အင်းလေးကန်ပန်းချီကား

အင်းလေးကန်ပန်းချီကား
Published 7 September 2015
ရွှေဒါးမောင်လေးရည်

နိုင်ငံတစ်နိုင်ငံအတွက် သဘာဝတရားထံမှ လက်ဆောင်လျာအဖြစ် လက်ခံရရှိမှု များစွာရှိပေရာ တွင်းထွက်သယံဇာတများ၊ ကျွန်းသစ်နှင့် သစ်တောထွက်ပစ္စည်းများမှသည် ရေနံသဘာဝဓာတ်ငွေ့များ၊ အဖိုးတန်ရေမြေ၊ အင်းအိုင်မြစ်ချောင်းများလည်း အပါအဝင်ဖြစ်ပေသည်။ ထိုသို့ ပိုင်ဆိုင်မှုအပေါင်းဖြင့် နိုင်ငံ၏ပုံရိပ်၌ ဂုဏ်ယူဖွယ်ရပ်တည်နိုင်သော်လည်း နှစ်ကာလကြာမြင့်စွာ ပိုင်ဆိုင်လာခဲ့သည့် အဆိုပါအရင်းအမြစ်များအပေါ် ဂရုမပြုလျစ်လျူရှုထားခဲ့ချေသော် ထိုဂုဏ်ယူဖွယ်ရာပိုင်ဆိုင်မှုတို့သည်လည်း အချိန်ကာလ၏တိုက်စားမှု၊ လူတို့၏ပယောဂများကြောင့် ပျက်စီးယိုယွင်းမှုများနှင့် တိုးတိုက် ရင်ဆိုင်ကြရမည်မှာ နိယာမတစ်ရပ်ပင်။
လက်ရှိကာလ ကျွန်တော်တို့နိုင်ငံ၌  “အင်းတော်ကြီးရေချိုအိုင်”နှင့် “အင်းလေးကန်”  ဟူသော ကုန်းတွင်းရေချိုအိုင်ကြီးနှစ်အိုင်ကို ပိုင်ဆိုင်ထားပေသည်။ နှစ်ပရိစ္ဆေဒကြာမြင့်လာခဲ့သည်နှင့်အမျှ ထိုရေအိုင်ကြီးများ၏ သဘာဝအနေအထားများ ပျက်စီးယိုယွင်းလာနေကြောင်း အသံဗလံများ၊ ရှုမျှော်ခင်းများက စိတ်မချမ်းမြေ့ဖွယ် ရှုမြင်နားဆင်နေရပေသည်။ မကြာမီရက်ပိုင်းက အင်းတော်ကြီးကန် ရေရှည်တည်တံ့ရေးနှင့်ပတ်သက်သည့် အင်းတော်ကြီးကန် ဇီဝအ၀န်းနယ်မြေ တည်ဆောက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သတင်းများကို ဖတ်ရှုလိုက်ရပေသည်။ ဆက်၍လည်း အင်းတော်ကြီးကန်ဒေသအား ဇီဝအ၀န်းနယ်မြေအဖြစ် သတ်မှတ်နိုင်ရေး အဆိုပြုလွှာများကို စက်တင်ဘာလ ကုန်ပိုင်းတွင် UNESCO သို့တင်ပြမည်ဖြစ်ကြောင်း သိရသည်။
အင်းလေးကန်၏လက်ရှိအနေအထားအရ မိုးတွင်းကာလ၌ပင် ရေအဝင်နည်းပါးမှုကြောင့် ကန်ရေများလျော့နည်းကာ စိုက်ခင်းအများစုရေငတ်၊ အချို့သေဆုံးခဲ့ရပြီး စိုက်ပျိုးရေးသမားတို့ အရှုံးနှင့်ရင်ဆိုင်နေကြရကြောင်းလည်း သိရပေသည်။ အင်းလေးကန်သမိုင်းဟောင်း၌ ပင်လယ်ရေမျက်နှာ ပြင်ထက် ပေ ၂၉၀၀ ကျော်မြင့်သည့် ညောင်ရွှေချိုင့်ဝှမ်း၌တည်ရှိပြီး ယခင်က တောင်နှင့် မြောက် ၃၆ မိုင်ခန့်နှင့် အရှေ့အနောက် ၈ မိုင်ခန့် ကျယ်ဝန်းခဲ့ကြောင်း တွေ့ရပေသည်။ ယနေ့ကာလတွင် အရှည် ၁၂ မိုင်နှင့် အကျယ် ၄ မိုင်ခန့်သာ ရှိနေတော့သည်။ သည်တော့ အင်းလေးကန်အတွင်း အခြေချနေထိုင်သူတို့ စားဝတ်နေရေးအတွက် ခြောက်လှန့်မှုများနှင့် ရင်ဆိုင်တိုးတိုက်ကြရပေသည်။ ဦးစွာကြုံတွေ့ရသည့် အခက်အခဲမှာ လှေဖြင့် အသုံးပြုရွေ့လျားရသူတို့ ရေနည်းခန်းခြောက်သဖြင့် သွားမှုလာမှု ကသီလင်တနိုင်ကြရသည်။ ခရီးသွားဧည့်သည့် ဝင်ရောက်မှုနည်းပါးမည်။ သည်မှာပင် ကျွဲကူးရေပါ လှေသမားများအဖို့ အခက်ကြုံကာ အဆိုးသံသရာနှင့် မကြုံလိုပါလျက် လက်တွဲဖက်ပွေကြရပေတော့မည်မှာ ရှောင်လွှဲမရနိုင်သော ကံတရားပင်။
သည်တော့ ကျွန်တော်တို့ဘက်က သူ့ကို ဂရုတစိုက်ကုစားပေးကြရပေမည်။ ကိုယ့်ဘက်က လျစ်လျူရှုခဲ့လျှင် သူ့ဘက်ကလည်း ကျွန်တော်တို့အပေါ် တန်ပြန်ဒဏ်ခတ်ခြင်းပြုတော့မည်မှာ ရှေ့ဖတ်ဆရာထံမမေးဘဲ သိနိုင်လောက်သည့် ပြဿနာတစ်ရပ်ပင်။ ဦးစွာကုသမှုပြုရမည့်ကိစ္စမှာ အင်းလေးကန် အတွင်းသို့ဝင်ရောက်သည့် ချောင်းများမြောင်းများရှင်သန်ရေးကိစ္စဖြစ်ပေသည်။ ထိုချောင်း များရှင်သန်ရေးဆိုရာတွင်လည်း ထိုချောင်းများစီးဆင်းရာ ချောင်းဖျားဒေသ သစ်တောများ ရှင်သန်တည်မြဲရေးစတင်ကုစားရပေမည်။ ထိုဒေသမှ သစ်ပင်သစ်တောများ အကာအကွယ်မဲ့ ခုတ်ထွင်ခြင်း၊ တောင်ယာများ ခုတ်ထွင်တည်ထောင်ခြင်း၊ ရွှေတူးဖော်ခြင်း၊ ရပ်ရွာများတိုးချဲ့တည်ဆောက်ခြင်းများအား ဖြေရှင်းရေးမှ စတင်ကိုင်တွယ်ကြရပေမည်။  ထိုကိစ္စရပ်များအတွက် ရေဝေတောများမှ သစ်တောသစ်ပင်များကို တရားမဲ့ခုတ်ထွင်မှုများ တားဆီးနိုင်မှသာ ထိုသစ်တောသစ်ပင်များ၏ အထောက်အပံ့ဖြင့် မိုးလေရာသီများ မှန်ကန်လျက် ဥတုဖောက်ပြန်ခြင်းမှ ရှောင်တိမ်းနိုင်ပြီး သစ်တောများကြောင့် မိုးရေတိုက်စားမှုမှ ကာကွယ်နိုင်ခြင်း၊ သဘာ၀ မြေဆီလွှာများတိုက်စားမှုမှ ကာကွယ်နိုင်ခြင်း၊ နုံးမြေများတိုက်စားမှု လျော့ပါးကာ အင်းလေးကန်အတွင်းသို့ ဝင်ရောက်လာမည့် နုန်းမြေပို့ချမှုများအား ကာကွယ်နိုင်ခြင်း စသည့်အကျိုး ကျေးဇူးများစွာကို ခံစားကြရပေမည်။
အင်းလေးကန်အတွင်း ရေအနည်းအများကိစ္စမှာ ၁၉၉၁ ခုနှစ်က စတင်ခဲ့သည်ဆိုသော် ရနိုင်မည်ထင်ပါသည်။ သည်စဉ်က အင်းလေးကန်ရေပြင်မြင့်တက်ခဲ့မှုကြောင့် ဒေသခံတို့၏ စိုက်ခင်းသီးနှံများ ရေမြုပ်ပျက်စီးခဲ့ပြီး ဆုံးရှုံးနစ်နာမှုတို့ဖြင့် ရင်ဆိုင်ခဲ့ကြရသည်။ သို့အတွက် လုပ်ငန်းရှင်တစ်ဦးမှ ပိတ်ဆို့ထားသည့်နေရာအား မြေကော်စက်အသုံးပြုကာ တူးဖော်ခဲ့သဖြင့် ရေများလျော့သွားခဲ့ပြီး ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ခဲ့ပေသည်။ နောက်ပိုင်းကာလ၌ ရေကြီးနစ်မြုပ်မှုမှ ရှောင်လွှဲနိုင်ခဲ့သော်လည်း ကန်အတွင်း၌ ရေဝပ်ဧရိယာများ လျော့ကျသွားရပြီး အတားဆီးမဲ့ စီးဆင်းမှုကြောင့် အင်းလေးကန် ရေပြင်နိမ့်ပါးသွားမှုနှင့် ကြုံကြရပေသည်။ ၂၀၀၀ ပြည့်နှစ်ရောက်သည့်အခါ နမ့်ခတ်ချောင်းအဝ၌ ကျောက်ပို့နေသည် ကိစ္စကြောင့် အပိတ်အဖွင့်ပြဿနာ ကြုံခဲ့ပြန်ပါသည်။ သည်အခါ ဆည်းမြောင်းဝန်ကြီးဌာနမှ ပိတ်ဆို့လိုက်သဖြင့် ကျောက်များမကျတော့ပေ။ ကျောက်ကျနေလျှင် သဘာဝအလျှောက် စီးဆင်းနေသည့် အင်းလေးကန်၏ ရေစီးကိုတန့်စေပါသည်။ ထိုအခါ ဘီလူးချောင်းအတွင်း စီးဝင်သည့်ရေကိုလည်း အဝင်နည်းစေခဲ့သည်။ သည်တော့ လောပီတရေအားလျှပ်စစ်စီမံကိန်းကို ထိခိုက်စေသည့်အတွက် ပိတ်ဆို့လိုက်သည်ဟုဆိုပါသည်။ ထိုကိစ္စက လွှတ်တော်အတွင်းသို့တိုင် ရောက်ရှိသွားခဲ့ပြီး လှေထမ်းကွေ့အကျဉ်းဆုံးနေရာကို ရေထိန်းတံ ခါးပုံစံဆောက်ပေးရန်ပြောခဲ့သည်။ ဒေသခံတို့၏ဆန္ဒမှာ လှေထမ်းကွေ့ဖွင့်ချထားသည့် နေရာအား ပိတ်ဆို့စေချင်ခဲ့ကြသည်။ သူတို့ အတွေ့အကြုံအရ နောက်ပိုင်းကာလ၌ ကန်ကျယ်ပြန့်လာသောကြောင့်ဟုဆိုပေသည်။ ဒီကနေ့ကာလ၌ နွေရာသီမဟုတ်သည့် ယခု လိုမိုးရွာသောရက်များ၌ပင် ကန်ရေပြင်များ ဆုတ်ခွာလျော့နည်းလာနေသည်မှာ လက်တွေ့ကျနေခဲ့ပေပြီ။
ရေဝေရေလဲဒေသများ၏ ပျက်စီးမှုအဆင့်များကို အဆင့်သတ်မှတ်ထားပေရာ အဆင့် (၁) သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်နေသောအဆင့်၊ (၂) သတိပေး အဆင့်၊ (၃)  စွန့်လွှတ်စွန့်စားရသည့်အဆင့်၊ (၄) သေရေးရှင်ရေးတမျှ အရေးကြီးသည့်အဆင့်ဆိုကာ အဆင့်လေးဆင့်သတ်မှတ်ထား ရှိပေသည်။ လက်ရှိ အင်းလေးကန်၏အခြေမှာ အဆင့်လေးဆင့်ရှိသည့်အနက် နောက်ဆုံးအဆင့် (၄) သို့ပင် ရောက်ရှိနေခဲ့ပြီ။ သေရေးရှင်ရေးတမျှ အရေးတကြီးအဆင့်သို့ ရောက်ရှိနေခဲ့ပြီဟု မြန်မာနိုင်ငံသစ်တောအသင်း အတွင်းရေးမှူးဦးတင်အေးက ပြောကြားခဲ့ပေသည်။ သေရေးရှင်ရေးတမျှ အရေ ကြီးတဲ့အဆင့်ပေါ့။ အဲဒီကျတော့ တော်ရုံနည်းပညာနဲ့လည်းမရတော့ဘူး။ အဆင့်မြင့်တဲ့ နည်းပညာတွေသုံးရမယ်။ ငွေကတော့ ဘီလျံချီပြီးသုံးရမယ်။ အချိန်ကို နှစ်ပေါင်းဆယ်ဂဏန်းအနည်းဆုံးယူပြီး သုံးရမယ်...ဆိုတဲ့ သဘောမျိုးရှိတယ်ပေါ့။ သေလုမတတ်အရေးကြီးတဲ့ အဆင့်ရောက်နေပြီ။ တော်တော်ဆိုး ဆိုးရွားရွားအဆင့်မျိုးရောက်နေတော့ ဟိုးမူလတုန်းက သဘာ၀၀န်းကျင်နဲ့ လိုက်လျောညီထွေ အဆင့်ကိုတော့ ပြန်မရောက်နိုင်တော့ဘူး။
ပညာရှင်တို့၏ နှုတ်ထွက်စကားများအရ အင်းလေးကန်၏ရှေ့ရေးမှာ နောက်ဆုံး အဆင့်သို့ပင် ရောက်ရှိနေခဲ့ပေပြီ။ သည်အခြေအနေမှာ ကုစားမှုအားနည်းခဲ့သော် အနာဂတ်အင်းလေးကန်၏အရေးမှာ ရင်မအေးဖွယ်ရာများနှင့် မွန်းကျပ်လှပေသည်။ သည်တော့သည်အချိန်မှာ အမောတကောပင် ဦးစားပေး ပြင်ဆင်ကုစားကြရပေတော့မည်။ ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံမှ ဝိုင်းဝန်းစဉ်းစားပူးပေါင်း ပါဝင်ကြရပေမည်။ တစ်ဦးကောင်းတစ်ယောက်ကောင်း ဌာနတစ်ခုတည်းမှမဟုတ်ဘဲ အစိုးရ နှင့်အတူ အားလုံးသောအဖွဲ့အစည်းများ၊ ပြည်သူအပေါင်းတို့၏ ဝိုင်းဝန်းလက်များဖြင့် အင်းလေးကန်အသက်ဆက်မှုကို ပုံဖော်ကြရပေမည်။ သို့မှသာ ဘိုးဘေးအစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည့် အင်းလေး ကန်အသက်ရှင်ရပ်တည်မှုကို ဆွဲဆန့်နိုင်ကြပေမည်။ သို့မှသာမြန်မာနိုင်ငံတော်၏ ပုံရိပ်၌ အင်းလေးကန်၏ သဘာဝအလှပန်းချီကား ချပ်သည်လည်း စုတ်ချက်ပီပြင်ကာ ဆေးသားစိုလွင်နိုင်ပေမည်။ သည်အခါ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်အပေါင်းအား ညှို့ငင်ဖမ်းစားနိုင်ကာ နိုင်ငံတော်၏ဝင်ငွေဘဏ္ဍာများလည်း တိုးပွား၊ အင်းလေးသူအင်းလေးသားတို့၏ သွင်ပြင်များလည်း မျက်နှာငွေလဝင်း ပပဖြင့် လန်းမြပေရော့မည်။
အတိတ်ကာလဆီက စာဆိုတော်ကြီး စလေဦးပုည၏ ကဗျာတစ်စကို နားထဲကြားယောင်လာမိခိုက် အင်းလေးကန်၏ နှောင်းခေတ်ပန်းချီကားချပ်တစ်ချပ်က အမြင်အာရုံထဲ ဝေ့၀ဲကခုန်လျက်ဖြင့်....။
တောင်ယံနှင့်ရေ
လွမ်းစရာပွေသောကြောင့်
ညောင်ရွှေသီရိ နန်းဇာတိကို
မျှော်မိယမ်းယောင် ဗျာပါနှောင်၍
သည်းခေါင်ကြွေအံ့ ဖြေမတံ့နိုင်
ဆွတ်ပျံ့လွမ်းရှာမိပါသည်....
 
 

Most Read

Most Recent