နယူးဇီလန်လက်ရွေးစင်အသင်း မြန်မာလူငယ်ကစားသမားများအား လေ့ကျင့်မှုများ ပြုလုပ်ပေး

နယူးဇီလန်လက်ရွေးစင်အသင်း မြန်မာလူငယ်ကစားသမားများအား လေ့ကျင့်မှုများ ပြုလုပ်ပေး
Published 6 September 2015

မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရန် ရန်ကုန်မြို့သို့ရောက်ရှိနေသည့် နယူးဇီလန်လက်ရွေးစင်အသင်းသည် စက်တင်ဘာ ၅ ရက်က အား/ကာသိပ္ပံ (ရန်ကုန်) သို့ သွားရောက်ကာ မြန်မာလူငယ်ဘောလုံးသမားများကို ဘောလုံးအခြေခံနည်းစနစ်များ သင်ကြားပေးခဲ့ကြောင်း သိရသည်။ နယူးဇီလန်လက်ရွေးစင် အသင်းခေါင်းဆောင် ဝင်စတန်ရိဒ် ဦးဆောင်သည့် နယူးဇီလန်လက်ရွေးစင် ကစားသမားများမှာ နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ တစ်နာရီကြာ သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
အား/ကာသိပ္ပံ (ရန်ကုန်) မှ ကစားသမားများ၊ ကျိုက်ဝိုင်းမိဘမဲ့ကျောင်းမှ ကစားသမားများ စုစုပေါင်း ကစားသမား ၁၀၀ ကို ဘောလုံးကွင်းနှစ်ကွင်း၌ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး နယူးဇီလန် ကစားသမားများက အင်္ကျီများ အမှတ်တရလက်ဆောင် ပေးအပ်ခဲ့သလို လူငယ်ကစားသမားများနှင့်လည်း အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့သည်။ နယူးဇီလန် လက်ရွေးစင်အသင်းတွင် ခြေစမ်းပွဲကစားရန် ရောက်ရှိနေသည့် အုပ်ချုပ်/နည်း ပြအဖွဲ့ဝင်များ၊ ကစားသမားများ လိုက်ပါလာပြီး ဘောလုံးအခြေခံနည်းစနစ်များ သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ နယူးဇီလန် လက်ရွေးစင်အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်မည်ဖြစ်သော်လည်း သမုဒ္ဒရာ ပိုင်းဇုန် ဒုတိယအဆင့်ခြေစစ်ပွဲများမှာ စတင်ခြင်း မရှိသေးသောကြောင့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲမတိုင်မီ ရန်ကုန်မြို့သို့ တစ်ပတ်ကြိုတင်လာရောက်ကာ လေ့ကျင့်နေခြင်းဖြစ်သည်။ နယူးဇီလန်လက်ရွေးစင်အသင်းတွင် ဥရောပအခြေစိုက် ကစားသမားများ အစုံအလင် ပါဝင်လာပြီး ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းနောက်ခံလူ ဝင်စတန်ရိဒ်က ဦးဆောင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် နယူးဇီလန်လက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲကို လာမည့် စက်တင်ဘာ ၇ ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး ယင်းခြေစမ်းပွဲကို ရန်ပုံငွေပွဲအဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။