ကချင်ပြည်နယ်တစ်ခုလုံးတွင် လာမည့်ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသည့် တပ်မတော်သားနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ရဲတပ်ဖွဲ့နှင့် ၎င်းင်းတို့၏ မိသားစုဝင်များ စုစုပေါင်း သုံးသောင်းဝန်းကျင်ရှိကြောင်း ကချင်ပြည်နယ် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က ပြောကြားသည်။
လာမည့်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်တစ်ခုလုံး၌ မဲပေးခွင့်ရှိသူ စုစုပေါင်း ၇၅၆၀၀၀ (ခုနစ်သိန်းငါးသောင်းခြောက်ထောင်) ကျော်ရှိကြောင်း ၎င်းက ဆိုသည်။
ဦးထွန်းအောင်ခိုင်က “ တပ်မတော်သားတွေ၊ တပ်မတော်သားမိသားစုတွေ၊ ရဲတွေ၊ ရဲမိသားစုတွေ အဲဒီမဲစာရင်းတွေက အခုအကုန်ပါပြီ။ အမှန်တကယ်ကတော့ သူတို့က အခြေခံမဲစာရင်းထဲမှာ ပါရမှာပေါ့။ ကျွန်တော်တို့က သူတို့ရဲ့ တာဝန်ထမ်းဆောင်မှုအပိုင်းအရ အပြောင်းအလဲတွေ များလွန်းတဲ့အတွက် ပထမဦးဆုံးကောက်ခဲ့တဲ့ အခြေခံမဲစာရင်းမှာ မပါခဲ့တာ။ တကယ်တမ်းက အဲဒီကတည်းက ပါခဲ့ရမှာ။ အဲဒါကြောင့်မို့ အခုနောက်ဆုံးစာရင်းမှာ ထုတ်ပြန်ကြေညာမှာပါ။ အားလုံး ဘယ်လောက်ရှိလဲဆိုတော့ အကြမ်းဖျင်းတော့ သုံးသောင်းပတ်ဝန်းကျင်တော့ရှိမယ်။ ရဲရယ်၊ တပ်မတော်သားရယ်၊ တပ်မတော်သားမိသားစုတွေ၊ ရဲမိသားစုတွေပေါ့ဗျာ” ဟု ပြောကြားသည်။
“အခြေခံမဲဆန္ဒရှင်စာရင်းမှာက တချို့မဲဆန္ဒရှင်စာရင်းတွေ ကျန်ခဲ့တာရှိတယ်ဗျာ။ တချို့ကျတော့လည်း သေပြီးတဲ့သူတွေ မပါဝင်သင့်တဲ့သူတွေ အခြေခံမဲစာရင်းမှာ ပါဝင်ခဲ့တာတွေလည်း ရှိတယ်ဗျာ။ အဲဒီတော့ အဲဒီဟာမျိုးတွေကို မပါဝင်သင့်တာတွေကို ကျွန်တော်တို့ ထုတ်ပယ်ရတယ်။ ပါဝင်သင့်ပြီး ကျန်နေတဲ့ဟာတွေကို ထပ်ဖြည့်ရတယ်။ အဲဒီလို အတိုးအလျှော့တွေလုပ်ပြီးတော့မှ တပ်မတော်သားတွေ၊ တပ်မိသားစုတွေ ရဲတွေ၊ ရဲမိသားစုတွေ ပေါင်းလိုက်တဲ့အခါ အကြမ်းဖျင်းတော့ လက်ရှိအနေအထားကတော့ ၇၅၆၀၀၀ ကျော်လောက်ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒီမှာ ပုံစံ-၃(က)တွေက အောက်တိုဘာ ၁၀ ရက်အထိ လက်ခံဆောင်ရွက်ပေးမှာဆိုတော့ ရွေးကောက်ပွဲမှာ မဲရုံမှာကပ်တဲ့ စာရင်းကတော့ ထပ်ပြီးတိုးလာမှာပေါ့” ဟု ၎င်းက ဆက်လက်ပြော ကြားသည်။
ယခု စက်တင်ဘာလအတွင်း၌ မဲဆန္ဒရှင်စာရင်းများကို တစ်နိုင်ငံလုံး၌ ကပ်ထားမည်ဖြစ်ရာ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မဲစာရင်းကပ်သည့်အခါတွင် သွားရောက်ကြည့်ရှု၍ မဲစာရင်းတွင် မပါပါကလျှောက်ထားခြင်း၊ အချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ခြင်း၊ မပါသင့်သူများပါနေပါက ကန့်ကွက်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ ကြိုတင်မဲပေးခွင့်ရှိသူများမှ အပ မဲရုံသို့ကိုယ်တိုင်လာရောက်မဲပေးရမည်ဖြစ်ကြောင်း စသည်တို့နှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြီးခဲ့သည့်ဇွန်လတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့်တွေ့ဆုံစဉ် ရှင်းလင်းပြောကြားထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ရွေးကောက်ပွဲတွင် တပ်မတော်အနေဖြင့် မည်သူ့ကို ထောက်ခံမည်ဆိုပြီး ညွှန်ကြား၍ မရကြောင်းနှင့် တပ်မတော်သားတစ်ဦး အနေဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် မဲပေးခွင့်ရှိသည်ဟု ပြီးခဲ့သည့်သြဂုတ် ၂၁ ရက်က ဂျပန်နိုင်ငံ အဆာဟိရှင်ဘွန်း သတင်းဌာန နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
အဆာဟိရှင်ဘွန်းသတင်းဌာနက “ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ မေးချင်ပါ တယ်။ ဒီနိုဝင်ဘာမှာ အထွေထွေရွေးကောက်ပွဲ ဒီနိုင်ငံမှာရှိပါတယ်။ အဲဒါ အင်မတန် အရေးကြီးတယ်လို့ ကျွန်တော်တို့လည်း ယူဆပါတယ်။ အဲဒီရွေးကောက်ပွဲမှာ တပ်မတော်အနေနဲ့ကျတော့ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံအားပေးတယ်ဆိုတဲ့သဘောလို့ ကျွန်တော်တို့ ယူဆလို့ရပါသလား” ဟု မေးမြန်းသည့်အပေါ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒီလိုပေါ့ တိုင်းပြည်ကို တကယ်ကောင်းအောင်လုပ်ပေးမယ်၊ အကျိုးရှိအောင်လုပ်ပေးမယ်၊ တိုင်းပြည်အကျိုးရှိအောင်လုပ်မယ့် လူပုဂ္ဂိုလ်၊ တိုင်းပြည်အကျိုးရှိအောင် လုပ်မယ့်ပါတီကို ကျွန်တော်တို့ကတော့ တပ်မတော်အနေနဲ့ မဟုတ်ပါဘူး။ တပ်မတော်သား တစ်ယောက် အနေနဲ့ကတော့ သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက် နဲ့ သူဆန္ဒပြုလို့ရပါတယ်။ တပ်မတော်က ထောက်ခံတယ်၊ ပြုတယ်၊ တပ်မတော်အနေ နဲ့ကတော့ ဘယ်သူ့ကို ထောက်ခံတယ်၊ ဘယ်ဝါ့ကို ထောက်ခံမယ်ဆိုပြီးတော့ ညွှန် ကြားလို့တော့မရပါဘူး။ ဒါ လူတစ်ဦးချင်းရဲ့ မဲပေးပိုင်ခွင့် Right ရှိတယ်။ ဒါ့ကြောင့် သူ့ရဲ့ဆန္ဒပေါ်မှာမူတည်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်တစ်ခုလုံးတွင် ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသည့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်နှင့် ၎င်းတို့၏မိသားစုဝင်များစာရင်း သုံးသောင်းဝန်းကျင်ရှိ















