စံချိန်တင်ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည့် အာဆီယံအသင်းများအနက်မှ မလေးရှားနည်းပြ နုတ်ထွက်ခဲ့ပြီး မြန်မာအသင်းနည်းပြချုပ် အေဗရာမိုဗစ်ကိုလည်း ထုတ်ပယ်ရန် တောင်းဆိုမှုများရှိနေ

စံချိန်တင်ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည့် အာဆီယံအသင်းများအနက်မှ မလေးရှားနည်းပြ နုတ်ထွက်ခဲ့ပြီး မြန်မာအသင်းနည်းပြချုပ် အေဗရာမိုဗစ်ကိုလည်း ထုတ်ပယ်ရန် တောင်းဆိုမှုများရှိနေ
Published 6 September 2015

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ ပွဲစဉ် (၃) ၌ စံချိန်တင် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် အာဆီယံအသင်းများအနက်မှ မလေးရှားလက်ရွေးစင်အသင်းနည်းပြချုပ် ဒိုလာဘင်ဆာလာသည် ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။ မလေးရှားအသင်းနည်းတူ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အေဗရာမိုဗစ်ကိုလည်း ရာထူးမှထုတ်ပယ်ရန် တောင်း ဆိုမှုများရှိနေကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် ၁၉၇၇ ခုနှစ်က အဆိုးရွားဆုံးရှုံးပွဲနှင့် ကြုံတွေ့ပြီးနောက်ပိုင်း ပြိုင်ဘက်အသင်းများကို အများဆုံး ၇ ဂိုးဖြင့်သာ ရှုံးနိမ့်ခဲ့ပြီး ၃၈ နှစ်အကြာတွင် ကူဝိတ်အသင်းကို (၉-ဝ) ဂိုး ဖြင့် ရှုံးနိမ့်ပြီး အဆိုးရွားဆုံးရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင်နည်းပြချုပ် အေဗရာမိုဗစ်ကို ပြီးခဲ့သည့် ဇွန်လကမှ တစ်နှစ်ခွဲသက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုထားပြီး ယင်းစာချုပ်မှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ကုန်ဆုံးမည်ဖြစ်သည်။ အေဗရာမိုဗစ်သည် စင်ကာပူလက်ရွေးစင်အသင်းကို အောင်မြင်မှုများစွာ ရယူပေးခဲ့သော်လည်း မြန်မာ့လက်ရွေးစင်အသင်းကို အဓိက နိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှုများ ရယူပေးနိုင်ခြင်းမရှိသေးပေ။ ယခု ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်လည်း မြန်မာအသင်းမှာ နိုင်ပွဲမရရှိသေးပေ။

Most Read

Most Recent