“ မြန်မာနိုင်ငံက မြန်မာလူမျိုးတိုင်းရဲ့အိမ်မှာ ပန်းချီကားတွေကို ချိတ်ထားတာမျိုး ဖြစ်စေချင်တယ်။ ဒါပေမဲ့ အဲဒီလိုမျိုး အခုထိ မဖြစ်သေးဘူး။ ဘာလို့လဲဆိုတော့ ပန်းချီကားရဲ့တန်ဖိုးကိုမသိကြလို့။ တန်ဖိုးကို မသိတဲ့အတွက် တန်ဖိုးမထားတတ်ကြဘူး။ နိုင်ငံခြားမှာဆိုရင် ပန်းချီကားတွေကို အိမ်တိုင်းလိုလိုမှာ တွေ့ရတယ်။ တန်ဖိုးကြီးပန်းချီကားတွေကို ဝယ်ယူစုဆောင်းကြတယ်။ ဒီမှာက ပန်းချီရဲ့ အရသာကိုမသိဘူး။ တကယ်တမ်းက ပန်းချီကားတွေထဲမှာ ရသမျိုးစုံပါဝင်တယ်။ ဒဿန တွေပါတယ်။ ပန်းချီကားကို ဖန်တီးရေးဆွဲ ထားတဲ့ပန်းချီဆရာကပေးချင်တဲ့ Message တွေပါတယ်။ အတွေးအခေါ် အယူအဆတွေ ပါဝင်တယ်။ ဒါကြောင့် ပန်းချီကားတွေက လူတွေရဲ့စိတ်ဓာတ်တွေ၊ အတွေးအခေါ်တွေကို ကောင်းသောဘက်ကို ပြုပြင်ပြောင်းလဲပေးနိုင်တဲ့တန်ဖိုးတွေ အစွမ်းသတ္တိတွေရှိတယ်။ ဒါကြောင့် ပန်းချီကို တန်ဖိုးထားတတ် စေချင်တယ်”လို့ ဘဝတစ်လျှောက်လုံး ပန်းချီပညာကိုနှစ်မြှုပ် ကြိုးစားလေ့လာသင်ယူရင်း ပန်းချီနည်းပြတစ်ယောက်အဖြစ်ရော၊ ပန်းချီဆရာတစ်ယောက်အဖြစ်ပါ ရပ်တည်ခဲ့သူ ပန်းချီဆရာကြီး ဦးလွန်းကြွယ်ရဲ့ဘဝဖြတ်သန်းမှု အမှတ်တရအကြောင်းများကို တင်ဆက်ပေးလိုက်ပါတယ်။
‘ပန်းချီ ဦးလွန်းကြွယ်’က ပန်းချီဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကိုရရှိထားတဲ့ ပန်းချီဆရာတစ်ဦးလည်းဖြစ်ပြီး သူ့ရဲ့ပန်းချီလက်ရာတွေကို သိရှိပေမယ့်လည်း သူ့ကိုကိုယ်တိုင် မမြင်တွေ့ဖူးကြသေးတဲ့ လူငယ်အများစုကတော့ ရွိုင်ရယ်မြန်မာတီးမစ်ကြော်ငြာကနေ တစ်ဆင့် သိမြင်ခဲ့ကြရတဲ့ ဦးလွန်းကြွယ်ကို ၁၉၃၀ ပြည့်နှစ် စက်တင်ဘာ ၂၄ ရက်မှာ ရန်ကုန်မြို့မှာမွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။
ဖခင်ဖြစ်သူကတော့ BOC စာရေးကြီး ဦးဘခိုင်ဖြစ်ပြီးတော့ မိခင်ဖြစ်သူကတော့ ကျောင်းဆရာမ ဒေါ်အုန်းသွယ်ဖြစ်ပါတယ်။
“ဘဘရဲ့ အဖေက ဘဘ ငါးလသား အရွယ်လောက်မှာပဲ ဆုံးသွားခဲ့တယ်။ ဘဘမှာ မွေးချင်းအစ်မတစ်ယောက်ရှိတယ်။ သူကလည်း ငယ်ငယ်တည်းက ဆုံးသွားခဲ့တာပါ။ဘဘက အဘွားနဲ့အမေရဲ့ လက်ပေါ်မှာပဲ ဖတဆိုးသားအဖြစ်နဲ့ ကြီးပြင်းခဲ့ရတယ်။ ဘဘ က ငယ်ငယ်တည်းက မွေးရာပါ သန္ဓေစိတ်လို့ ပြောရမလားပဲ။ ပန်းချီပညာကို အရမ်းစိတ်ဝင်စားခဲ့တယ်။ နောက်ပြီး ဉာဏ်ကောင်းတဲ့ ကလေးထဲမှာ ပါတယ်ပြောရမယ်။ ကျောင်းစာမှာဆိုရင်လည်း အမြဲတမ်း ပထမ၊ ဒုတိယရတယ်”လို့ သူ့ရဲ့ ကလေးဘဝအမှတ်တရ အကြောင်းကို ကြည်ကြည်နူးနူး ပြန်လည်ပြောပြခဲ့ပါတယ်။
၁၉၄၇ ခုနှစ်မှာ မုဒုံအလယ်တန်းကျောင်းကနေ သတ္တမတန်းအောင်မြင်ခဲ့ပြီး ကျောင်းပညာရေးထက် သူ့ရဲ့စိတ်အားထက်သန်ရာ ပန်းချီပညာရပ်ကိုပဲ လေ့လာသင်ယူဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ကာ ကျောင်းပညာရေးကို ဒီလောက်နဲ့ပဲ ရပ်နားခဲ့ပါတယ်။
“ပန်းချီပညာရပ်ကိုပဲ စနစ်တကျလေ့လာမယ်။ ပန်းချီပညာရပ်နဲ့ပဲ ရပ်တည်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာ ပထမဆုံးအနေနဲ့ Commercial Art ကို စပြီးလုပ်ဆောင်ခဲ့ရတယ်။ စီးပွားရေးပန်းချီပေါ့။ အဲဒါက ဆိုင်းဘုတ်တွေ၊ ပိုစတာတွေ၊ ကြေငြာပုံတွေဆွဲရတာပေါ့။ အဲဒီပန်းချီပညာရပ်ကို စပြီးသင်ကြားပေးတဲ့ဆရာက မော်လမြိုင်က ဆရာဦးလှအောင်၊ နောက်တစ်ယောက်က ပန်းချီ ဦးသာလွင်ပေါ့။ အဲဒီတုန်းက ဘဘအသက် ၁၈ နှစ်လောက်ပဲရှိသေးတယ်”လို့ သူ့ရဲ့ပန်းချီပညာကို စတင်လေ့လာသင်ယူစဉ် အမှတ်တရကို ပြောပြခဲ့ပါတယ်။
အဲဒီလို ပန်းချီပညာကို လေ့လာသင်ယူ နေစဉ်မှာပဲ မုဒုံအလယ်တန်းကျောင်းက ကျောင်းအုပ်ဆရာကြီးက ကန်ဘဲ့ဆရာအတတ်သင်သိပ္ပံကျောင်းမှာ တက်ရောက်ဖို့အတွက် ဖိတ်ခေါ်ခဲ့တဲ့အတွက် ၁၉၅၄-၁၉၅၅ ခုနှစ်မှာ တက်ရောက်ခဲ့ပြီး ဆရာအတတ်သင်ဘွဲ့ရပြီးတဲ့အခါမှာတော့ အဲဒီမုဒုံအလယ်တန်းကျောင်းမှာပဲ ကလေးပန်းချီပညာရပ်ကို သင်ကြားပေးရတဲ့ နည်းပြဆရာတစ်ယောက်အဖြစ် နှစ်နှစ်တိတိ လုပ်ကိုင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ရန်ကုန်ယဉ်ကျေးမှုဌာနက ပန်းချီပန်းပုကျောင်းမှာ ပန်းချီနည်းပြတစ်ယောက်အဖြစ် လုပ်ကိုင်ခွင့်ရဖို့အတွက် ၁၉၅၈ ခုနှစ်မှာ ဝင်ခွင့်ဖြေဆိုအောင်မြင်ခဲ့တယ်လို့လည်း သိရပါတယ်။
“ အဲဒီတုန်းက နည်းပြတစ်ယောက်က ပြည်ပကိုခရီးသွားရတော့ သူ့နေရာမှာ လစ်လပ်နေလို့ နည်းပြတစ်ယောက်ကို အစားထိုးဖို့ခေါ်တဲ့အခါ ဝင်ခွင့်ဖြေဆိုခဲ့ရတယ်။ အဲဒီတုန်းက ဆယ်ယောက်ဖြေကြတာ။ ဘဘ က ဝင်ခွင့်အောင်သွားတဲ့အတွက် အဲဒီနည်းပြနေရာမှာသင်ကြားပေးခွင့်ရခဲ့တယ်။ အဲဒီထဲမှာလည်း ဘဘက ရွေးချယ်ခံခဲ့ရတဲ့အတွက် ပန်းချီပန်းပုကျောင်းမှာ နည်းပြအဖြစ်နဲ့ ဆက်လက်လုပ်ကိုင်ခဲ့တယ်။ အဲဒီ ပန်းပုပန်းပုကျောင်းမှာပဲ ဆရာဦးသိန်းဟန်နဲ့တွေ့ဆုံပြီး ဆီဆေးပန်းချီကိုလည်း သေချာလေ့လာသင်ယူဖြစ်ခဲ့တယ်။ ဆရာဦးသိန်းဟန်က ဘိလပ်ပြန် ပန်းချီဦးဘဉာဏ်ရဲ့ တပည့်ရင်းလည်းဖြစ်တော့ သူ့ဆီကနေ အနောက်တိုင်းပန်းချီပညာရပ်ကိုလည်း လေ့လာသင်ယူခွင့်ရခဲ့တယ်”လို့လည်း ပြောပြခဲ့ပါတယ်။
၁၉၆၄ ခုနှစ်မှာတော့ တရုတ်ပြည်မှာ အရှေ့တိုင်း တရုတ်ပန်းချီပညာကို တစ်နှစ်ကြာ သွားရောက်သင်ယူခွင့်ရခဲ့ပြီး ၁၉၇၁ ခုနှစ်မှာတော့ ဂျာမနီနိုင်ငံမှာ ပန်းချီပညာရပ်ကို ဆက်လက်လေ့လာသင်ယူခွင့်ရခဲ့ပြန်ပါတယ်။ ၁၉၇၇ ခုနှစ်မှာတော့ ပန်းချီပန်းပုကျောင်းမှာ ယာယီကျောင်းအုပ်အဖြစ်နဲ့တာ ဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၉ ခုနှစ်မှာတော့ အငြိမ်းစားယူခဲ့ပါတယ်။
“ဘဘက နည်းပြတစ်ယောက်အဖြစ် အလုပ်လုပ်နေရာကနေ နည်းပြတစ်ယောက် အနေနဲ့ထက် Artist တစ်ယောက်အဖြစ် ပိုပြီးရပ်တည်ချင်တဲ့ စိတ်ရှိနေတဲ့အတွက် အငြိမ်းစားယူလိုက်ပြီး ကိုယ်ရေးဆွဲချင်တဲ့ ပန်းချီတွေကို လွတ်လွတ်လပ်လပ် ရေးဆွဲဖြစ်တယ်။ ၁၉၉၉ ခုနှစ် နိုဝင်ဘာလမှာ ဘဘရဲ့ ကိုယ်ပိုင် ပန်းချီပြခန်း Artist Life Gallery ကိုစပြီး ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်းမှာ အဲဒီပန်းချီပြခန်းမှာပဲ ဘဘရဲ့ပန်းချီကားတွေကို ပြသဖြစ်ခဲ့တယ်”လို့လည်း ပြောပြခဲ့ပါတယ်။
“ဘဘတို့အိမ်မှာက ပန်းချီကို ဝါသနာပါကြတယ်။ အိမ်မှာ မိသားစုတွေစုံလို့ စကားပြောကြပြီဆိုရင် ပန်းချီအကြောင်းနဲ့ တရားအကြောင်းကိုပဲ ပြောကြတာများတယ်။ အခုလက်ရှိ ဘဘရထားတဲ့ ဘဝကို ကျေနပ်တယ်။စိတ်ချမ်းသာတယ်။ နောက်ထပ်လည်း ပန်းချီကားတွေအများကြီး ရေးဆွဲဦးမယ်”လို့လည်း ကြည်ကြည်နူးနူး ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ရွိုင်ရယ်မြန်မာတီးမစ်ကြော်ငြာမှာ ပါဝင်သရုပ်ဆောင်ဖြစ်တဲ့ အမှတ်တရနဲ့ ပတ်သက်ပြီးတော့လည်း”အဲဒါက ဘဘရဲ့ မိတ်ဆွေ ဦးလှသိန်းဇော်က အဲဒီကြော်ငြာမှာ ပါဝင်သရုပ်ဆောင်ဖို့ကမ်းလှမ်းခဲ့တာပေါ့။သရုပ်လည်းမဆောင်ဖူးဘူး။ ကိုယ်လည်းမလုပ်တတ်တဲ့အလုပ်ဆိုတော့ အစလာပြောတုန်းက ဘဘငြင်းခဲ့တယ်။ ဒါပေမဲ့ သူတို့ကလည်း ရင်းနှီးနေတဲ့သူတွေလည်းဖြစ်တော့ နောက်ဆုံးလက်ခံလိုက်ရတယ်။ ဘဘတို့ ပန်းချီပြခန်းမှာပဲ လာရိုက်ခဲ့ကြတာပါ။ အဲဒီမှာ ဘဘလည်း ပန်းချီဆရာကနေပြီး လက်ဖက်ရည်မင်းသားဖြစ်သွားတော့တာပါပဲ” လို့ ရယ်ရယ်မောမော ပြောပြခဲ့ပါတယ်။
ပန်းချီဆရာဦးလွန်းကြွယ်က လာမယ့် စက်တင်ဘာ ၂၄ရက်မှာလည်း သူ့ရဲ့အသက် ၈၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ်နဲ့ ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားတွေကို ပြပွဲကျင်းပပြုလုပ်သွားမှာဖြစ်တယ်ဆိုတာ ပြောကြားရင်း ဒီကဏ္ဍလေးကို ဒီမှာပဲ ရပ်နားလိုက်ပါတယ်။









