ဖဲကြိုးနက်တို့ လာချေပြီ

ဖဲကြိုးနက်တို့ လာချေပြီ
Published 9 September 2015
ဒေါက်တာ နေဝင်း

၁။ ကိုယ့်ပခုံးပေါ်ကျလာပြီ
‘သမိုင်းပေးတာဝန်ဆိုတာ ပခုံးအားတိုင်း ထမ်းလို့မရဘူး’ ဆိုတဲ့ မိတ်ဆွေတစ်ဦးစကားကို သတိရမိပါတယ်။ အခုဖြစ်ပေါ်လှုပ်ရှားနေကြတဲ့ ဖဲကြိုးနက်လှုပ်ရှားမှုဟာ သမိုင်းတစ်ကွက်ဖြစ်ပါတယ်။ ကျွန်တော်တို့ခေတ်၊ ကျွန်တော်တို့လက်ထက်မှာ စတင်ခဲ့၊ လှုပ်ရှားခဲ့၊ အားကောင်းမောင်းသန် ညီညွတ်ခဲ့ကြတဲ့ သမိုင်းပါ။ တကယ်တော့ နှစ်ပေါင်းများစွာအမြစ်တွယ်လာခဲ့တဲ့ အကျင့်ပျက်ဗျူရိုကရေစီ ယန္တရားကြီးကိုမျိုးဆက်သစ်တို့ ခွန်အားနဲ့ စိန်ခေါ်လိုက်တဲ့ သမိုင်းလို့တောင် ပြောချင်ပါတယ်။ ဌာနဆိုင်ရာမူဝါဒများမှာ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုးနဲ့ အများသဘောထက် အာဏာရှင်ဆန်ဆန် အမိန့်ထုတ်ပြန်မှုများကို ဥပဒေဘောင်နဲ့အညီ ဆန္ဒဖော်ထုတ် လှုပ်ရှားနေကြတဲ့ ဖဲကြိုးနက်လှုပ်ရှားသူများကို ပခုံးပေါ်က တာဝန်ကျေပွန်လိုသူအဖြစ် လေးလေးစားစား ဆက်လက်ဦးညွှတ်လိုပါတယ်။
၂။ ရာဇဝင်ထဲမှာ မောင့်ကိုထားရစ်ခဲ့
ပေါ်ပင်တွေကို ပြောချင်တာပါ။ တစ်လောက ‘မောင်’ တွေ ရေပန်းစားတော့ ဖေ့စ်ဘွတ်ပေါ်မှာ မောင်နဲ့ဆိုင်တဲ့ ပို့စ်တွေရေပန်းစားခဲ့ပါတယ်။ အသိဉာဏ်တိမ်သူတချို့က ဖဲကြိုးနက်လှုပ်ရှားမှုကို ကောက်ရိုးမီးလို နှစ်ပတ် လောက်နဲ့ ကိစ္စပြီးသွားမယ်လို့ အဆင်ခြင်မဲ့ သုံးသပ်ဖော်ပြခဲ့တာလည်း အများအသိဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီဖဲကြိုးနက်လှုပ်ရှားမှုဟာ အဲ့ဒီလောက်သေးနုတ်တဲ့ လှုပ်ရှားမှုမဟုတ်တဲ့အတွက် သူတို့မျှော်လင့်ခန့်မှန်းပြီး သူတို့ ဖြစ်စေချင်နေတဲ့ နှစ်ပတ်ခံ ကောက်ရိုးမီးတောက်တစ်ခုမဟုတ်ဘူးလို့ စွဲစွဲမြဲမြဲ ယုံကြည်ခံယူမိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဖဲကြိုးနက်ကလေးတွေကို ဖော်ပြတောင်းဆိုထားတဲ့ တောင်းဆိုချက်တွေ ပြည့်စုံသည်အထိ ဆက်လက်ပြီး မြတ်မြတ်နိုးနိုး တပ်ဆင်သွားကြဦးမှာဖြစ်တယ်လို့ မျှော်လင့်ပါတယ်။ ဆရာမဂျူးရဲ့စာအုပ်ကလေးကို မဆီမဆိုင်သတိရနေမိပါသေးတယ်။
၃။ ကောင်းဖို့ ရွယ်သောခေတ်ကို
ခံယူချက်တွေ၊ အတွေးအမြင်တွေဟာ အကြောက်တရားကြောင့်ကန်ပြီး အ,သွားခဲ့ရတဲ့ အမှောင်ခေတ်ကြီးတစ်ခု ရှိခဲ့တယ်ဆိုရင် ကျွန်တော်တို့ဟာ အလင်းရှိရာကို ချီတက်ကြရပါလိမ့်မယ်။ မျိုးဆက်သစ်တွေဟာ အကြောက်တရားကို အသိဥဏ်နဲ့ ဖယ်ရှင်းနိုင်ခဲ့တယ်ဆိုတာ အများသိစေချင်ပါတယ်။ ဖဲ ကြိုးနက်လှုပ်ရှားမှုဟာ မျိုးဆက်သစ်တွေရဲ့ ဂုဏ်သရေဖြစ်စေရပါမယ်။ သူတို့အကြောင်းပြခဲ့တဲ့ ဝေးလံဒေသ မသွားချင်သူတွေ၊ ကျရာတာဝန်ကို မခံယူရဲသူတွေမဟုတ်ကြောင်း နောင်မှာ ဖဲကြိုးနက်စိတ်ထားကိုဖော်ပြနိုင်၊ ထိန်းသိမ်းနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဖဲကြိုးနက်အဖွဲ့တော်သားတွေဟာ တရားမျှတစွာနဲ့ ပွင့်လင်းမြင်သာစွာ ပေးအပ်လာတဲ့ တာဝန်တွေကို ပြည်သူ့မျက်နှာထောက်ထားပြီး တိုင်းပြည်တာဝန်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေမှာ စွမ်းအားပြည့် ထမ်းဆောင် သွားကြမယ့်သူတွေဖြစ်ရပါစေမယ်။ ပိုမိုမြင့်မားသော ခံယူချက်များ၊ ပိုမိုထက်မြက်သော စွမ်းဆောင်ရည်များကို ဖဲကြိုးနက်လှုပ်ရှားမှုကြီး သယ်ဆောင်လာခဲ့ပါပြီ။
၄။ မာန်အင်ကို ဉာဏ်ဆင်မွေးကာပေ့ါ
ခေတ်စကားနဲ့ ပြောရရင် ‘ပုံရိပ်ကျဆင်း’ ကာစပြုနေတဲ့ ကျန်းမာရေးလောကကို ပြန်ပြီး သိက္ခာတင် အဖတ်ဆယ်ဖို့အတွက် ဖဲကြိုးနက်တွေ နိုင်ငံအနှံ့ ဝဲပျံလို့နေပါပြီ။ ဒါဟာ ကြီးမားတဲ့အချိုးအကွေ့တစ်ခုပါ။ ဖဲကြိုးနက်တွေဟာ အခွင့်ထူးခံတွေကို ဆန့်ကျင်သလို ကိုယ်တိုင်လည်း အခွင့်ထူးခံအဖြစ်မခံကြသူတွေပါ။ ဖဲကြိုးနက်တွေဟာ ဥပဒေတွေကို လေးစားလိုက်နာသလို မတရားမှုကိုတော့ ခေါင်းငုံ့မခံတဲ့သူတွေပါပဲ။ ပညာရပ်ဆိုင်ရာပိုင်နက်ကို အလေးထားပြီး တစ်လက်မမှ အကျူးကျော်မခံသူတွေပါ။ ကျွန်တော်တို့ ဖဲကြိုးနက်ကလေးတွေကို ဒါကြောင့် တပ်ဆင်ခဲ့ပါတယ်။ ခရီးဆက်ကြပါဦးမယ်။
၅။ တွေးလျက်နဲ့ ပျော်သည်ပျော်သည်
ကျွန်တော်ကတော့ အကောင်းမြင်သမားဖြစ်ပါသည်။ ဖဲကြိုးနက်ကလေး တပ်ဆင်နေရတာကို ပျော်သည်။ဖဲကြိုးနက်ကလေးသမိုင်းကို တွေးမိတိုင်းပျော်သည်။ ပျော်သည်။ ဟုတ်ကဲ့။ တကယ်ပျော်နေမိပါကြောင်း။

Most Read

Most Recent