ပြည်သူ့အားနဲ့ ပြောင်းလဲဖို့ တစ်ခဲနက်မဲပေးစို့

ပြည်သူ့အားနဲ့ ပြောင်းလဲဖို့ တစ်ခဲနက်မဲပေးစို့
Published 7 September 2015
မောင်တင်ဦး(မြောင်းမြ)

များလိုက်တဲ့ ပါတီတွေ
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်မှာ ရွေးချယ်တင်မြှောက်ပွဲကျင်းပတော့မယ်။ အဲဒီ ရွေးချယ်တင်မြှောက်ပွဲကို မြန်မာနိုင်ငံရှိ ၁၈ နှစ် ပြည့်ပြီးတဲ့ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခံရသူများ မဲတစ်မဲစီပိုင်ဆိုင်ပြီး မိမိမဲပေးလိုတဲ့ လူပုဂ္ဂိုလ်ပါတီတို့ကို လွတ်လပ်စွာ မဲပေးနိုင်တယ်။ ကြိုက်တဲ့သူကို ထောက်ခံမဲ ပေးလိုက်တဲ့သဘောပေါ့။ လက်ရှိ မဲပေးစနစ်အရ ထောက်ခံမဲရသူအများကို ရွေးချယ်တင်မြှောက်ရတဲ့ စနစ်ဖြစ်တယ်။
ဒါကြောင့် ထောက်ခံမဲအများဆုံးရဖို့ မဲပြန့်မသွားဖို့လိုတယ်။ ပါတီပေါင်း ၉၂ ခု၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်ပေါင်း ၁၀၀၀ ကျော်၊ လွှတ်တော်ကိုယ်စားလှယ်လောင်းပေါင်း ၆၁၈၉ ဦး၊ မဲဆန္ဒနယ်ပေါင်း ၁၁၇၁ ခုရှိတယ်။ အမှန်တကယ် ရွေးချယ်ခံရမှာက ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်ပေါင်း ၃၃၀၊ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်ပေါင်း ၁၆၈ ဦးတို့သာဖြစ်တယ်။ ဒီလိုအခြေအနေကို ကိုယ်စားလှယ်တစ်ဦးချင်းစီကို  ဦးစားပေးမလား။ ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသ၊ ကိုယ့်မဲဆန္ဒနယ်ကိုပဲ ကွက်ကွက်လေးကြည့်မလား။ တစ်နိုင်ငံလုံး အနေအထားကို ခြုံငုံကြည့်မလား။ မဲဆန္ဒရှင်များ စဉ်းစားရမယ့်အချက်များဖြစ်တယ်။
လူအတော်များများနဲ့ တွေ့ဆုံမေးမြန်းကြည့်ရာမှ မဲဆန္ဒရှင်များရဲ့ သဘောထားကို သိရှိလာတယ်။ အချို့က ကြိုက်တဲ့လူကို မဲပေးမယ်။ ပါတီက အရေးမကြီးဘူး။ အချို့က ကြိုက်တဲ့ပါတီကို မဲပေးမယ် လူ (ကိုယ်စားလှယ်) ကိုမကြည့်ဘူး။ လို့ သဘောထားပေးကြတယ်။ အချို့က ပါတီရော၊ လူ (ကိုယ်စားလှယ်) ကို ရော၊ နှစ်ခုစလုံးကိုကြည့်မယ်။ တစ်ယောက်တစ်မျိုး အမြင်မတူ သဘောမညီဘဲ ပြောကြတယ်။
ကြိုက်တဲ့လူ ကြိုက်တဲ့ပါတီလို့ ဖြေကြတဲ့သူကို ထပ်မေးကြည့်မိတယ်။ လူနဲ့ပါတီ တစ်ထပ်တည်းမကျရင် ဘာကိုဦးစားပေးမလဲ။ အချို့က လူ ကိုဦးစားပေးမယ်လို့ ဖြေကြတယ်။ အချို့က ပါတီကိုဦးစားပေးမယ်လို့ ဖြေတယ်။ စာဖတ်သူတို့ရော ဘယ်လိုဆုံးဖြတ်မှာလဲ။
ဒီကနေ့ပေးရမယ့်မဲဟာ အင်အားအဖြစ်တည်ဆောက်တဲ့ မဲဖြစ်နေတယ်။ စည်းလုံးညီညွတ်မှု (Solidarity) ကိုပြဖို့ မဲပေးတာဖြစ်တယ်။ ပြည်သူဟာ ညီညွတ်တယ်။ ပြည်သူလိုချင်တာ ဒီမိုကရေစီဖြစ်တယ်။ ပြည်သူလိုချင်တာ အပြောင်းအလဲ (Change) ဖြစ်တယ်။ ပြည်သူညီညွတ်ရင် ဘာမဆိုဖြစ်သွားနိုင်တယ်။ ခုလတ်တလော ရေဘေးမှ ပြည်သူတွေရဲ့ညီညွတ်မှုကို ထင်ထင်ရှားရှားကြီး ပြသလိုက်ပြီ။ ပြည်သူကို ပြည်သူသာ ကူညီနိုင်တယ်ဆိုတာ သဘောပေါက်လာကြပြီ။ တစ်ယောက်တစ်မျိုးစိတ်ထဲရှိရာ လုပ်ကြလို့ မဖြစ်တဲ့ကာလကိုရောက်နေပြီ။ မညီညွတ်လို့မရတော့ဘူး။ ဒီတစ်ချီ အပီအပြင် ညီညွတ်ကြရမယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကိုဝင်ဖ့ို  ပါတီပေါင်း  ၉၂ ပါတီစာရင်း ပေးထားပြီ။ ဒီမိုကရေစီကို အမှန်တကယ် ကျင့်သုံးနေကြတဲ့ နိုင်ငံတွေ မှာ ပါတီတွေ အဲဒီလောက်မများကြဘူး။ ဒီအတွက် ပြည်သူတွေခေါင်းရှုပ်အောင် စဉ်းစားစရာမလိုဘူး။ ပါတီနှစ်ခု၊ သုံးခု။ သမ္မတလောင်း နှစ်ဦး၊ သုံးဦးပဲ ရွေးရမှာဖြစ်လို့ စိတ်ရှင်းရှင်းထား ရွေးချယ်ဆုံးဖြတ်နိုင်တယ်။ ခု မြန်မာပြည်မှာက ပါတီ ၉၂  ပါတီရှိတော့ ခေါင်းဆောင် ၉၂ ဦး ရှိနေပြီ။ ဒါ့အပြင် တပ်မတော်အစုကလည်း ခေါင်းဆောင်အဖြစ်ပါဝင်လာစရာ ရှိသေးတယ်လေ။ ဆိုတော့ ပြည်သူတွေခေါင်းရှုပ် နားမျက်စိလည်နေရပြီ။ ဘယ်သူ့ကိုရွေးရမလဲ။
ဗဟိုဦးစီးစနစ်အောက်မှာ
လူပုဂ္ဂိုလ်အချို့ကို ပါတီအချို့က အာဏာ၊ ရာထူး၊ စည်းစိမ်တွေနဲ့ စည်းရုံးပြီး ကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်း တင်သွင်းကြတယ်။ အဲဒီပုဂ္ဂိုလ် (ကိုယ်စားလှယ် လောင်း) ဟာ လူတော်၊ လူကောင်း၊ အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ကောင်းပိုင်ဆိုင်နေမှာဖြစ်တယ်။ ဒါပေမဲ့ အဲဒီကိုယ်စားလှယ်လောင်းရဲ့ ဦးနှောက်ထဲမှာ အကျင့်စရိုက်ထဲမှာ ဒီမိုကရေစီရှိမနေဘူး။ အထက်အမိန့်ကိုသာနာခံတတ်ပြီး အောက်လက်ငယ်သားကို မညှာမတာအနိုင်ကျင့်တတ်တဲ့ ဗဟိုဦးစီးစနစ်ကိုသာ စွဲစွဲလမ်းလမ်း ဖြစ်နေတတ်တာကို မဲဆန္ဒရှင်တွေ သတိရှိကြရမယ်။ ဗဟိုဦးစီးစနစ်ဟာ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ တွေးခေါ်တတ်မှုကို တစ်နည်းပြောရရင် ဒီမိုကရေစီကို ဆန့်ကျင်စေတယ်။ ထိုသို့သော ကိုယ်စားလှယ်ဟာ ရွေးချယ်မခံရမီ ပြည်သူ့ဘက်တော်သားဖြစ်ဟန် အသံကောင်းဟစ်ပြမှာမလွဲဘူး။ အဲဒီလို အသံကောင်းဟစ် စည်းရုံးဖို့ကလည်း ဗဟိုကချမှတ်ပေးလိုက်တဲ့ စည်းရုံးနည်းပဲဖြစ်တယ်။ နိုင်ကိုနိုင်ရမယ်။ တရားတာ၊ မျှတတာမလိုချင်ဘူး။ နိုင်တာပဲလိုချင်တယ်။
ဒါကြောင့် လူတော်လူကောင်းဖြစ်တိုင်း ဒီမိုကရေစီကို လက်ခံသူမဖြစ်နိုင်ဘူး။ ခိုင်းတာပဲလုပ်တတ်တဲ့ ပါတီကလူတွေဟာ ပြည်သူကောင်း စားရေးကို ဦးစားပေးဆောင်ရွက်မှာ မဟုတ်ဘူး။ အောက်ခြေလူတန်းစား ကို ငဲ့မကြည့်တတ်ဘူး။ အထက်လူကြီး ငြိုငြင်မှာကိုသာ ကြောက်တတ် ကြည့်တတ်သူတွေဖြစ်တယ်ဆိုတာ မဲဆန္ဒရှင်တွေ ကောင်းကောင်းသဘောပေါက်ဖို့ လိုတယ်။ ဒါဟာ ဗဟို ဦးစီးကျင့်သုံးတာကို နှစ်ခြိုက်စွဲလမ်း နေကြတဲ့ ပါတီတွေ၊ အဖွဲ့အစည်းတွေ၊  Institution တွေမှာ ဖြစ်တတ်တဲ့သဘာဝပဲ။

ပြည်မြို့တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ကျန်ရှိခြင်းနှင့် မှားယွင်းခြင်းများ ကင်းရှင်းနိုင်ရန် အိမ်တိုင်ရာရောက် မဲစာရင်းစိစစ်မှုများကို မိုးမေတ္တာနာရေးကူညီမှုအသင်းက ဇူလိုင်လက ပူးပေါင်းပြုလုပ်ပေးနေစဉ် (ဓာတ်ပုံ-ဝေလင်း)
မဲပေးတဲ့ရည်ရွယ်ချက်
ယနေ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ မဲပေးကြရတဲ့ ရည်ရွယ်ချက်က တစ်ခုပဲဖြစ်တယ်။ ေ၀ဝါးထွေပြား မနေကြဘဲ ပြတ်ပြတ်သားသားဖြစ်နေရမယ်။ အဲဒါက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကလိုပဲ အပြောင်းအလဲဖြစ်နိုင်တဲ့ အရွေ့ကိုရဖို့  တညီတညွတ်တည်း တူညီတဲ့ရပ်တည်ချက်နဲ့ တစ်ပြိုင်နက် ဝိုင်းတွန်းလိုက်ဖို့ လိုအပ်တယ်။ ဇီဇာကြောင် ရှေ့နောက်စဉ်းစား အာရုံထွေပြားနေရမယ့် အချိန်မဟုတ်ဘူး။ မဲဆွယ်ရာ နောက်လိုက်နေဖို့မဟုတ်ဘူး။ အပြောကောင်းမှုတွေကို ဦးနှောက်ထဲ ထည့်နေလို့မရဘူး။
ဘာသာရေးကို အကြောင်းပြတာလည်း မှုစရာမလိုဘူး။ အမျိုးသားရေးဆိုတာလည်း အကြောင်းပြ ချက်တစ်ခုသာဖြစ်တယ်။ နယ်မြေအေးချမ်းရေးဆိုတာလည်း စဉ်းစားစရာမရှိဘူး။ နောက်တက်လာမယ့် အစိုးရကဖော်ပြထားတဲ့ပြဿနာကို ယခုအခြေအနေထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်မှာ သေချာတယ်။
ဆိုတော့ မဲပေးတဲ့ရည်ရွယ်ချက်က ခိုင်မာကျစ်လျစ်တဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်လာဖု့ိဖြစ်တယ်။ ကိုယ်စားလှယ်လောင်းတွေကို မဲပေးရပေမယ့် အဲဒီကိုယ်စားလှယ်လောင်းရဲ့ အမည်ဟာ အရေးမကြီးဘူး။ အစိုး ရတစ်ရပ်ဖွဲ့နိုင်တဲ့ ကိုယ်စားလှယ်လောင်းအရေအတွက် ပြည့်မီရေးက ပိုအရေးကြီးတယ်။ ကိုယ်စားလှယ် လောင်းအမည်ကို ဦးစားပေးရွေးချယ်ခဲ့ရင် အစိုးရတစ်ရပ်ဖွဲ့နိုင်မယ့် အရေအတွက် လျော့နည်းသွားနိုင်တယ်။ မဲတွေပြန့်သွားနိုင်တယ်။ ကျစ်လျစ်တဲ့အစိုးရဖွဲ့နိုင်ဖို့ အရေအတွက် မပြည့်မီဘဲဖြစ်သွားနိုင်တယ်။ ဒီလိုအခြေအနေရောက်ခဲ့ရင် ပြည်သူ့ဘဝဟာ ဒုံရင်းအတိုင်းပဲရှိနေဦးမှာဖြစ်တယ်။
တကယ်တော့ ထောက်ခံတယ်ဆိုတာ ကိုယ်စားလှယ်လောင်းကို ကြိုက်ခြင်းမကြိုက်ခြင်းနဲ့ မဆိုင်ဘူး။ ရွေးကောက်ပွဲဥပဒေရဲ့ လုပ်ထုံးလုပ်နည်းရဲ့ကန့်သတ်ချက်ကြောင့် ပြည်သူဟာ သမ္မတကို တိုက်ရိုက်ရွေးချယ် ခွင့်မရှိဘူး။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တပ်မတော်သား ကိုယ်စားလှယ်တွေ သမ္မတနဲ့ ပြည်သူကြားမှာ ခြားပေးထားတယ်။ အဲဒီ အစုသုံးစုက ဒုတိယသမ္မတ တစ်ဦးစီကိုရွေးပေးပြီး အဲဒီဒုတိယသမ္မတသုံးဦးအနက်မှ တစ်ဦးကို ကိုယ်စားလှယ်တွေက ရွေးရတာ။ ပြည်သူက တိုက်ရိုက်ဆန္ဒပြုလို့ရတာတော့မဟုတ်ဘူး။
ဒီအခြေအနေတွေကို အဘက်ဘက်ကတွက်ဆပြီး လူပုဂ္ဂိုလ်ကြည့်ပြီး မဲပေးလိုက်ရင် တစ်သွေးတည်း တစ်သံတည်း တစ်မိန့်တည်းရပ်တည်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်ရဲ့ ထောက်ခံမှုဟာ တစ်သံတည်း၊ တစ်စုတည်းဖြစ်နေတာကြောင့် နိုင်ငံတော်သမ္မတဟာ တပ်မတော်သားဖြစ်သွားနိုင်တာကို မဲဆန္ဒရှင်တွေ သတိပြုရမယ်။
အမှန်တကယ်အပြောင်းအလဲ လိုချင်တယ်ဆိုရင် ပြည်သူတိုင်း၊ ပြည်သူတိုင်းရဲ့ မဲတစ်ပြားစီမှာ ပြောင်းလဲနိုင်တဲ့ ပါတီကိုသာ တစိုက်မတ်မတ်ကြည့်ပြီး မဲပေးကြရမယ်။ အခြေအနေအရ မိမိမဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းဟာ စိတ်တိုင်းမကျ ဖြစ်နေသည့်တိုင်အောင် ပြောင်းလဲနိုင်တဲ့ပါတီအမှတ် တံဆိပ်ကိုကြည့်ပြီး မျက်စိမှိတ်ပေးကြဖို့လိုတယ်။
မဲပြန့်သွားအောင် ပါတီတွေများနေပေမယ့် မိမိပိုင်ဆိုင်တဲ့မဲကို ပြန့်သွားစေမယ့်နေရာကို မရောက်စေဖို့ ဆင်ဆင်ခြင်ခြင် မဲပေးကြရမယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ထဲမှာ အပြောင်းအလဲ လုပ်ပေးနိုင်မယ့် ကိုယ်စားလှယ် ၃၀၀  အရွေးခံရဖို့လိုတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦး ထဲမှာ အပြောင်းအလဲလုပ်ပေးနိုင်မယ့် ကိုယ်စားလှယ် ၁၆၀ အရွေးခံရဖို့လိုတယ်။ ဒါမှ ပြည်ထောင်စုလွှတ် တော်မှာ ၄၆၀ ရရှိပြီး သမ္မတရွေး နိုင်မယ့် မဲအရေအတွက် ရရှိမှာဖြစ်တယ်။ အပြောင်းအလဲလုပ်နိုင်တဲ့သူ သမ္မတဖြစ်မှ ဒီမိုကရေစီနိုင်ငံတော် ဖြစ်လာမယ်။ ဒီမိုကရေစီနိုင်ငံတော်ဖြစ်မှ ခေါက်ရိုးကျိုးအမိန့်ကိုသာနာခံတတ်တဲ့ ဗဟိုဦးစီးစနစ်ကို ဖျက်သိမ်းနိုင်မှာ။
ဒါကြောင့် ယခုလာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ မိမိမဲဆန္ဒ၊ မိမိရွေးချယ်လိုသော ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ချင်စိတ်တွေ ခေတ္တချိုးနှိမ်ထားပြီး အမှန်တကယ်အပြောင်းအလဲ လုပ်ဆောင်နိုင်မည့်  ပါတီကိုသာ တညီတညွတ်တည်း ထောက်ခံမဲ ပေးကြဖို့ ဖြစ်တယ်။  အုပ်ချုပ်မယ့်လူကိုရွေးတာမဟုတ်ဘူး။  လူကိုရွေးရင် တစ်ယောက်တစ်ဦးသာရမယ်။ နိုင်ငံတော်ကြီးပြောင်းလဲဖို့ မဲပေးတာလို့သဘောမှတ်ယူကြရမယ်။ ဒါကြောင့် ပါတီကိုရွေးမှ စုစည်းတဲ့အင်အားတစ်ရပ် ဖြစ်ထွန်းလာမှာ။
ရေဘေးကပေးလိုက်တဲ့ ပြည်သူတွေရဲ့ ညီညွတ်မှုကို နမူနာယူရင်း တောင်ပြိုကမ်းပြို မဲပေးကြဖို့ တိုက်တွန်းရပါကြောင်း။
 
 
 
 

Most Read

Most Recent