ကစားခုန်စား၊ စွမ်းအား တင့်တယ်နိုင်စေဖို့ ...

ကစားခုန်စား၊ စွမ်းအား တင့်တယ်နိုင်စေဖို့ ...
Published 6 September 2015
ယဉ်မျိုးသွယ်

၃၅ လမ်းနဲ့ ၇၁ လမ်းထောင့်က မဟာနွယ်စဉ်ကွင်း (ဂေါ်ရာကွင်း) မှာ အူရီဒူးရဲ့ ပျော်ပွဲရွှင်ပွဲအထိမ်းအမှတ်ဆိုပြီး ဂိမ်းကစားနည်းတွေ၊ လက်ဆောင်ပေးတဲ့အစီအစဉ်တွေနဲ့လူတွေ ကြိတ်ကြိတ်တိုးစည်ကားနေ တာမြင်လိုက်ရတယ်။ ခါတိုင်းအဲဒီကွင်းမှာ ဘောလုံးကစားတဲ့ အသင်းသုံးလေးသင်းနဲ့ အမြဲစည်ကားနေပြီး ဖုန်လုံးတွေက ၃၅ လမ်းပေါ်အထိ ဝေ့၀ဲနေကျမို့ သတိထားမိနေတယ်။ နောက်ဆက်တွဲအတွေးက ဒီလိုပွဲတွေကျင်းပတော့ ခါတိုင်းကစားနေတဲ့သူတွေ ဘယ်သွားကစားကြလဲဆိုတာပါ။ တစ်နိုင်ငံလုံးအ တိုင်းအတာအနေနဲ့ ဘောလုံးကွင်းတွေ၊ အပန်းဖြေစရာ အခမဲ့ပန်းခြံတွေ ပျောက်ကွယ်လာတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မန္တလေးမှာရောကွင်းတွေ ဘယ်လောက် ကျန်သေးလဲဆိုပြီး ပြန်စဉ်းစားမိတယ်။ လက်လှမ်းမီသလောက် သိသလောက်ပေါ့။
အခုလက်ရှိ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေကို ရတနာပုံအသင်းရဲ့ အိမ်ကွင်းအဖြစ် လက်ခံကျင်းပနေတဲ့ ဗထူးကွင်းဟာဆိုရင် ကိုလိုနီခေတ်ကတည်းကရှိခဲ့ပြီးနောက်ပိုင်းမှာ ပထမတန်းအသင်းတွေ ယှဉ်ပြိုင်က စားခဲ့ကြပါတယ်။ ကွင်းဖွင့်ဖလား၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း၊ ရတနာပုံဒိုင်း၊ ကျောက်ကုန်သည်ကြီးများဖလား၊ ကွင်းပိတ်ဖလား စတဲ့ အမည်တွေနဲ့ပြိုင်ပွဲတွေမပြတ်ခဲ့ဘူးလို့ မန္တလေးရဲ့ဘောလုံးချစ်ပရိသတ်တစ်ဦးက သ တိတရနဲ့ ပြောပြပါတယ်။ နောက်တစ်ခုက ၃၅ လမ်း၊ ၈၅ လမ်းနဲ့ ၈၆ လမ်းကြား မလွန်ကွင်းပါ။ အဲဒီမှာ ဒုတိယတန်းအဆင့်ပြိုင်ပွဲတွေ ယှဉ်ပြိုင်ပြီးမှ ဗထူးကွင်းပထမတန်းကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတာပါ။ မလွန် ကွင်းမှာ ပွဲကြည့်စင်တွေပါရှိသလို ပြိုင်ပွဲအမျိုးမျိုးမပြတ်ပါဘူး။အခုတော့ မလွန်ကွင်း ဟာ ရေတွန်းစက်ရုံနဲ့ ရေလှောင်ကန်ဖြစ်သွားပါပြီ။
မြောက်ပြင် သရဲဈေးဘူတာနားမှာလည်း ဆရာစံကွင်းလို့ခေါ်တဲ့ လေ့ကျင့်ရေးကွင်းအဖြစ် အသုံးပြုနိုင်တဲ့ ဘောလုံးကွင်းဟာလည်း အခုတော့ ဈေးဖြစ်သွားပါပြီ။ မန္တလေးကမ်းနားလမ်း ရတနာပုံ သင်္ဘောကျင်း နားမှာရှိတဲ့ ဧရာဝတီကွင်းဟာလည်း မြို့ပတ်လမ်းဖောက်တဲ့ထဲ ပါသွားပြန်တယ်။
အမရပူရမြို့နယ် တမ္မဝတီရပ်မှာရှိတဲ့ ဖိတ်ခေါ်ဖလားပြိုင်ပွဲတွေ မပြတ်ကျင်းပခဲ့တဲ့ သခင်ဖိုးလှကြီးကွင်းဆိုရင်လည်း မရှိတော့ပါဘူး။ မန္တလေးမြို့ရဲ့ အထင်ရှားဆုံးအအောင်မြင်ဆုံး ဘောလုံးသမားကောင်းလူငယ်တွေ မွေးထုတ်ပေးနိုင်ခဲ့တဲ့ အစပြုတာကတော့ ကလေးပြိုင်ပွဲတွေပါ ကျင်းပပေးနိုင်ခဲ့တဲ့ ဘုရားကြီး ၄၅ တာကွင်းပါ။ အရှေ့ ၄၅ တာကွင်းမှာဆိုရင် ကလေးဘောလုံးအသင်း လေးပေ×ခြောက်လက်မတန်းနဲ့ လေးပေ×ကိုးလက်မတန်းဆိုပြီး အသင်းပေါင်း ၁၀၀ ကျော်ရှိခဲ့ပါတယ်။ အဲဒီပြိုင်ပွဲတွေကိုတော့ သံဃာတွေဦးစီးကျင်းပလေ့ရှိကြောင်းသိရပါတယ်။ ဘုရားကြီး ၄၅ တာရဲ့ ကလေးပြိုင်ပွဲတွေကမှ ဒုတိယတန်း မလွန်ကွင်းပြိုင်ပွဲ၊ အဲဒီကမှ ဗထူးကွင်းပထမတန်း၊ အဲဒီကမှ မန္တလေးတိုင်းလက်ရွေးစင်၊ဆက်ပြီး မြန်မာ့လက်ရွေးစင်အဖြစ် ရွေး ချယ်ခံရတာဖြစ်လို့ ဘောလုံးသမားမျိုးဆက် မပြတ် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
ဒီလို ဘောလုံးကွင်းတွေ ပေါများတာ တစ်ခုတည်းမဟုတ်ဘဲ ဝါသနာရှင်ပြည်သူတွေ၊ ရဟန်းသံဃာတွေပါ ပူးပေါင်းပြုလုပ်ကြတဲ့ ဘောလုံးပြိုင်ပွဲတွေ အဆက်မပြတ်ပြုလုပ်နေတာကြောင့်လည်း ကလေးကစလို့ လူငယ် တွေရဲ့အချိန်တွေဟာ ညနေကျောင်းဆင်းရုံးဆင်းချိန်တွေမှာ ဘောလုံးကွင်းကိုပဲ ရောက်နေကြတာပါ။ အခုဘက်ခေတ်မှာတော့ ဘောလုံးကွင်းကလည်း ရှားလာတာမို့ အားလပ်ချိန်တွေကို ဘီယာဆိုင်၊ စင်တင်တေးဂီတွေမှာ ကုန်ဆုံးကြသလို  မူးယစ်ဆေးဝါးဘက်တွေ ရောက်လာကြတယ်။ ၁၉၈၈ မတိုင်ခင် ၁၉၅၀ ကျော်မှသည် ၁၉၈၀ ကျော်ကာလတွေမှာ မြန်မာဘောလုံးအားကစား အောင်မြင်တဲ့ကာ လတွေဖြစ်ခဲ့သလို စာသင်ကျောင်းတွေတိုင်းမှာ ကိုယ်ပိုင်ဘောလုံးကွင်းတွေရှိသလို အား လပ်ချိန်တွေတင်မကဘဲ ကျောင်းချိန်ပြင်ပတွင်ပါ ကစားခွင့်ပြုထားပါတယ်။အခုတော့ ကျောင်းဆင်းရင် ကျောင်းတံခါးပိတ်ထားပါပြီ။ ၈၆ လမ်း၊၂၂ လမ်းနဲ့ ၂၃ လမ်း ကြားမှာရှိ တဲ့ အမှတ် (၁၀) အထက်တန်းကျောင်းဟာ မင်းတုန်းမင်းလက်ထက်တုန်းက ဒေါက်တာမတ်ခ်ကျောင်းလို့ ခေါ်ပါတယ်။ အဲဒီမှာ မင်းတုန်းမင်းရဲ့သားတော်များကို အင်္ဂလိပ်စာနဲ့ လောကဓာတ်ပညာရပ်များ သင်ကြားပေးပြီး ကျောင်းအနီးမှာ သံအမတ်များနေထိုင်လို့ သံတဲကျောင်းလို့ခေါ်တယ်လို့သိရပါတယ်။အဲဒီကျောင်းမှာ မြို့နယ်အဆင့်ပြိုင်ပွဲတွေ ကျင်းပခဲ့ဖူးပါတယ်။ နောက်ပြီး ရဲသိပ္ပံကွင်းဟာဆိုရင် လေ့ကျင်းရေးကွင်းနဲ့ လူထုအ စည်းအဝေးတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ သူလည်းအခုတော့ ရဲအရာကြီးများ သင်တန်း ကျောင်းဖြစ်နေပါပြီ။
အင်္ဂလိပ်ခေတ်လက်ထက်က မြင်းပြိုင်ကွင်းအဖြစ် ကျင်းပခဲ့ဖူးတဲ့  မန္တလေးတောင်ခြေက ကွင်းကို ၁၉၈၈မှာ ရွှေမန်းတောင် အားကစားကွင်းအဖြစ် ပြောင်းလဲခဲ့တယ်။ တစ်ဆက်တည်းရှိနေပြီး ၅၅ ဧကကျယ်တဲ့ မန္တလေး နှစ်တရာပြည့်ကျင်းပခဲ့ဖူးတဲ့ ရာပြည့်ကွင်းကိုတော့ တိရစ္ဆာန်ဥယျာဉ်ဖြစ်သွားပါ တယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွေမှာ အသိသာဆုံး ပျောက်ကွယ်သွားပါတယ်။ ၁၉၉၀ ကျော်ကာလတွေမှာတော့ မန္တလေးမြို့မှာရှိတဲ့ သချိုင်းတွေအားလုံးနီးပါး ဖျက်သိမ်းလိုက်ပါတယ်။ ဆင်ဖြူကန်ကွင်းမှာ နွားပြိုင်ပွဲ၊ ပန်းဆယ်မျိုး၊ ပန်းချီပန်းပုပြပွဲတွေ ကျင်းပခဲ့ဖူးပြီး အခုတော့ ဂေါက်ကွင်းနဲ့ ဆိုင်ခန်းတွေကို အငှားချထားပါတယ်။ မဟာအောင်မြေမြို့နယ် ရဟိုင်းသုသာန်ကိုလည်း ဖျက်သိမ်းပြီး ကျောက်မျက်ရောင်းဝယ်ရေးစခန်း တည်ဆောက်လိုက်ပါတယ်။ အဲဒီမှာတော့ မဟာအောင်မြေ ဘောလုံးလေ့ကျင့်ရေးကွင်းအဖြစ် တည်ဆောက်ပေးထားပါတယ်။
ဘောလုံးသမားကောင်းတွေ ရွှေခေတ်တုန်းကလို ထွက်ပေါ်လာခြင်းမရှိတာနဲ့ မအောင်မြင်ရမှုမှာ အကြောင်းများစွာရှိပါတယ်။ သေချာတာကတော့ အရင်လို တစ်နှစ်ပတ်လုံးပြိုင်ပွဲတွေ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ တိုင်းအလိုက် မရှိတော့တာပါ။ အရင်တုန်းက ဝါသနာရှင်တွေရဲ့ ပံ့ပိုးကူညီဦးဆောင်မှုနဲ့ သင်္ကြန်ကာလကလွဲပြီး မန္တလေးမြို့မှာ ဘောလုံးပြိုင်ပွဲတွေ အဆက်မပြတ်ရှိနေခဲ့တာပါ။ဥပမာ အစိုးရဌာနတစ်ခုဆီမှာတောင် အေအသင်းနဲ့ ဘီအသင်းဆိုပြီး အသင်းနှစ်သင်းရှိ ခဲ့တာပါ။ ဘောလုံးပြိုင်ပွဲတွေဘယ်လောက် လွှမ်းမိုးခဲ့သလဲဆိုရင် ရွှေမန်းတင်မောင်ရဲ့ ရွှေမန်းဒိုင်းဆိုပြီး ပြိုင်ပွဲတွေလုပ်ခဲ့သလို သူ့ ဇာတ်အဖွဲ့မှာလည်း ဘောလုံးအသင်းတစ်သင်း ထောင်ထားတဲ့အထိပါ။ မန္တလေးမြို့မှာ ဘောလုံးအားကစားလွှမ်းမိုးစဉ်ကာလမှာ မိုးကြိုးဆိုတဲ့ အရပ်အသင်းဟာ ထင်ရှားပြီး ကလေး ရောလူကြီးအသင်းမှာပါ အောင်မြင်ခဲ့ပါတယ်။ နောက်ပြီး တိုင်းလက်ရွေးစင်ဟောင်းတွေ၊ ဝါသနာရှင်တွေ ဒိုင်လူကြီးဟောင်းတွေထူထောင်တဲ့ မြို့မအသင်းဟာ ဆိုရင်လည်း ပထမတန်းအသင်းတစ်သင်း ဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်ကတည်းက ထင်ရှားခဲ့တဲ့ဘောလုံးသမားဖြစ်သူ အိန္ဒိယအမျိုးသား မစ္စတာဘို့စ်က အသင်းဥက္ကဋ္ဌပြုလုပ်ခဲ့တာပါ။ ဌာနဆိုင်ရာတွေမှာ တက္ကသိုလ်၊ နန်းတွင်းလူငယ်၊ ပြည်သူ့ရဲ၊ စာတိုက်ကြေးနန်း၊ မီးရထား၊ ကုန်သွယ်ရေးအသင်းတွေဟာ နာမည်ကြီးအသင်းတွေဖြစ်ပါတယ်။
၁၉၇၀ ကနေ ၁၉၈၈ ခုနှစ် မတိုင်ခင် ကာလတွေဟာဆိုရင် ညနေရောက်တာနဲ့ မန္တ လေးမြို့ရဲ့ ဘောလုံးကွင်းတွေ၊ မြေနေရာကျယ်ဝန်းတဲ့ကွက်လပ်တွေမှာ ဘောလုံးကစားကြတဲ့မြင်ကွင်းတွေချည်းပဲလို့ တစ်ချိန်က မန္တလေးရဲ့မြင်ကွင်းကို မြင်ယောင်ရင်း ပြောကြားသူကတော့ မန္တလေးသား  စာရေးဆရာ တစ်ယောက်ပါ။
ထိုအချိန်ကစားစဉ်က တကယ့် မြို့စွဲ၊ ဒေသစွဲ၊ တိုင်းနဲ့ ပြည်နယ်စစ်စစ်ဖြစ်ပြီး ကိုယ့်မြို့ကိုယ့်ရွာက သားသမီးတွေကစားကြတာဖြစ်လို့ အားပေးမှုက အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ကွင်းတွေပေါသလောက်လည်း ကလေး၊ လူငယ်၊ လူကြီးဘောလုံးကစားသူတွေပေါလေတော့၊ ဘောလုံးကောင်းကောင်း ရှားပါးခဲ့တာကိုပဲ ပြုပြင်၊ ချုပ်လုပ်၊ ဖာထေးပြီး ဇွဲနပဲကြီးကြီး ကစားခဲ့ကြာတာပါ။

အခုလက်ရှိ ၂၀၁၅ ခုနှစ်မှာတော့ ၃၅ လမ်း မဟာနွယ်စဉ်ကွင်း၊ ဝါးခင်းကုန်းကွင်း၊ နန်းရှေ့ကွင်းသုံးခုကိုတော့ ဘယ်စီမံကိန်းထဲမှမပါဘဲ ဘောလုံးကွင်းအဖြစ် ခြံစည်းရိုးခတ် ကစားခွင့်ပေးထားပါတယ်။ တကယ်တော့ မြို့မှာရှိတဲ့လူဦးရေနဲ့ ဘောလုံးကစားကွင်းအရေတွက်ဟာ ဆင့်ပါးစပ်နှမ်းပက်သလို မမျှတပေမယ့် ရှားရှားပါးပါး သုံးကွင်းပဲကျန်တော့တာကို ကျေးဇူးတင်ရမလိုပါပဲ။ နေပြည်တော် အပါအဝင် မန္တလေးမှာလည်း နိုင်ငံတကာအ ဆင့်မီ ဘောလုံးကွင်းကြီးတွေတော့ တည်ဆောက်ပေးပါရဲ့။ ဒါပေမဲ့ ပြိုင်ပွဲကြီးတွေအ တွက်ပဲဖြစ်လေတော့ သက်ဝင်လှုပ်ရှားတဲ့အချိန်ကာလက အလွန်နည်းပါးနေတာ အားလုံးအသိပါပဲ။
 လူငယ်တွေလေ့ကျင့်ဖို့ကွင်းတွေ လိုအပ်ပါတယ်။ မြေနေရာအခြေနေအရ ထပ်မံ အကောင်ထည်မဖော်ပေးနိုင်သလို ရှိပြီးသားလေးတွေ ခေါင်းစဉ်အမျိုးမျိုးနဲ့ ပျောက်ကွယ်သွားပါပြီ။ ဒါပေမဲ့ ကျန်နေသေးတဲ့ လုပ်လို့ရနိုင်သေးတဲ့ ပုဂ္ဂလိကကို အပြီးအပိုင်ရောင်း မစားရသေးတဲ့ ဆင်ဖြူကန်လိုကွင်းမျိုးကို လူထုအတွက် ပြန်လည်အသုံးချခွင့်ပေးဖို့ စဉ်းစားသင့်ပါပြီ။
တကယ်တော့ ဘောလုံးကဲ့သို့ မြန်မာလူငယ်အများစု စိတ်ဝင်စားတဲ့အားကစားနည်းကို လူငယ်တွေ အချိန်မရွေးလွတ်လပ်စွာကစားနိုင်တဲ့ ရပ်ကွက်တွင်းကဘောလုံးကွင်းတွေ  မြောက်မြားစွာလိုအပ်နေပါပြီ။ တစ်ချိန်က ရှိခဲ့တဲ့လူဦးရေနဲ့အတူ လိုအပ်တဲ့ ဘောလုံးကွင်းတွေရှိခဲ့တာမို့ မြန်မာ့ဘောလုံးအဆင့် အတန်းမြင့်မားခဲ့တာငြင်းမရပါဘူး။ ဒါကြောင့် လူငယ်တွေကိုယ်လက်ကြံ့ခိုင်ပြီး ကောင်းမွန် သောလူချွန်လူကောင်းတွေဖြစ်ဖို့ တစ်နှစ်ပတ်လုံး အတန်းအစားပေါင်းစုံအတွက် ပြိုင်ပွဲတွေကျင်းပခြင်းနှင့်အတူ လူထုအားကစားကွင်းတွေ လိုအပ်နေပြီ မဟုတ်ပါလား။

Most Read

Most Recent