မဲဆွယ်စည်းရုံးရေးပထမနေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာစိုင်းမောက်ခမ်း လားရှိုးမြို့၌ စတင်မဲဆွယ်စည်းရုံး

မဲဆွယ်စည်းရုံးရေးပထမနေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာစိုင်းမောက်ခမ်း လားရှိုးမြို့၌ စတင်မဲဆွယ်စည်းရုံး
Published 8 September 2015
ထွန်းနေလှိုင် (နောင်ပိန်)

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည်ဖြစ်ရာ မဲဆွယ်စည်းရုံး ရေးစတင်သည့် စက်တင်ဘာ ၈ ရက်က ၎င်းဝင်ရောက်အရွေးချယ်ခံမည့် လားရှိုးမြို့တွင် မဲဆွယ်စည်းရုံးမှုများ စတင်ခဲ့ကြောင်း သိရသည်။
မဲဆွယ်စည်းရုံးပွဲတွင် ကိုယ်စားလှယ်လောင်းများ၏ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး ဒေါက်တာစိုင်းမောက်ခမ်း၏ လက်ကမ်းစာစောင်တွင် “အားလုံးမင်္ဂလာပါ။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး နီးကပ်လာပါပြီ။ မိမိ၏ဒေသ၊ ပြည်နယ်နှင့် ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရာတိုးတက်ကြောင်း မိမိကိုယ်ပိုင်အရေးကိစ္စသဖွယ် ကိုယ်စားပြုဆောင်ရွက်နိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒရှင်ပြည်သူများမှ စိတ်ကြိုက်ရွေးချယ်ပေးရပါတော့မည်။ ဒီလိုရွေးချယ်ရာမှာ အများအကျိုးထက် မိမိအကျိုး၊ မိမိပါတီအကျိုးကိုသာ လိုလားသူများအား အရွေးမမှားကြဖို့ လိုအပ်ပါတယ်။ ယခုရွေးချယ်မှုဟာ ဒေသရဲ့သမိုင်း၊ နိုင်ငံရဲ့သမိုင်းကို ရေးတာဖြစ်တဲ့အတွက်၊ ပြိုင်ဆိုင်အရွေးခံကြမည့်သူတွေရဲ့ အများအတွက် ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်များကို လေ့လာသုံးသပ်ကြဖို့ အရေးတကြီး လိုအပ်လာပါပြီ။ မိမိရွေးချယ်မည့် ကိုယ်စားလှယ်လောင်း၏ စေတနာနှင့်ကြိုးပမ်းအားထုတ်မှု အများပြည်သူအကျိုးအတွက် ယခင်ကစွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သည့်လုပ်ငန်းရပ်များ ပြည်တွင်းပြည်ပ အတွေ့အကြုံများအပေါ်ဆန်းစစ်ပြီး မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့ လိုပါတယ်”ဟု ထည့်သွင်းရေးသားထားကြောင်း သိရသည်။
မဲဆွယ်စည်းရုံးပွဲကို လားရှိုးမြို့၊ အမှတ် (၄)ရပ်ကွက်ရှိ သူရဿတီမယ်တော်ကျောင်းတွင် နံနက်(၉)နာရီ ခွဲကစတင်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ စိုင်းမောက်ခမ်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး မူဝါဒ၊ သဘောထားနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
“၂၀၁၀ တုန်းကလည်း ကျွန်တော်တို့ တစ်ခါလာခဲ့ပြီးပြီ။ ဒီထဲမှာပါတဲ့ ရပ်မိရပ်ဖတွေရဲ့ ရွေးကောက်တင်မြှောက်မှုကြောင့် ထောက်ခံမှုကြောင့် ကျွန်တော်က ဒုတိယသမ္မတနေရာ ရောက်လာပါတယ်။ ဒါကြောင့် ကျွန်တော့်ကိုထောက်ခံတဲ့သူရော၊ မထောက်ခံတဲ့သူရောအားလုံးကို ကျေးဇူးတင်ပါတယ်။ပြီးခဲ့တဲ့ လေးနှစ်ကျော်ကာလကလည်း ကျွန်တော်တတ်နိုင်သလောက်တော့ လုပ်ပေးခဲ့တာတွေရှိပါတယ်။ အခုလည်း တကယ်လို့ ရွေးကောက်တင်မြှောက်ခံရတယ်ဆိုရင် ထပ်ပြီးတော့လုပ်ပေးဖို့ပါ။ ကျွန်တော်လုပ်ဆောင် ပေးခဲ့တဲ့ဟာတွေက ဒီတိုင်းပြောနေလို့လည်းမပြီးဘူး။ လုပ်ပေးခဲ့တာတွေ ဘာတွေရှိသလဲဆိုတာ မှတ်တမ်းတင်ထားတာတွေ ရှိပါတယ်”ဟု ပြောကြားသည်။
ထို့နောက် ဒေါက်တာစိုင်းမောက်ခမ်းသည် ၎င်းးဒုတိယသမ္မတသက်တမ်း ကာလအတွင်း လုပ်ဆောင်ခဲ့သည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအတွက် ထောက်ပံ့ခဲ့မှုများ၊ လားရှိုးမြို့ပေါ်ရှိ နိုင်ငံ့ဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာတည်ဆောက်ခဲ့မှုများ၊ ရေကြီးရေလျှံမှုများမရှိအောင် ဆောင်ရွက်ခဲ့မှုများနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများအား ပရိုဂျက်တာတွင် ပြသကာ တက်ရောက်လာသူများအား ရှင်းလင်းပြသသည်။
ဆက်လက်ပြီး ဒေါက်တာစိုင်းမောက်ခမ်းသည် တက်ရောက်လာသူများအား ဆန္ဒမဲပေးပုံများအား ရှင်းလင်းပြသသည်။
“ကြုံတုန်းမဲထည့်တဲ့နည်းကို ပြောပြချင်ပါတယ်။ မဲကအသည်းကြားက မဲတစ်ပြားပေါ့။ မှားပြီးထည့်လို့ရှိရင်လည်း ကိုယ်ထောက်ခံချင်တဲ့သူဆီရောက်မှာ မဟုတ်ဘူး။ မှားပြီး မထည့်မိဖို့လိုပါတယ်။ ကိုယ့်အတွက် လုပ်ပေးမယ့်ပါတီကို သေချာစဉ်းစားပြီးရွေးပေးဖို့ လိုပါတယ်”ဟု ပြောကြားပြီး မဲပေးပုံများကို ရှင်းလင်းပြသသည်။
ဒေါက်တာစိုင်းမောက်ခမ်း၏ မဲဆွယ်စည်းရုံးပွဲသို့ လားရှိုးမြို့ရပ်ကွက်(၄)မှ ဒေသခံများ၊ မန်းပွဲကျေးရွာမှ ဒေသခံများအင်အား ၃၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
ဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့သည် မဲဆွယ်စည်းရုံးရေးစတင်သည့် စက်တင်ဘာ ၈ ရက်တွင် လားရှိုးမြို့ပေါ်ရှိ နေရာလေးနေရာတွင် မဲဆွယ်စည်းရုံးဟောပြောမည်ဖြစ်ကာ စက်တင်ဘာ ၁၅ ရက်ထိ လား ရှိုးမြို့ပေါ်ရှိ နေရာ ၃၂ နေရာတွင်ဆက်တိုက် မဲဆွယ်စည်းရုံးဟောပြောမည်ဖြစ်ကြောင်း သိရသည်။           

Most Read

Most Recent