ပြည်သူအားလုံး မဲပေးပိုင်ခွင့်ရရေးနှင့် ရွေးကောက်ပွဲနေ့တွင် မဲပေးရေး အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူအားလုံး မဲပေးပိုင်ခွင့်ရရေးနှင့် ရွေးကောက်ပွဲနေ့တွင် မဲပေးရေး အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 8 September 2015

 
ပြည်သူအားလုံး မဲပေးပိုင်ခွင့်ရရေးနှင့် ရွေးကောက်ပွဲနေ့တွင် မဲပေးရေး အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၈ ရက် ပြည်သူများသို့ ပြောကြားသော မိန့်ခွန်းတွင် အရေးကြီး အချက်အနေဖြင့် ပြောဆိုခဲ့ပါသည်။ 
 
"အခုချိန်မှာ အရေးကြီးတာကတော့ ကျွန်မတို့ ပြည်သူလူထုအားလုံးဟာ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရဖို့နဲ့ ရွေးကောက်ပွဲနေ့ ရောက်တဲ့အခါ သွားပြီးတော့ မဲပေးဖို့ပါပဲ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။ 
 
ထို့အပြင် မဲပေးရာ၌ နိုင်ငံနှင့် မျိုးဆက်သစ်တို့၏ အနာဂတ်ကို စဉ်းစားပြီး လုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့ပါသည်။ 
 
"မဲပေးလို့ အခါကျလို့ရှိရင် လည်း ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်၊ ကျွန်မတို့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကို စဉ်းစားပြီးတော့ မဲပေးကြပါ။ ရှေ့ကို မျှော်ကြည့်ပြီးတော့ ပြောင်းလဲချိန်တန်တဲ့အခါမှာ ပြောင်းလဲဖို့ ဝိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။  
 
နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ရခြင်းသည် ရွေးကောက်ပွဲ၌ ပြည်သူလူထု၏ ဆုံးဖြတ်ချက်ကို လက်ခံရန်ဖြစ်ကြောင်း ပြည်သူများသို့ ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းခဲ့ပါသည်။ 
 
"နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါဝင်ပြီးတော့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီလို ယှဉ်ပြိုင်ရခြင်းဟာ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်ကို လက်ခံဖို့ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာဟာ ပြည်သူ့ရဲ့ ဆုံးဖြတ်ချက် ပြည်သူ့ရဲ့ ဆန္ဒကို အလေးထားရတဲ့ စနစ်ပါပဲ။ ဒါကြောင့်မလို့ နောက်ဆုံးကျတော့ ပြည်သူကသာလျှင် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ဖို့ အတွက် ကြိုးစားခဲ့တာ ဆိုလို့ရှိရင် အနှစ် သုံးဆယ်နီးပါး ရှိပါပြီ။ အခုထိ ပန်းတိုင်ကို မရောက်သေးပါဘူး။ သို့သော်လည်း ပြည်သူရဲ့ ထောက်ခံမှုနဲ့ ပြည်သူရဲ့ ဆန္ဒနဲ့ တွန်းအားရဲ့ ကျွန်မတို့ အောင်မြင်နိုင်မယ်ဆိုတာကို အဓိက ယုံကြည်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။ 
 
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည် ဖြစ်ပြီး မဲဆွယ်စည်းရုံးမှုများကို စက်တင်ဘာ ၈ ရက် (ယနေ့) တွင် စတင်ပြုလုပ်ခွင့်ရပြီ ဖြစ်ပါသည်။

Most Read

Most Recent