အများပိုင်ကုမ္ပဏီများသို့ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်လိုခြင်း ရှိ မရှိ SECM က စစ်တမ်းကောက်နေ

အများပိုင်ကုမ္ပဏီများသို့ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်လိုခြင်း ရှိ မရှိ SECM က စစ်တမ်းကောက်နေ
Published 8 September 2015
သန်းထိုက်အောင်

ပြည်တွင်းရှိ အများပိုင်ကုမ္ပဏီများအနေဖြင့် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်လိုခြင်းရှိ မရှိ ဆန္ဒသဘောထားကို သိရှိနိုင်ရန်  မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM)က စစ်တမ်းကောက်ယူနေကြောင်း SECM ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက Daily Eleven သတင်းစာသို့ ပြောကြားသည်။
“အများပိုင်ကုမ္ပဏီတွေဆီကို စတော့အိတ်ချိန်းမှာ စာရင်းဝင်လိုတဲ့ဆန္ဒ ရှိ မရှိဆို တဲ့ Servery  လုပ်နေတယ်။ SECM လုပ်တာပါ။ အဓိကကတော့ သူတို့ကုမ္ပဏီတွေရဲ့ ရည်မှန်းချက်တွေ၊ ဈေးကွက်တွေကို စစ် တမ်းကောက်တာပါ။ အလားအလာကောင်းတဲ့ ကုမ္ပဏီတွေကိုပေါ့။ တချို့အများပိုင်ကုမ္ပဏီတွေက အခုမှ ထူထောင်ခါစပဲရှိသေးတယ်လေ။ Servery Form တွေတောင် ပို့ပေးသွားပြီ။ စတော့အိတ်ချိန်းမှာ စာရင်းဝင်ဖို့ လျှောက်ထားနိုင်ပြီဆိုတဲ့ တရားဝင်ကြေညာချက်ကတော့ နောက်အပတ်ထဲမှာ ထွက်လာပါလိမ့်မယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် အများပိုင်အဖြစ်ဖွဲ့စည်း၍ လုပ်ငန်းများတွင်ကျယ်စွာ ဆောင်ရွက်နေသည့် ကုမ္ပဏီမှာ ၁၅၆ ခုရှိပြီး ရန်ကုန်စတော့အိတ်ချိန်း စတင်ချိန်တွင် အများပိုင်ကုမ္ပဏီငါးခုခန့်ဖြင့် စတင်နိုင်မည်ဟု ခန့်မှန်း ထားကြောင်း ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။
“ရန်ကုန်စတော့အိတ်ချိန်းကိုတော့ စိစစ် ပီး အများပိုင်ကုမ္ပဏီ လေး၊ ငါးခုလောက်နဲ့ စနိုင်တဲ့ အနေအထားရှိပါတယ်။ စတာက ဒီလောက်နဲ့စပေမယ့် အစဉ်တိုးနေမှာ ဖြစ်ပါတယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။
ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရောက်ခွင့်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့လယ်ယာစီးပွားအများပိုင်ကော်ပိုရေးရှင်း (MAPCO)၊ FMI၊ AGD ဘဏ်တို့က တရားဝင်ထုတ်ဖော် ကြေညာထားကြသည်။
လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းစတင်ဖွင့်လှစ်ပါက နံနက် ၉ နာရီခွဲတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး နံနက် ၁၁ နာရီတွင် တစ် ကြိမ်၊ မွန်းလွဲ ၁ နာရီတွင် တစ်ကြိမ် ရှယ်ယာအရောင်းအဝယ် အမှာများကို Matching ပြု လုပ်မည်ဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်းကို မြန်မာ့စီးပွားရေးဘဏ်က ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ဂျပန်ဘက်မှ Daiwa Group နှင့် Japan Exchange Group တို့က ၄၉ ရာခိုင်နှုန်းဖြင့် အသီးသီးထည့်ဝင်လုပ်ဆောင်ကြခြင်းဖြစ်ပြီး စတင်ရင်းနှီးငွေမှာ ၃၁ ဘီလျံကျပ်ဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်းကို စတင်လည်ပတ်နိုင်ပြီ ဖြစ်သော်လည်း ရွေးကောက်ပွဲကာလနှင့် တိုက်ဆိုင်နေသဖြင့် ဖွင့်လှစ်မည့်အချိန်ကို ရွှေ့ဆိုင်းထားခြင်းဖြစ် ကြောင်းသိရသည်။
ရန်ကုန်စတော့အိတ်ချိန်းအဖြစ် ဖွင့်လှစ်မည့် အဆောက်အအုံမှာ သက်တမ်းနှစ် ၈၀ ကျော်သက်တမ်းရှိ ယခင်မြဝတီဘဏ်ရုံးချုပ်ဟောင်းကို ခေတ်မီပြန်လည်မွမ်းမံထားသည့် အဆောက်အအုံဖြစ်သည်။
                  

Most Read

Most Recent