ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံခြား အသိ မိတ်ဆွေတစ်ယောက်က ချက်ဘောက်စ်ကနေ မိမိ၏ ဇာတိရပ်ရွာကို မေးမြန်၍ မိမိက စစ်ကိုင်းတိုင်း မြောက်ပိုင်း ဘုတလင် မြို့နယ်က ရွာတစ်ရွာကပါလို့ ပြန်ပြောလိုက်တော့ ရွာမပြန်ဘူးလား၊ ရွာမပြန်တာ ဘယ်လောက် ကြာပြီလဲ၊ တကယ်လို့ သူမြန်မာနိုင်ငံလာရင် မိမိရွာကို သူအလည်အပတ် လိုက်မည်ဆိုတဲ့အကြောင်း ပြောပါသည်။မိမိက ငါတို့ရွာက အလွန်ဆင်းရဲကြောင်း နွေရာသီမှာ အလွန်ပူကြောင်း ပြန်ပြောပြလိုက်တော့ သူက အံ့သြသွားပါသည်။ သူ့စိတ်ထဲမှာက အညာကျေးလက်ဒေသက ရွာလေးတွေဟာ အေးချမ်းသာယာပြီး အလွန် နေချင်စဖွယ် ကောင်းမည်ဟု ထင်ထားတာ ဖြစ်သည်ဟု ဆိုပါသည်။သီးပင်စားပင် စိုက်ခင်းများနှင့် လတ်ဆတ်သော လေညင်းများကို ရှူရှိုက်ကာ တောတောင် အလှသဘာ၀ တရားများကို သူက တွေ့မြင်ခံစားချင်ပုံ ရပါသည်။မြို့ပြ၏ ပူလောင် မွန်းကျပ်မှုကို မြို့ကို ရောက်ဖူးသူတိုင်း သိပြီးသားဖြစ်သည်။ ရွာက မိမိဆွေမျိုးသားချင်းများ ရန်ကုန်ကို ဘုရားဖူးလာတဲ့အခါ ရှုပ်ထွေး ဆူညံလွန်းပြီး ကျဉ်းကျပ်လွန်းသော တိုက်ခန်းကျဉ်းလေးထဲမှာ မနေ တတ် မထိုင်တတ် ဖြစ်ကာ အသက်ရှူရတာ ကျပ်သည်ဟု ညည်းတွား ကြလေသည်။ အစားအသောက် ဟင်းသီးဟင်းရွက် များကလည်း မလတ်ဆတ်ဟု ဆိုကြလေသည်။မြို့ကြီးပြကြီးများသည် စီးပွားရေး လုပ်ငန်းအတွက် အထူး သင့်လျော်သော်လည်း စိမ်းလန်းစိုပြည်သော သဘာဝ၏ သယာမှုများကိုမူ ကျေးလက် တောရွာများတွင်သာ တွေ့မြင်နိုင်သည်။တောတောင်ရေမြေ၊ ထွေးထွေးစိမ့်စိမ်း၊ တောလမ်းတောလမ်း၊ အံ့မခန်းသော သဘာ၀ လောကကြီး၏ ရှုခင်းများကို လူတိုင်းပင် ရှုမြင်လိုသည်။ အထူးသဖြင့် စက်ရုံအလုပ်ရုံများ၊ မိုးမျှော်တိုက်ကြီးများ၊ ယာဉ်ရထားများဖြင့် ပြည့်နှက်နေသော မြို့ကြီးပြကြီးတွင် နေထိုင်သူတို့က ပိုပြီး တောသူတောသားများထက် တောရွာကျေးလက်၏ သဘာ၀ အလှတရားများကို ကြည့်ရှု ခံစားလိုကြသည်။ဒါကြောင့် မြို့ကြီးပြကြီးများတွင် တောတောင် သဘာ၀ အလှတရားများကို တုပ၍ ပန်းခြံများ၊ ရေကူးကန်များ၊ တိရစ္ဆာန်ရုံများ၊ တိုင်းရင်းသား ကျေးရွာများ ထားရှိပေးထားပြီး ကျေးလက် တောရွာများသို့ မသွားနိုင်သူ များအဖို့ အပန်းဖြေနိုင်ရန် သဘာဝကို တု၍ ပြုုပြင်စီရင်ထား ရလေသည်။တသွင်သွင်စီးကျနေသော စမ်းချောင်းလေးများ၊ စိမ်းလန်းသော တောတန်း ကလေးများ၊ တောတွင်းပျော် ကျေးငှက် တိရစ္ဆာန်လေးများ သဘာ၀ မြက်ခင်းစိမ်းများ၊ တောင်ပူစာကလေးကို ကွေ့၍ ဖောက်ထားသော လှည်းလမ်းကြောင်းကလေးများ ခင်တန်းမြင့်ပေါ်တွင် ထန်းညိုပင် အကြားမှ ငွားငွားစွင့်စွင့် တည်ရှိနေသော စေတီပုထိုးများကို မြင်တွေ့ရသူ အပေါင်းသည် စိတ်နှလုံးကို နှစ်သိမ့်ကြည်နူး ရွှင်မြူးငြိမ်းအေး စေပေသည်။ထို့ကြောင့် မြို့ကြီးပြကြီးမှာ နေကြသော လူများသည် မိမိတို့၏ နေ့စဉ် ကြုံတွေ့နေရသော ပင်ပန်နွမ်းနယ်မှု၊ ငြီးငွေ့မှုတို့ကို ဖြေဖျောက်ခြင်းငှာ မကြာခဏ တောရွာ ကျေးလက်များသို့ သွားရောက်ကာ အနားယူ ဖြေဖျောက်လေ့ ရှိကြသည်။ထိုကျေးလက် တောရွာများ၏ သဘာဝတရားများကို အချိန်မရွေး ကြည့်ရှုခံစားနိုင်ရန် ကျေးလက်တောရွာရှိ သဘာ၀ ပတ်ဝန်းကျင်များကို ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုပေသည်။ ထိုသို့ ထိန်းသိမ်း စောင့်ရှောက်ရာ၌ သဘာဝအတိုင်း ပေါက်ရောက် ဖြစ်ထွန်းနေသော သစ်ပင်စသည် ရုပ်ဝတ္ထုများကို နဂိုအတိုင်း အပျောက်မပျက် မပျက်စီးအောင် ထိန်းသိမ်း စောင့်ရှောက်ခြင်းနှင့် ပိုမိုလှပတင့်တယ်စေရန် ပြုပြင် စီမံမှုများလည်း ပြုလုပ်ရပေမည်။တောတွင်း၌ သစ်ပင်များ ပြုန်းတီး မသွားစေရန် တောမီး မလောင်စေရအောင် ကြိုတင် ကာကွယ်ခြင်း၊ သစ်ပင်များကို စည်းကမ်းမဲ့ မခုတ်လှဲခြင်းတို့ဖြင့် ဂရုစိုက်ရပေမည်။ ကျေးငှက် တိရစ္ဆာန်များ ပျော်ပါးမြူးတူးစေရန် သစ် သီးဝလံပင်များ ရေအိုင် စမ်းချောင်းများကို မပျက်စီးရအောင် ထိန်းသိမ်းပြီး အရမ်းကာ အမဲလိုက်ခြင်း ငှက်ပစ်ခြင်း များကိုလည်း တားမြစ် ပိတ်ပင်ရပေမည်။သဘာ၀ တရား၏ အလှတရားများကို ရေရှည်ထိန်းသိမ်းဖို့ လူတို့ကလည်း ပြုပြင်စီရင်မှုကလည်း အရေးကြီးပါသည်။ တောတွင်း၌ သွားလာမှု လွယ်ကူစေရန် လမ်းဖောက်လုပ်ခြင်း၊ လိုအပ်သည့်နေရာများ၌ တံတား ထိုးပေးခြင်း၊ လမ်းများ မပျက်စီးစေရန် ရေမြောင်းများ တူးပေးခြင်းစတဲ့ လူတို့က ပြုပြင်မွမ်းမံ စီရင်မှုများလည်း လိုအပ်ပေသည်။အင်္ဂလန်နိုင်ငံတွင် သမိုင်းဝင် သဘာ၀ အလှစုဝေးရာဒေသများ သာယာမှု ပြုစုစောင့်ရှောက်ရန် အမျိုးသား ဘဏ္ဍာထိန်း အဖွဲ့နှင့် အင်္ဂလန်နိုင်ငံ ကျေးလက်တောရွာ ထိန်းသိမ်းရေး ကောင်စီတို့သည် ကျေးလက်တောရွာများရှိ မြေနေရာ အမြောက်အမြားကို ဝယ်ယူ၍ လူအများအတွက် သာယာသော ရှုခင်းများအဖြစ် ပြုပြင်စီရင်ထားကြသည် ဟုဆိုသည်။ထိုအဖွဲ့များနှင့် အခြားအလာတူ အဖွဲ့များသည် ကျေးရွာသာယာမှုကို ထိန်းသိမ်း စောင့်ရောက်ရုံမျှမက လူအများအား အဆိုပါ ထိန်းသိမ်းမှု ပညာရပ်များကို သင်ကြားပေးခြင်းနှင့် ထိုလုပ်ငန်းများတွင် စိတ်ပါ ဝင်စားလာအောင် ဝါဒဖြန့်ခြင်းကိုပါ ပြုလုပ်ပေးလေသည်တဲ့။ဥပမာအားဖြင့် တောတွင်းသို့ ပျော်ပွဲစားထွက် သူတို့အား မီးကြွင်းမီးကျန်များ မထားခဲ့ရန် လည်းကောင်း၊ အမှိုက်သရိုက် ပုလင်းကွဲ ပုဂံကွဲများကို အရမ်းမဲ့ မပစ်ခဲ့ရန် လည်းကောင်း၊ တောပန်း တောင်ပန်းများကို မဖျက်ဆီးရန် လည်းကောင်း တိုက်တွန်း နှိုးဆော်ကြသတဲ့။ထိုအသင်းအဖွဲ့က ကြီးမှူး၍ အခါအားလျော်စွာ ပန်းရိုင်းများ စုဆောင်းခြင်း၊ ပန်းရိုင်းပြိုင်ပွဲ ကျင်းပခြင်း စသော လုပ်ငန်းများကိုလည်း ပြုလုပ်ပေးသည်ဟု ဆိုပါသည်။ မိမိတို့ နိုင်ငံတွင်လည်း သူတို့လို လုပ်နိုင်လျှင် ဘယ်လောက် ကောင်းလိုက်မည်လဲ။ယခုတော့ တောရွာ ကျေးလက်တို့၏ သဘာ၀ အလှတရားများသည်လည်း တစ်ဖြည်းဖြည်း လုံးပါးပါးကာ ပျောက်ကွယ်စ ပြုလာပေပြီ။ ရာသီဥတု ဖောက်ပြန်မှုများနှင့် အတူ ကျေးလက် တောရွာများမှာ နေလို့ထိုင်လို့ သိပ်မကောင်းချင်တော့ပေ။ မြို့ပြ၏ လူနေမှု အသုံးအဆောင်များသည် ကျေးလက်ဒေသများသို့ ကူးစက်လာပေပြီ။လတ်ဆတ်သော သစ်သီးဝလံများ သြဂဲနစ် အသီးအပင်များက မရှိသလောက် ရှားပါးလာသည်။ အသီးအရွက်များ ဖွံ့ထွားစေရန် ဆေးဖျန်း ဆေးထိုးမှုများ ပြုလုပ်လာကြသည်။ မြို့ပြနှင့် သိပ်ပြီး မခြားနားလှတော့ပေ။တောတောင် သဘာဝပတ်ဝန်းကျင်များ ပြုန်းတီး ပျက်စီးမှုများကြောင့် ရာသီဥတုတို့လည်း မမှန်ချင်တော့ မိုးခေါင် ရေရှားမှုများနှင့် ကြုံလာရသည်။ ရေဆီမြေဆီများလည်း ခန်းခြောက်လာသည်။သို့သော် ယခုနှစ်မှာတော့ တစ်ခါမှ မကြုံဖူးသော အညာကျေးလက် မြေပြန့်အပူပိုင်း ဒေသများတွင် ရေကြီးရေလျှံမှုများ အံ့သြဖွယ် ကြုံတွေ့လာရပေပြီ။ ရေကို များများစားစား မမြင်ဘူးသော မိမိတို့ရွာမှာပင်လျှင် ကျောင်းဘေးက ရေကန်မှာ ရေလျှံပြီး ကျောင်းဝင်းထဲမှာ ရေတွေ ဖွေးသွားသည်အထိ မိုးကောင်းခဲ့လေသည်။ယခုတော့ ကျေးလက် တောရွာများ၏ အလှတရားသည် ရေများနစ်မြုပ်ပြီး ရေတိုက်စားမှုများကြောင့် ပျောက်ကွယ် သွားရုံမကတင် ကျန်ခဲ့သော နုန်းများ၊ ရွှံ့ညွန်များ ကျန်ရစ်ခဲ့ကာ ရုပ်ပျက်ဆင်းပျက်ဖြစ်လျက် ရုပ်အဆိုးကြီး ဆိုးလျက် ရှိတော့သည်။ရွာလုံးကျွတ် ရေနစ်မြုပ်ခြင်း၊ အိမ်များ ရေထဲမျောပါခြင်း၊ စိုက်ခင်းများ ပျက်ဆီးဆုံးရှုံးခြင်း၊ လယ်ယာများ သဲဖုံးလွှမ်းခြင်းစတဲ့ ပျက်စီး ဆုံးရှုံးခြင်းများနှင့် ကျေးလက်ဒေသ အလှတရားများဟာ ကစဉ့်ကလျား ဖြစ်လျက် ရုပ်ဆိုးအကျည်းတန် လျက်ရှိတော့သည်။နဂိုက ကျေးလက်ဒေသများ၏ သဘာ၀ အလှတရားများကို ဖော်ဆောင်ဖို့ အသာထားလို့ ကျေးရွာနေလူများ၏ နေမှုထိုင်မှု စားသောက်မှုများကိုပင် နဂိုပုံမှန်ဖြစ်အောင် အတော်ကြာကြာ လုပ်ဆောင် ရပေလိမ့်ဦးမည်။သစ်ပင်သစ်တောများ အလွန်အကျွံ ခုတ်လှဲခြင်းများကြောင့် ရာသီဥတု ဖောက်ပြန်၍ သဘာဝဘေးဒဏ်များ ခံစားရပြီး ကျေးလက် သဘာ၀ အလှတရားများ ပျက်စီးသွားသည်ဟု ဆိုရမည် ထင်သည်။ယခုဖြစ်ရပ်များကို သင်ခန်းစာယူ၍ ပျက်စီးသွားသော လူနေမှု ဘဝများနှင့်အတူ သဘာ၀ အလှတရားများကို ပြန်လည်ထူထောင်ပြီး တောရွာ ကျေးလက်၏ အလှတရားများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်သင့်သည်ဟု ထင်မိပါသည်။ကိုးကား - မြန်မာ့စွယ်စုံကျမ်း










