စက်တင်ဘာလဆန်းအထိ ပြည်ပသို့ ကုန်စည်မျိုးစုံတင်ပို့မှုပမာဏ ဒေါ်လာ ၄ ဒသမ ၆ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူတင်ပို့မှုမှ ရငွေထက် ဒေါ်လာ သန်း ၂၀၀ ကျော် လျော့နည်း

စက်တင်ဘာလဆန်းအထိ ပြည်ပသို့ ကုန်စည်မျိုးစုံတင်ပို့မှုပမာဏ ဒေါ်လာ ၄ ဒသမ ၆ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူတင်ပို့မှုမှ ရငွေထက် ဒေါ်လာ သန်း ၂၀၀ ကျော် လျော့နည်း
Published 8 September 2015
ချမ်းမြေ့သူ

စက်တင်ဘာ ၄ ရက်အထိ ပြည်ပသို့ ကုန်စည်မျိုးစုံတင်ပို့မှုပမာဏ ဒေါ်လာ ၄ ဒသမ ၆ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူတင်ပို့မှုမှ ရငွေထက် ဒေါ်လာသန်း ၂၀၀ ကျော်လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၄ ရက်အထိ ပို့ကုန်တင်ပို့မှုပမာဏ စုစုပေါင်း ဒေါ်လာ ၄၆၆၇ ဒသမ ၅၉၄  သန်း ရှိပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းကြောင်းမှ တင်ပို့မှုပမာဏ ဒေါ်လာ ၂၉၁၀ သန်းကျော်ဖြစ်ပြီး နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှတင်ပို့မှုပမာဏမှာ ဒေါ်လာ ၁၇၅၆ သန်းကျော်ဖြစ်ကြောင်း သိရသည်။
ယခင်ဘဏ္ဍာနှစ်ကာလတူတင်ပို့မှုမှာမူ ပို့ကုန်တင်ပို့မှုပမာဏစုစုပေါင်း ဒေါ်လာ ၄၈၇၁ ဒသမ ၁၁၇ သန်းရှိပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းမှတင်ပို့မှုပမာဏ ဒေါ်လာ ၃၂၇၁ သန်းကျော်ရှိပြီး နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှတင်ပို့မှု ပမာဏမှာ ဒေါ်လာ ၁၆၀၀ သန်းကျော်ရှိကြောင်း သိရသည်။
သို့ဖြစ်၍ ပို့ကုန်တင်ပို့မှုပမာဏစုစုပေါင်းကိုနှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ်အတွင်း တင်ပို့မှုပမာဏမှာ လျော့နည်းနေကြောင်း သိရသည်။
မြန်မာနိုင်ငံမှပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုပြုလုပ်ရာတွင် လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်၊ စက်မှုကုန်ချောနှင့် အခြားကုန်စည်များကို တင်ပို့မှု ရှိကြောင်း သိရသည်။
အဆိုပါကုန်စည်များအား တင်ပို့မှုပြုရာတွင် သတ္တုတွင်းထွက်နှင့် စက်မှုကုန်ချောတင်ပို့မှုမှရငွေမှာ ယခင်နှစ်ကာလတူထက် လျော့နည်းနေပြီး အခြားကုန်စည်များတင်ပို့မှုမှ ရငွေမှာမူ ယခင်နှစ်ထက်ပိုများကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပို့ကုန်ပစ္စည်းများအား တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ အိန္ဒိယ၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ အမေရိကန်၊ ဟောင်ကောင်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံ တို့သို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး အခြားနိုင်ငံများသို့လည်း တင်ပို့မှုအနည်းငယ်ရှိကြောင်း သိရသည်။                       

Most Read

Most Recent