ဥရောပသမဂ္ဂသို့ တရားဝင် သစ်တင်ပို့ခွင့် (FLEGT) ဆိုင်ရာ အစိုးရ၊ အရပ်ဘက် အဖွဲ့အစည်းနှင့် သစ်ကုန်သည်များ ညှိနှိုင်းရေးမူဘောင် လာမည့် နိုဝင်ဘာလတွင် ပြီးစီးမည်

ဥရောပသမဂ္ဂသို့ တရားဝင် သစ်တင်ပို့ခွင့် (FLEGT) ဆိုင်ရာ အစိုးရ၊ အရပ်ဘက် အဖွဲ့အစည်းနှင့် သစ်ကုန်သည်များ ညှိနှိုင်းရေးမူဘောင် လာမည့် နိုဝင်ဘာလတွင် ပြီးစီးမည်
Published 9 September 2015
ဇော်ဝေ၊ ထက်သျှိုင်း

ဥရောပသမဂ္ဂသို့ တရာဝင်သစ်တင်ပို့ခွင့် (FLEGT) ဆိုင်ရာ အစိုးရဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းနှင့် သစ်ကုန်သည်များ ညှိနှိုင်းရေးမူဘောင် လာမည့် နိုဝင်ဘာလတွင် ပြီးစီးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ထိုကဲ့သို့ ညှိနှိုင်းရေးမူဘောင် ပြီးစီးမည့်ကာလသည့် လာမည့် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲနှင့် တိုက်ဆိုင်နေကြောင်း သိရသည်။
စက်တင်ဘာ ၉ရက်က Chatrium ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သစ်တောပြုန်းတီးမှု ဖြစ်ပေါ်စေမှုများနှင့် မူဝါဒရေးရာ လေ့လာစမ်းစစ်ခြင်း လေ့လာတွေ့ရှိမှုများ ထုတ်ပြန်ပွဲတွင် ညှိနှိုင်းရေးမူဘောင် ရေးဆွဲမှုတွင် ပါဝင် သည့် စိမ်းလန်းအမိမြေမှ ဦးဝင်းမျိုးသူက ပြောကြားသည်။
“နိုင်ငံလုံးဆိုင်ရာ သဘောတူညီချက်ရမှ ဥရောပသမဂ္ဂနဲ့ ထိုင်ညှိရမှာ။တော်တော်တော့ ညှိရဦးမယ်။ ဘယ်လိုပုံစံနဲ့ ညှိကြမလဲ ဆိုတာကို ရေးပေးနေတာပါ။ နိုဝင်ဘာလောက်ကျတော့ ထွက်လာမယ်။ ဒါပေမဲ့ ရွေးကောက်ပွဲက ခံနေတော့ ဘယ်လိုသွားမလဲတော့မသိဘူး။ ထွက်လာရင်တော့ သက် ဆိုင်ရာပါတဲ့အဖွဲ့တွေမှာ ဝိုင်းညှိကြမယ်ပေါ့။ တရားမဝင်သစ်ဆိုတာ ဘာလဲကို သေချာသတ်မှတ်ဖို့လိုတယ်။ အဲဒါအတိုင်း ဟုတ် မဟုတ်ကိုစောင့်ကြည့်ရမယ်။ တစ်ဖွဲ့က လာဖို့လိုတာပေါ့။ ဒီတိုင်းထုတ်လား၊ ဒီတိုင်းလုပ် လား စောင့်ကြည့်ရမယ်။ အရင်းဆုံးအဓိပ္ပာယ် ဖွင့်ချက်မှာမတူရင် ဘယ်လိုစောင့်ကြည့်လေ့လာမလဲ။ NGO တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက စောင့်ကြည့်ရမယ်” ဟု ညှိနှိုင်းရေး မူဘောင်ရေးဆွဲမှုတွင် ပါဝင်သည့် စိမ်းလန်းအမိမြေမှ ဦးဝင်းမျိုးသူက ပြောကြားသည်။
“ဥရောပနဲ့ဆက်ပြီးတော့ ထိတွေ့ဖို့အတွက်ဆိုတော့ ကောင်းပါတယ်။ အဲဒါ လုပ်ဖို့အတွက် Intering Taskforce ခေါ်တာပေါ့။ ဘယ်လိုညှိနှိုင်းမလဲဆိုတာကို ကြားဖြတ် ကော်မတီလေးတစ်ခုဖွဲ့တယ်။ အဲဒီအထဲမှာ ဆရာတို့အဖွဲ့လည်းပါတယ်။ အဲဒါလေးကတော့ ဆက်သွားနေတယ်။ ဘယ်လိုညှိနှိုင်းဆောင်ရွက်မလဲဆိုတာကို နောက်လာမယ့် သုံး၊ လေးလအတွင်းမှာ ဆက်တင်ပြဖို့လိုတယ်။ တင်ပြပြီးတော့ ဆက်သွားမယ်”ဟု ဦးဝင်းမျိုး သူက ဆက်လက်ပြောကြားသည်။
ပြည်တွင်း၌ သစ်ထုတ်လုပ်ရာတွင် အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းနှင့် သစ်ကုန်သည်များအကြား တရားဝင်သစ်ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး ကွဲလွဲမှုများရှိနေကြောင်း၊ ပြည်တွင်း၌ ညှိနှိုင်းမှုများပြီးစီးမှသာ ဥရောပသမဂ္ဂနှင့် FLEGT ဆိုင်ရာ ဆွေးနွေးရမည်ဖြစ်ကြောင်း သိရသည်။
“FLEGT မှာ သုံးပိုင်းပါတယ်။ အရင်းဆုံး အဖွဲ့အစည်းတွေ အချင်းချင်း ညှိရမယ်။ဥပမာ NGO ဆိုရင် အဲဒီကြားထဲမှာ ညှိရမယ်။ ကုန်သည်ဆိုရင် သစ်လုပ်ငန်းရှင်တွေထဲမှာ ညှိရမယ်။ အစိုးရကလဲ အစိုးရထဲမှာ ညှိရမယ်။ကိုယ်အဖွဲ့အစည်းအတွင်းမှာ ညှိနှိုင်းရမယ်။ နိုင်ငံအတွင်းမှာ ညှိနှိုင်းရမယ်။ အခုနိုင်ငံအတွင်းမှာ ညှိနှိုင်းမလဲဆိုတာကို အကြံပြုတင်ပြနေတာပါ။ အရပ်ဘက်အဖွဲ့အစည်းတွေကမြင်တဲ့ တရားမဝင်သစ်ထုတ် ခြင်းဆိုတာက တစ်မျိုး၊ ကုန်သည်တွေက မြင်တာကတစ်မျိုး၊ အစိုးရမြင်တာက တစ်မျိုး။အစိုးရကတော့ သူတို့ သတ်မှတ်ပေးတဲ့ သစ်၊ တံဆိပ်ရိုက်ထားတဲ့ သစ်ကို တရားဝင်တယ်လို့ထင်တယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ ကကျတော့ ဒါတွေက တိုင်းရင်းသားဒေသ၊ စစ်ဖြစ်နေတဲ့ဒေသတွေကထုတ်ရင် တရားဝင်မဖြစ်သင့်ဘူး။ တိုင်းရင်းသားတွေ ထိခိုက်တယ်လို့ မြင်တယ်။ သစ်ထုတ်တဲ့ထဲမှာတင် ကလေးလုပ်သားတွေကို သုံးတယ်တို့၊ပတ်ဝန်းကျင် ထိခိုက်တယ်တို့။ ဒါကို တရားဝင် သစ်လို့ မပြောချင်ဘူး။ ဒီအဖွဲ့တွေ ကြားထဲမှာတင် ညီညွတ်ဖို့ လိုနေသေးတယ် “ ဟု ၎င်း က ဆက်လက်ပြောကြားသည်။

Most Read

Most Recent