ဗဟန်းမြို့နယ် တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဒေါ်ညိုညိုသင်း၏ အောင်နိုင်ရေးရုံးခန်း ဖွင့်လှစ်

ဗဟန်းမြို့နယ် တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဒေါ်ညိုညိုသင်း၏ အောင်နိုင်ရေးရုံးခန်း ဖွင့်လှစ်
Published 8 September 2015

ဗဟန်းမြို့နယ်တွင် တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ၎င်း၏ အောင်နိုင်ရေးရုံးခန်းကို အမှတ် (၃၂)၊ ရေတာရှည်လမ်းသစ် ဗဟန်းမြို့နယ်တွင် ယနေ့(စက်တင်ဘာ ၈ ရက်) ၌ စတင်ဖွင့်လှစ်ခဲ့သည်။ ဒေါက်တာညိုညိုသင်းက ဗဟန်းမြို့နယ် မဲဆန္ဒနယ် နှစ်ခုအတွက် အောင်နိုင်ရေးရုံးခန်းနှစ်ခု ဖွင့်လှစ်မည်ဖြစ်ပြီး ယနေ့တွင် မဲဆန္ဒနယ် (၂) အတွက် အောင်နိုင်ရေးရုံးခန်းကို စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ မဲဆန္ဒနယ် (၁) အတွက် အောင်နိုင်ရေးရုံးခန်းကိုမူ စက်တင်ဘာ ၁၀ ရက်တွင် ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းမကြီးတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရကာ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များကို လာမည့်စက်တင်ဘာ ၁၂ ရက်တွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 
 
မိမိအနေဖြင့် လာမည့် လွှတ်တော်သက်တမ်းတွင် ပိုမိုထိရောက်သော လွှတ်တော်လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး သန့်ရှင်းသောအစိုးရ ဖြစ်ရေးအတွက် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ လုပ်ဆောင်ရန်၊ လူငယ်များ ပညာရေးနှင့် ပတ်သက်၍ အတားအဆီး အချုပ်အနှောင် ဖြစ်စေသည့် ဥပဒေများကို ပယ်ဖျက်ပေးနိုင်ရန်နှင့် ပညာရေးအဆင့်အတန်း မြင့်မားစေရန်၊ နိုင်ငံတော်စီမံကိန်းများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုများ ဖြစ်ပေါ်လာစေရေး စိစစ်မှုများ ပြုလုပ်နိုင်ရန်နှင့် လယ်သမားများ၏ မြေယာပြဿနာများကို ဖြေရှင်းပေးနိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အဆိုပါ အခမ်းအနားတွင် ဒေါက်တာညိုညိုသင်းက ပြောကြားခဲ့သည်။   
 
အခမ်းအနားသို့ ဗဟန်းမြို့နယ်ပြည်သူများ၊ အောင်နိုင်ရေးရုံးခန်းဖြစ်မြောက်ရေး အလှူရှင်များနှင့် နိုင်ငံရေး အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်အချို့ တက်ရောက်ခဲ့သည်။
 
ဒေါက်တာညိုညိုသင်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး လွှတ်တော်တွင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သက်တမ်းအတွင်း ရန်ကုန်မြို့သစ် စီမံကိန်းအား ဆိုင်းငံ့ပေးရန် အဆို၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသက် ၇၀ ကျော် သက်ကြီးရွယ်အိုများအား နိုင်ငံပိုင်ဆေးရုံကြီးများ၌ အခမဲ့ ဆေးကုသခွင့်ပေးရန် အဆို၊ ကျိုက္ကဆံကွင်းအား ပုဂ္ဂလိကကို ရောင်းချရန် စီစဉ်မှုအား ရပ်ဆိုင်းရန် အဆို၊ Dagon City အိမ်ရာစီမံကိန်းကို ယခုအစိုးရ သက်တမ်းအတွင်း ဆိုင်းငံ့ပေးထားရန် စသည့် အရေးကြီးအဆိုများ အပါအဝင် အဆိုပေါင်း ၄၀ ကျော် တင်သွင်းခဲ့ပြီး၊ မေးခွန်းပေါင်း ၄၀၀ ကျော် မေးမြန်းခဲ့သည်။

Most Read

Most Recent