အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများ

အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများ
Published 9 September 2015
မြတ်သစ်

ဘန်ကောက်မြို့အနီးရှိ အလုပ်သမား လူတန်းစားများ နေထိုင်ရာ ရပ်ကွက်တွင် နေထိုင်သူ ဘာ့စ်သည် တက္ကသိုလ်ပဲ ဆက်တက်ရမည်လား။ ထောင်ခုနစ်နှစ် ကျခံရမည်လား။ စိတ်ထဲတွင် ဝေခွဲ၍ မရနိုင်သေးပေ။ ဘွဲ့မရသေးသော ဘာ့စ်အိမ်ခန်းထဲတွင် သူ့ချစ်သူဓာတ်ပုံနှင့် အမေရိကန် ရော့ခ်အဆိုတော် ဓာတ်ပုံတို့ကို ချိတ်ဆွဲထားသည်။ အခြားသူငယ်ချင်းများမှာ စာမေးပွဲဖြေဆိုပြီးသည့်နောက် အလုပ်အကိုင်များ ရရှိရန် မခက်ခဲပေမယ့် သူ့အတွက်ကတော့ အကျဉ်းထောင်ထဲ ရောက်ရှိမည့်ကိန်း ဆိုက်ရောက်နေသည်။ ဇွန်လက ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွင် ပါဝင်သည့် တက္ကသိုလ်ကျောင်းသား ၁၄ ဦးအနက် ဘာ့စ်မှာလည်း တစ်ဦးအပါအဝင်ဖြစ်သည်။စစ်အုပ်ချုပ်ရေးအောက် ကျရောက်နေသော ထိုင်းနိုင်ငံတွင် ဘာ့စ်တို့သည် စစ်ခုံရုံးတွင် တရားစွဲခံရမည့် အနေအထား ရောက်နေသည်။“ကျွန်တော့်မှာ ရွေးချယ်စရာ မရှိပါဘူး။ ကျွန်တော် ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပါတယ်။ ဒီအလုပ်ကို ကျွန်တော် လုပ်ရမှာ ဖြစ်တဲ့အတွက် လုပ်ဆောင်ခဲ့ရတာပါ။ ကျွန်တော့်ကံပေါ့ဗျာ” ဟု ဘာ့စ်ပြောခဲ့သည်။ထောက်လှမ်းရေးများက တက္ကသိုလ်ကျောင်းသား ၁၄ ဦးနှင့်အတူ အခြားတက်ကြွ လှုပ်ရှားသူ ၁၀၀ ခန့်ကိုလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြသည်။ တက်ကြွလှုပ်ရှားသူများမှာ တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြပြီး အချို့မှာ ဒီမိုကရေစီ လှုပ်ရှားမှု အဖွဲ့ဝင်များ ဖြစ်ကြသည်။၂၀၁၄ ခုနှစ် မေလတွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် အစိုးရဆန့်ကျင်ရေး သမားများကို လည်းကောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ခြင်းကို လည်းကောင်း၊ မီဒီယာများကို ဖိနှိပ်ချုပ်ချယ်မှုများကို လည်းကောင်း ပြုလုပ်ခဲ့သည်။ ရွေးချယ်တင်မြှောက်ခံထားရသော ယင်လက်အစိုးရကို ဖြုတ်ချခဲ့ပြီးသည့်နောက် စစ်တပ်က အာဏာသိမ်းယူမှုကို ရှပ်နီများက လမ်းမပေါ်ထွက်၍ ဆန့်ကျင်မှုများ ပြုလုပ်ခဲ့ကြသည်။ ယင်းကဲ့သို့ ဆန္ဒပြပွဲတွင် တက္ကသိုလ်ကျောင်းသားများ ပါဝင်ခဲ့သည်ကို စစ်အစိုးရက လုံးဝမကျေနပ်ခဲ့ပေ။ စစ်အစိုးရ အာဏာသိမ်းယူမှုကို ကျောင်းသားများ၏ ဆန္ဒပြပွဲများ ပြုလုပ်သဖြင့် ကျောင်းသားများအား ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ သို့သော် တရားရုံးတွင် တရားစွဲဆိုမှုများ ပြုလုပ်ခြင်း မရှိခဲ့သဖြင့် ကျောင်းသားများ၏ ဆန္ဒပြပွဲများသည် ပိုမိုမြင့်တက်လာသည်။ ဇွန်လတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲ၌ အာဏာသိမ်းမှု ဆန့်ကျင်ရေး မိန့်ခွန်းများနှင့် တေးသီချင်းများကို ဘန်ကောက်မြို့ရှိ ဒီမိုကရေစီ အထိမ်းအမှတ် အဆောက်အအုံရှေ့တွင် ဟောပြောခြင်းများနှင့် သီဆိုခြင်းများကို ပြုလုပ်ခဲ့ကြသည်။သို့သော် ကျောင်းသား ၁၄ ဦးကို ဖမ်းဆီးပြီး အရေးယူမှုများ ပြုလုပ်မှုကို ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂက ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် စစ်အစိုးရက ကျောင်းသား ၁၄ ဦးကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သော်လည်း နိုင်ငံတကာက ဖိအားပေးမှုများကြောင့် ကျောင်းသားများကို ပြန်လည်လွှတ်ပေးခဲ့ရသည်။ ပြန်လွှတ်လာသော ကျောင်းသားများကို ဘန်ကောက်မြို့ရှိ သမားဆတ် တက္ကသိုလ်တွင် တက်ရောက်နေသော ကျောင်းသားများက သူရဲကောင်းများသဖွယ် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ပြန်လွတ်လာခဲ့သူ ဥပဒေကျောင်းသား ရန်စီမန်ရိုမီက ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၁၉၇၃ ခုနှစ်က ထိုင်းစစ်အစိုးရကို ဆန့်ကျင်ခဲ့သည့် လူထုဆန္ဒပြပွဲသည် အစိုးရ၏ နှိပ်ကွက်မှုကြောင့် ကျောင်းသားများ သွေးမြေကျခဲ့ရသည်။ နောက်ပိုင်းတွင် ထိုင်းစစ်အစိုးရလည်း ပြုတ်ကျသွားခဲ့သည်။ ရိုမီက မိမိအနေဖြင့် နိုင်ငံရေးသစ်တစ်ခုကို ပြုလုပ်မည်ဖြစ်ကြောင်း စစ်ခုံရုံးတွင် ပြောကြားခဲ့သည်။ မိမိတို့အနေဖြင့် ရှပ်နီသော် လည်းကောင်း၊ ရှပ်ဝါသော်လည်းကောင်း မဟုတ်တဲ့ လူတွေအတွက် နိုင်ငံရေး ဥပစာတစ်ခု ဖန်တီးဖို့လိုကြောင်း အသက် ၃၂ နှစ်အရွယ်ရှိ ရိုမီက ပြောကြားခဲ့သည်။ထိုင်းနိုင်ငံတွင် ကျေးရွာနေပြည်သူများနှင့် မြို့ပြနေ အလုပ်သမား လူတန်းစားများက ယင်လက်၏ ပါတီကို ထောက်ခံကြပြီး မြို့နေလူလတ်တန်းစားများနှင့် အထက်တန်းလွှာများက ရှပ်ဝါပါတီကို ထောက်ခံကြသည်။ယမန်နှစ်က စစ်တပ်က အာဏာသိမ်းယူမှုများ ပေါ်ပေါက်ပြီးသည့်နောက် ထိုင်းကျောင်းသားများသည် The Hunger Games ရုပ်ရှင်တွင် ပါရှိသည့် အာဏာကိုဖီဆန်သည့် အထိမ်းအမှတ် သင်္ကေတဖြစ်သော လက်သုံးချောင်းထောင်ပြီး စစ်အစိုးရကို မကျေနပ်ကြောင်း ပြသခဲ့သလို စာရေးဆရာကြီး ဂျော့အော်ဝဲလ်၏ ၁၉၈၄ အမည်ရှိ ဝတ္ထုကို လူအများရှိရာ မြင်ကွင်းတွင် ဖတ်ရှုမှုများ ပြုလုပ်ခြင်းဖြင့် စစ်အာဏာရှင် အစိုးရကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။လူထုဆန္ဒပြမှုများ မြင့်တက်လာခြင်း၊ ဒီမိုကရေစီ လှုပ်ရှားမှု အဖွဲ့အစည်း ပေါ်ပေါက်လာခြင်းကြောင့် ထိုင်းနိုင်ငံတွင် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများသည် တရစပ် ထွက်ပေါ်လာခဲ့သည်။ သို့သော် ထိုင်းနိုင်ငံတွင် အတိုက်အခံ နိုင်ငံရေးလှုပ်ရှားမှုများကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်မှုများ ပြုလုပ်နေသဖြင့် လည်းကောင်း၊ မီဒီယာများကို ဖိနှိပ်မှုများ ပြုလုပ်နေသဖြင့် လည်းကောင်း၊ အစိုးရ၏ ဖမ်းဆီးအရေးယူမှုများကို တက္ကသိုလ်ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများမှာ ပြည်တွင်းတွင် မနေဝံ့တော့ဘဲ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။သမားဆတ်တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ ယူဂျင်းမီရီယိုးက ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများ၏ နိုင်ငံရေးဆန့်ကျင်မှုများမှာ မည်သည့် နိုင်ငံရေးပါတီနှင့်မျှ ပတ်သက်မှု မရှိကြောင်း၊ သူတို့အနေဖြင့် အတွေးအခေါ်များကို ဆန့်ကျင်နေခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ယမန်နှစ်က စစ်တပ်မှ အာဏာသိမ်းပြီးသည့်နောက် စစ်တပ်က တိုင်းပြည်အေးချမ်းသာယာရေးအတွက် မိမိတို့ အာဏာသိမ်းရခြင်းဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲကို ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပေမယ့်  ၂၀၁၁ ခုနှစ်တွင် ပြည်သူများအနေဖြင့် စစ်တပ်မှ အာဏာသိမ်းပြီးသည့်နောက် ရွေးကောက်ပွဲ ပြုလုပ်ပေးခြင်း မရှိသည့် အဖြစ်ကို နမူနာယူပြီး စစ်အစိုးရအား ဝေဖန်မှုများ ပြုလုပ်လျက်ရှိသည်။ဘာ့စ်၏ မိခင်ဆိုလျှင် ၁၉၇၃ ခုနှစ်၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် တိုက်ပွဲဝင်ရာတွင် ပါဝင်ခဲ့သည့် ကျောင်းသားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ရိုမီ၏ မိခင်သည် လည်းကောင်း၊ အမေရိကန် ဖခင်သည် လည်းကောင်း၊ သူ ထောင်ကျနေစဉ်တွင် လာရောက်တွေ့ဆုံခြင်း မရှိခဲ့ပေ။ ဒီမိုကရေစီသစ် အဖွဲ့အစည်း အနေဖြင့် မိမိတို့၏ နိုင်ငံရေး ယူဆချက်များကို ဖော်ထုတ်နိုင်သည့် အချိန်တစ်ချိန် ထိုင်းနိုင်ငံ၌ ပေါ်ထွန်းလာလိမ့်မည်ဟု ရိုမီက ယုံကြည်လျက်ရှိသည်။

Most Read

Most Recent