ရန်ကုန်စတော့အိတ်ချိန်းတွင် Underwriter လိုင်စင်ဝန်ဆောင်မှုပေးရန် ကုမ္ပဏီတစ်ခုချင်းစီက တင်ပြထားသည့် ငွေကျပ်၁၅ ဘီလျံကိုငွေဖြူဟုတ်မဟုတ် စစ်ဆေးနေကြောင်း မြန်မာ့ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်မှုကော်မရှင်မှ သိရသည်။
စတော့အိတ်ချိန်းတွင် စာရင်းဝင်အဖြစ် ဝင်ရောက်ရန် စံသတ်မှတ်ချက် ၁၈ ချက်ထွက်ရှိလာပြီးဖြစ်ကာ ယခုလက်ရှိတွင် ကုမ္ပဏီ ၅၇ ခုမှ ဝန်ဆောင်မှုဆိုင်ရာ လိုင်စင်များအတွက် လုပ်ကိုင်ရန် လျှောက်ထားသည်ဟု သိရပြီး ကုမ္ပဏီအမည်စာရင်း အတိအကျကိုမူ ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။ စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများအတွက် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်မည့် Underwriter လိုင်စင်ကို ယခုလကုန်တွင် ထုတ်ပေးနိုင်ရန် တင်ပြသည့် ငွေများကို ငွေဖြူဟုတ်မဟုတ် စစ်ဆေးနေခြင်းဖြစ် ကြောင်း သိရသည်။
“အခုက စတော့အိတ်ချိန်းအတွက်ကို ဝန်ဆောင်မှုပေးမယ့် Underwriter လိုင်စင် အမျိုးအစားကို စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ ကုမ္ပဏီကို အခုလကုန်မှာ ချထားပေးမယ်။ကျန်တဲ့အမျိုးအစားတွေကိုလည်း သူ့အချိန် နဲ့သူ ဖြည်းဖြည်းချင်း ချထားပေးးသွားမယ်။ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီအတွက်က ကျပ် ၁၅ ဘီလျံတင်ရမှာ ဖြစ်တဲ့အပြင် သူကအိုင်စီတီနဲ့ ပတ်သက်ပြီးတော့လည်း နှစ်သန်းသုံးသန်းလောက် ထပ်သုံးရမှာဖြစ်တဲ့အတွက် သူက ပိုပြီးရင်းနှီးရတယ်။ ဒီလထဲမှာ လိုင်စင်ချပေးဖိ့ုကိုလည်း နောက်ဆုံးအဆင့် ငွေဖြူငွေမည်း စစ်ဆေးတဲ့အဆင့်ရောက်နေပါပြီ” ဟု မြန်မာ့ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်မှုကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာများရောင်းချခွင့် လုပ်ငန်းလိုင်စင်အတွက် ကျပ်သန်း ၃၀ မှ ကျပ် ၁၅ ဘီလျံ အထိ သတ်မှတ်ထားပြီး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မည့် Underwriter လိုင်စင်တစ်ခု အတွက် ကျပ် ၁၅ ဘီလျံ၊ ဝယ်ရောင်းလုပ်ငန်း အမျိုးအစား Dealer လိုင်စင်အတွက် ကျပ် ၁၀ ဘီလျံ၊ အကျိုးဆောင်လုပ်ငန်း Broker လိုင်စင်အတွက် ကျပ်ခုနစ်ဘီလျံ၊ အကြံပေး လုပ်ငန်းConsultant လိုင်စင်အတွက် ကျပ်သန်း ၃၀ သတ်မှတ်ထားကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းအား ရွေးကောက်ပွဲကာလနှင့် နီးကပ်နေသဖြင့် ယခုနှစ်ဒီဇင်ဘာလတွင် ဖွင့်လှစ်ရန် ရည်မှန်းထားကြောင်း မြန်မာ့ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်မှုကော်မရှင်ထံမှ သိရသည်။
မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်နိုင်ငံ ဒိုင်ဝါသုတေသနအဖွဲ့လီမိတက်၊ Japan Exchange Group တို့သည် နှစ်ဦးသဘောတူနားလည်မှုစာချွန်လွှာကို ၂၀၁၄ခုနှစ် ဒီဇင်ဘာ ၂၃ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ရန်ကုန်စတော့အိတ်ချိန်းကို ပထမအရစ် အနေဖြင့် ငွေကျပ် ၃၂ ဘီလျံ မတည်ရင်းနှီးမှုပြုလုပ်မည်ဖြစ်ပြီး မြန်မာ-ဂျပန်ဖက်စပ်လုပ်ဆောင်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံဘက်မှ ၅၁ရာ ခိုင်နှုန်းနှင့် ဂျပန်နိုင်ငံဘက်မှ ၄၉ ရာခိုင်နှုန်း ထည့်ဝင်၍ မြန်မာနိုင်ငံအနေဖြင့် ၁၆ ဒသမ ၃၁ ဘီလျံကျပ် ထည့်ဝင်ရမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် Underwriter လိုင်စင် ဝန်ဆောင်မှုပေးရန် ကုမ္ပဏီတစ်ခုချင်းစီမှ တင်ပြထားသည့် ငွေကျပ် ၁၅ ဘီလျံကို ငွေဖြူဟုတ်မဟုတ် စစ်ဆေးနေ










