နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ဆွေးနွေးပွဲကို စက်တင်ဘာ ၉ ရက်တွင် ပြုလုပ်ရန်ရှိနေ၌ အောက်ခြေတပ်များအကြား တင်းမာမှုများ မရှိစေရေး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် အောက်ခြေတပ်များကို အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တို့ ညွှန်ကြားထားကြောင်း အစိုးရနှင့် KIO တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး ညှိနှိုင်းဆောင်ရွက်ပေးနေသည့် မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ပြောကြားသည်။အစိုးရတပ်မတော်နှင့် KIA တို့အကြား ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် မလိယန်ကျေးရွာ အနီးတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေသည့်ကိစ္စ အပါအဝင် နှစ်ဖက်အကြား ပြဿနာ များဖြေရှင်းနိုင်ရေးတို့နှင့် ပတ်သက်ပြီး ယခုစက်တင်ဘာ ပထမပတ်အတွင်း နှစ်ဖက်ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ ကိုယ်စားလှယ်များ မြစ်ကြီးနားမြို့၌ တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း နေပြည်တော်ဆွေးနွေးပွဲနှင့် တိုက်ဆိုင်နေသောကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားသည်ဟု ၎င်းကဆိုသည်။ကချင်ပြည်နယ် အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများ ပါဝင်သည့် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့နှင့် KIO ကိုယ်စားလှယ်များ ပါဝင်သည့် ပဋိပက္ခညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တို့သည် ယခင်က လစဉ်တွေ့ဆုံ၍ နှစ်ဖက်အကြား ပြဿနာများ ဆွေးနွေးဖြေရှင်းခဲ့ရာ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် တပ်မတော်မှ ကချင်ပြည်နယ် လိုင်ဇာဒေသရှိ KIO/KIA ဗိုလ်သင်တန်းကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်မှုဖြစ်ပြီး နောက်ပိုင်းတွင် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့များ တွေ့ဆုံမှုနည်းခဲ့ပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဦးဆန်းအောင်က “ရက်ကတော့ လာတိုက်နေတဲ့ အခါကျတော့ နိုင်ငံတော်သမ္မတ အဆင့်နဲ့ လုပ်နေတဲ့ပွဲကို လေးစားတဲ့အနေနဲ့ ဒီဘက်ကဟာကို ရက်ရွှေ့လိုက်တယ်။ ရက်ရွှေ့လိုက်တယ် ဆိုတာက ဟိုဘက်က ဆွေးနွေးနေတဲ့ အချိန်မှာ နှစ်ဖက်ကလည်း ကိုယ့်အစီအစဉ်နဲ့ တင်းမာမှုတွေ မဖြစ်အောင် ထိန်းသိမ်းကြမယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ပြီးမှ လိုအပ်ရင် လိုအပ်သလို ပြန်လုပ်ဖို့ ရှိပါတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ထိန်းသိမ်းကြမယ်။ နှစ်ဖက်ကလည်း အရင်လို မဖြစ်စေဘဲနဲ့ အခု ထိပ်သီးတွေ့ဆုံတဲ့ဟာကို လေးစားတဲ့ အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ နှစ်ဖက်စလုံးက အောက်ခြေကို ညွှန်ကြားတာတော့ ရှိတယ်” ဟု ပြောကြားသည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင် ရှစ်ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် စက်တင်ဘာ ၉ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ၍ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးမည်ဖြစ်သည်။တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) အဖွဲ့ဝင် ဦးခွန်မြင့်ထွန်းက “ကျွန်တော်တို့ သိထားတာက မနက်ဖြန် ၆ ရက်နေ့ဆိုရင် ဆွေးနွေးမယ့် ခေါင်းဆောင်ကြီးတွေ ရန်ကုန်မှာ ရောက်ကြမယ်။ ၇ ရက်နဲ့ ၈ ရက်မှာတော့ နေပြည်တော်ကိုသွားမယ်။ ပြီးရင် ၉ ရက်နေ့မှာ သမ္မတတို့ တပ်ချုပ်တို့နဲ့ ဆွေးနွေးမယ်။ ကျွန်တော်တို့ဆီက အဓိကဆွေးနွေးဖို့ ထိပ်သီးအစည်းအဝေးက နေပြီးတော့ လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ အပ်နှင်းပြီးတော့မှ ဒီဆွေးနွေးမယ့် အဖွဲ့ကြီးငါးဖွဲ့က ခေါင်းဆောင်ငါးဦး အဲဒီ ကြီးငါးကြီးနဲ့ နောက်တစ်ခါ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ ခေါင်းဆောင်သုံးယောက် စုစုပေါင်း ရှစ်ဦးက နေပြည်တော်မှာ ဆွေးနွေးမှာပါ။ ဆွေးနွေးတဲ့ အခါကျရင် ကျွန်တော်တို့ အဓိက နားလည်ထားတာကတော့ နှစ်ဖက်မှာ အမြင့်ဆုံးအဆင့်မှာရှိတဲ့ ခေါင်းဆောင်တွေ အနေနဲ့ အပြီးသတ် ဆွေးနွေးဆုံးဖြတ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု စက်တင်ဘာ ၅ ရက်က ပြောကြားသည်။
အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲ ရှိနေ၍ အောက်ခြေတပ်များအကြား တင်းမာမှုများ မရှိစေရန် အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့ ညွှန်ကြားထားကြောင်း သိရ















