့ ငါးရာခိုင်နှုန်းလောက်ပဲ လုပ်နိုင်တာပါ ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။တရားမဝင် ကုန်သွယ်မှုများနှင့် အကောက်ခွန်မဲ့ တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန် ဦးစီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ အဖွဲ့များဖြင့် ဖမ်းဆီး နေမှုတွင် ကျောက်စိမ်းနှင့် သစ်များ မှောင်ခို တင်ပို့မှုများကို လစဉ် ဖမ်းဆီးရမိနေကြောင်း သိရသည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တစ်နှစ်လုံးတွင် အကောက်ခွန်မဲ့ ပစ္စည်း ဖမ်းဆီးရရှိမှု အနေဖြင့် ကျပ် ၄ ဒသမ ၅ ဘီလျံကျော် ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်းကလည်း ကျောက်စိမ်း၊ ရွှေမှောင်ခို ကုန်ကူးမှု အပါအဝင် အကောက်ခွန်မဲ့ ပစ္စည်းစုစုပေါင်း ကျပ်ခြောက်ဘီလျံကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။အကောက်ခွန် ဦးစီးဌာနသည် နိုင်ငံခြားမှ တင်သွင်းလာသော ကုန်ပစ္စည်းများကို တည်ဆဲ ဥပဒေများ၊ စည်းမျဉ်း အမိန့်များနှင့်အညီ အခွန်ကောက်ခံရန်၊ နိုင်ငံခြားသို့ တင်ပို့ခြင်းနှင့် နိုင်ငံခြားမှ တင်သွင်းသောကုန်ပစ္စည်းများကို တည်ဆဲ ဥပဒေများ၊ စည်းမျဉ်းအမိန့် များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိမရှိ ကြီးကြပ်ရန်၊ တရားမဝင်တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများအား စုံစမ်းဖော်ထုတ် အရေးယူရန် စသည့်ဆောင်ရွက်ချက်များကို ကိုင်တွယ် ဆောင်ရွက်နေကြောင်း သိရသည်။တရားမဝင် ကုန်သွယ်မှုများ၊ ခွင့်ပြုချက် မရှိဘဲ ကုန်စည် တင်သွင်းမှုများကို အကောက်ခွန် ဦးစီးဌာနမှ စစ်ဆေးအရေးယူ နေသကဲ့သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဦးဆောင်ပြီး သက်ဆိုင် ရာဌာနများ ပါဝင်ဖွဲ့စည်းထားသည့် Mobile Team အဖွဲ့များကလည်း ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများတွင် စစ်ဆေး အရေးယူနေကြောင်း သိရသည်။“ တရားမဝင် တင်သွင်းလာတဲ့ အထဲမှာ စားသုံးရန် မသင့်တဲ့ ခေါက်ဆွဲခြောက်ထုပ်တွေ၊ အရက်အတုတွေ၊ ဆေးတွေနဲ့ ကြက်မြစ် ကြက်သည်းတို့ကအစ ဝင်လာတယ်။ ကြက်ဥကအစ အတုတွေ ဝင်လာတယ်။စားသုံးရန် မသင့်တဲ့ ဟာတွေ ဝင်လာတဲ့အခါမှာ အရေးယူရခြင်း ဖြစ်ပါတယ်။ အဲဒီလို တရားမဝင် ဝင်လာနေတဲ့ ဟာတွေကို လုံးဝမဟုတ်ရင်တောင် နည်းသွားအောင် ဝိုင်းဝန်း လုပ်စေချင်ပါတယ်။ တရားမဝင် ကုန်သွယ်မှုတွေကို ဖမ်းဆီးတဲ့အတွက် ကုန်သွယ်မှု ပမာဏတွေလည်း တက်လာပါတယ် ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်ကပြောကြားသည်။
တရားမဝင် ကုန်သွယ်မှုများမှ လက်ရှိအချိန်အထိ တန်ဖိုး ကျပ်ဘီလျံ ၄၀ ခန့် ဖမ်းဆီး ရရှိထားပြီး အမှန်တကယ် တရားမဝင် ကုန်သွယ်မှုများ၏ ငါးရာခိုင်နှုန်းခန့်ကိုသာ ဆောင်ရွက်နိုင်ဟုဆို










