ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် လေးနှစ်နှင့် ရှစ်နှစ် နှစ်လတ်ချေးငွေများသာ လက်ရှိတွင် ထုတ်ချေးနိုင်သော်လည်း နှစ်ရှည်ထုတ်ချေးနိုင်ရေး စီစဉ်နေ

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် လေးနှစ်နှင့် ရှစ်နှစ် နှစ်လတ်ချေးငွေများသာ လက်ရှိတွင် ထုတ်ချေးနိုင်သော်လည်း နှစ်ရှည်ထုတ်ချေးနိုင်ရေး စီစဉ်နေ
Published 7 September 2015
နီလာ

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် အိမ်ဆောက်လိုသူများနှင့် အိမ်ဝယ်လိုသူများအတွက် အတိုး ၁၂ ရာခိုင်နှုန်းဖြင့် ငွေထုတ်ချေးလျက်ရှိရာ လက်ရှိအချိန်တွင် လေးနှစ်နှင့်ရှစ်နှစ် နှစ်လတ်ချေးငွေများ အဖြစ်သာ ထုတ်ချေးနိုင်သေးသော်လည်း နှစ်ရှည်ချေးငွေ ထုတ်ချေးနိုင်ရေး စီစဉ်နေကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။“အခုချိန်မှာကတော့ နှစ်လတ်ချေးငွေကိုပဲ ချေးနိုင်ပါသေးတယ်။ မန္တလေးကို လေးနှစ်ပေးထားတယ်။ ရန်ကုန်က ရွှေလင်ဗန်းအိမ်ရာကို ရှစ်နှစ်ပေးထားပါတယ်။ ဒါ့အပြင် နှစ်ရှည်ထုတ်ချေးနိုင်ဖို့အတွက် အစီအစဉ်တွေကိုလည်း စတင်ဆောင်ရွက်နေပါပြီ။ နှစ်ရှည်ဆိုတာမှာ ကျွန်တော်တို့ကို နှစ် ၂၀ ချေးပေးမယ့်သူရှိရင် ကျွန်တော်တို့ကလည်း နှစ် ၂၀ ထုတ်ချေးပေးသွားမှာပါ” ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် လက်ရှိထုတ်ချေးပေးနေမှုမှာ လူတစ်ဦးလျှင် မည်မျှချေးပေးမည်ဆိုသည့် သတ်မှတ်ချက် မရှိဘဲ ပြန်ဆပ်နိုင်သည့် ပမာဏကို စိစစ်ပြီး ထုတ်ချေးပေးနေခြင်းဖြစ်ကြောင်း၊ အတိုးနှုန်းအနေဖြင့် ၁၂ ရာခိုင်နှုန်း၊ ဝန်ဆောင်ခအနေဖြင့် တစ်ရာခိုင်နှုန်းဖြစ်ရာ စုစုပေါင်း အတိုး ၁၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။“အခုလောလောဆယ်မှာ အိမ်ဝယ်တဲ့သူရော အိမ်ဆောက်တဲ့သူရောကို ဘဏ်က ပိုက်ဆံချေးပေးနေပါပြီ။ လောလောဆယ် ဒီဘဏ်မှာ လာပြီးစုထားတဲ့ အပ်ငွေတွေနဲ့ ချေးပေးနေတာ။ အပ်ငွေနဲ့ ချေးတာဆိုတော့ ၁၃ ရာခိုင်နှုန်းနဲ့ ချေးပေးတာပေါ့။ အိမ်ဝယ်တဲ့သူကတော့ Higher Purchase နဲ့ပေါ့။ အိမ်ဝယ်တယ် ဆိုတာက အိမ်ဝယ်ခွင့်ရတယ်ဆိုတဲ့ ပါမစ် သူ့မှာရှိရမယ်။ အိမ်ရောင်းတဲ့သူကလည်း ရောင်းသူဝယ်သူစာချုပ် ရှိရမယ်။ နှစ်ဦးစလုံးက ကျွန်တော်တို့ဆီမှာ ဘဏ်အကောင့် လာဖွင့်ရမယ်။ သေချာအောင် လုပ်ပြီးတော့ ချေးရတာပေါ့နော်။ ဒီအတိုင်းကြီး ချေးလိုက်တာ မဟုတ်ဘူး” ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကြီးကြပ်ပြီး မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေနှင့် မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေနှင့်အညီ ဖွဲ့စည်းထား၍ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိထားသည့် ဘဏ်ဖြစ်ကြောင်း သိရသည်။အဆိုပါဘဏ်၏ ခွင့်ပြုမတည်ငွေရင်းမှာ ၁၀၀ ကျပ် ဘီလျံဖြစ်ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ အနေဖြင့် အပ်ငွေလက်ခံခြင်းတွင် စာရင်းရှင်အပ်ငွေ၊ ငွေစုဘဏ်အပ်ငွေ၊ အချိန်ပိုင်းအပ်ငွေ လုပ်ငန်းများကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ချေးငွေထုတ်ချေးခြင်းအပြင် ကမ္ဘောဇဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ထားသဖြင့် အဆိုပါဘဏ်များရှိသည့် မြို့ဒေသများသို့ ငွေလွှဲလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent