ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေခြေစမ်းပွဲတွင် မြန်မာအသင်းနှင့် နယူးဇီလန်တို့ သရေကျ

ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေခြေစမ်းပွဲတွင် မြန်မာအသင်းနှင့် နယူးဇီလန်တို့ သရေကျ
Published 7 September 2015

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေခြေစမ်းပွဲများဖြစ်သည့် ရုပ်ရှင်၊ ဂီတ အနုပညာရှင်များနှင့် လက်ရွေးစင်ဟောင်းများ ခြေစမ်းပွဲ၊ မြန်မာ့လက်ရွေးစင် အသင်းနှင့် နယူးဇီလန်လက်ရွေးစင် အသင်းတို့၏ ခြေစမ်းပွဲများကို စက်တင်ဘာ ၇ ရက်တွင် သုဝဏ္ဏကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာအသင်းနှင့် နယူးဇီလန်ပွဲမတိုင်မီ ရုပ်ရှင်၊ ဂီတအနုပညာရှင်များနှင့် လက်ရွေးစင်ဟောင်းများ၏ ခြေစမ်းပွဲကို ကစားခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်းနှင့် နယူးဇီလန် လက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲကို ညနေ ၆ နာရီတွင် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ကူဝိတ်အသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲထွက်လူစာရင်းမှ ငါးနေရာ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ကျော်ကိုကို၊ အောင်သူ၊ ရန်အောင်ကျော်၊ မျိုးမင်းလတ်၊ နန္ဒကျော်၊ ကျော်ဇင်လွင် စသည့် ကစားသမားများဖြင့် ပွဲထွက်ခဲ့သည်။
ပထမပိုင်းတွင် နယူးဇီလန်အသင်းက ပယ်နယ်တီသွင်းဂိုးဖြင့် မြန်မာအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်း ပွဲကစားချိန် ၆၆ မိနစ်တွင် ရန်အောင်ကျော်၏ ဖန်တီးပေးပို့မှုမှတစ်ဆင့် သီဟဇော်က မြန်မာအသင်းအတွက် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူ နိုင်ခဲ့သောကြောင့် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးသွားခဲ့သည်။
ပွဲရလဒ်
မြန်မာ ၁ - ၁ နယူးဇီလန်