ရေဆန်ပေမယ့် နည်းနည်းရွေ့ခဲ့တယ်

ရေဆန်ပေမယ့် နည်းနည်းရွေ့ခဲ့တယ်
Published 6 September 2015
သန်းလှိုင်(စစ်တွေ)

မင်းပြားမြို့နယ်က မင်းဖူးချောင်းကြောင်းရေမှာ အရှိန်အဟုန်ကောင်းစွာ စီးဆင်းနေဆဲ။ မြင်းကောင်ရေ လေးဆယ့်ငါးကောင်အားရှိသော စက်ကရေဆန်ကို ထိုးဖောက်နေတယ်။
ချောင်းအပေါ်ပိုင်းကနေ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပြီးပြန်လာတဲ့ ရွှေပြည်တန်အမြန်ယာဉ်က ကျွန်တော်တို့စက်လှေနဲ့ ဆန့်ကျင်ဘက်သို့ ဦးတည်မောင်းနှင်လိုက်တာ ခဏတာအတွင်းမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့တယ်။ စက်လှေကတော့ တရွေ့ရွေ့။ ရခိုင်ပြည်နယ်က ရေဘေးကယ်ဆယ်ရေးအဖွဲ့ငယ်လေးတစ်ခုပေါ့။
ကျွန်တော်တို့အဖွဲ့မှာ လူအင်အားခြောက်ယောက်ခန့်သာပါတယ်။ စက်လှေကြီးဖြင့် အပြည့်ထည့်ထားသော ဆန်အိတ်များ၊ ရေသန့်ပုလင်းများကို ကြည့်ပြီးတွေးမိတယ်။ ဒီချောင်းဖျားကို အခုလိုမျိုးကယ်ဆယ်ရေး လာပေး ရလိမ့်မယ်လို့ ဘယ်တုန်းကမျှ မတွေးခဲ့မိ။ ဒီလိုမျိုးဆန်အိတ်အများကြီး၊ ရေသန့်ဘူးအများကြီးလည်း ချောင်းဖျားပိုင်းသို့ တစ်ခါမှ သယ်ဖူးလိမ့်မယ်မဟုတ်။ ကျွန်တော်ကတော့ မင်းပြားကနေ စစ်တွေကတက် လာတဲ့ လှေနဲ့လိုက်လာခဲ့တာပါ။ မကြာခင် နေဝင်တော့မယ်မှန်းသိပေမယ့် ကျွန်တော်တို့အဖွဲ့က ရှေ့သို့  အရောက်သွားခဲ့ကြသည်။
စားသောက်ရေးအဆင်မပြေဖြစ်နေတဲ့ ရွာတွေကို ညတွင်းချင်းအရောက် ပို့ပေးနိုင်ဖို့ ရွာသားတွေနဲ့ ဆက်သွယ်ခဲ့တယ်။မင်းဖူးရွာအနီးက ချောင်းထဲမှာ လှေကို ကျောက်ချရပ်နားပြီး ပါလာတဲ့ ဆန်တွေ၊ ရေသန့်တွေကို လှူဒါန်းပေးတယ်။ ကူညီထောက်ပံ့ရေးပစ္စည်း လာပေးတာတွေ့တော့ အမျိုးသမီးကြီးက ဝမ်းနည်းပက်လက်ငိုရှာတယ်။ သူ့ရဲ့မြေးလေးက ရေနစ်လို့ သေသွားလို့တဲ့။ ပထမဆုံး ကြေကွဲစွာခံစားခဲ့ရသော မြင်ကွင်းပါပဲ။ အခုလိုမျိုးကူညီထောက်ပံ့တဲ့ ပစ္စည်းတွေကို သူ့မြေးလေးမြင်ရင် ဘယ်လောက်များပျော် လိုက်မလဲတဲ့။ သူများကလေးတွေပျော်တာမြင်တော့ မြေးလေးကို သိပ်ပြီးသတိရတယ်လို့လည်း အမျိုးသမီးကြီးကပြောပြပါတယ်။
ကျွန်တော်တို့အဖွဲ့ရောက်သွားတော့ ကျေးရွာတွေမှာ ရေကျသွားပြီဆိုပေမယ့် အိမ်အောက်အထိမှာတော့ ရေ တွေတက်နေဆဲပါ။ အဲဒီနေ့မှာ မင်းဖူးချောင်းကြောင်းတစ်လျှောက် ရွာပေါင်း ၄၀ ခန့်ဟာ အိမ်သန့်ရှင်းရေးအလုပ်တွေနဲ့ အလုပ်ရှုပ်နေကြသလို သောက်ရေအတွက်လည်း နှစ်မိုင်လောက်ဝေးတဲ့ တောင်ခြေရေကန်ကနေ လှေနဲ့သွားပြီး သယ်ယူနေကြတာကို တွေ့ရတယ်။ ကန်တွေရေဝင်သွားလို့ သောက်ရေမရဘူးလို့ ပြောဆိုကြတယ်။ ဒါဟာ သူတို့အတွက် လုံးဝမျှော်လင့်မထားတဲ့အိပ်မက်တစ်ခုပါပဲ။
“တကယ်တော့ အခုလိုမျိုး ရေအများကြီးတက်လာလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ပါဘူး။ အားလုံးကလည်း ဒီလိုပဲထင်ထားခဲ့ ကြတယ်။
ဒါကြောင့်လည်း အိမ်ပေါ်တက်ပြီးနေခဲ့ရတာပေါ့။ နောက်ဆုံးမှာ မဖြစ်တော့ဘူးဆိုပြီး ထွက်ပြေးတဲ့သူတွေထဲ သေဆုံးသွားကြတာလည်း ရှိခဲ့တယ်။
ဒါကလည်း သဘာဝဘေးအန္တရာယ်ဆိုးကြီးဆိုတော့ ဘာတတ်နိုင်မှာလဲလို့ တရားသဘောအရ ဖြေရပြန်တယ်။ အခုတော့ အများကြီးပျက်စီးဆုံးရှုံးခဲ့တာကြားရတော့ သူများအတွက်ပါထည့်ပြီး စိတ်မကောင်းဖြစ်ရပြန်တယ်” ဗုဒ္ဓဘာသာပီပီစာနာစိတ်များဖြင့် ဒေါ်ညိုဝင်းက ခံစားချက်ကို ရင်ဖွင့်ပြောပြ တယ်။
သောက်ရေမရနိုင်တော့တဲ့အချိန် ရေသန့်တွေလာရောက်ပေးလှူတော့ လူကြီးတွေ မျက်နှာမှာ ဝင်းလက်တောက်ပသလို ကလေးတွေကတော့ အလုအယက်ပါပဲ။ တကယ်လိုအပ်နေနဲ့အချိန်မှာ ကူညီပေးခွင့်ရခဲ့တဲ့ အခွင့်အရေးကလည်း ရင်ကိုအေးမြစေပြီး ပီတိဖြစ်စေပြန်ပါတယ်။ ရွာပေါင်း ၂၀၀ ကျော် ရေနစ်ခဲ့တဲ့အတွက် ပူပင်သောကရောက်နေခဲ့ကြပေမယ့် စာနာစိတ်၊ ကူညီလိုစိတ် တွေနဲ့ရောက်လာကြသူတွေကို ဝမ်းပန်းတသာကြိုဆိုကြတာကိုလည်း တွေ့ရပါတယ်။
လူသေဆုံး၊ ပစ္စည်းတွေဆုံး၊ ကျွဲနွား တိရစ္ဆာန်တွေဆုံးခဲ့ပေမယ့် ရိုးသားပွင့်လင်းစွာ ဆက်ဆံကြတဲ့ တိုင်ရင်းသားတွေရဲ့ စိတ်သဘောထားကို မြင်တွေ့ခဲ့ရတယ်။ အရှိကိုအရှိ အတိုင်း၊ မရှိကို မရှိအတိုင်းပြောဆိုကြတယ်။ လိမ်ညာခြင်း၊ ဟန်ဆောင်ခြင်းတွေကင်းကြတယ်။ ဒုက္ခရောက်ခဲ့ကြပေမယ့် ပြုံးပြနှုတ်ဆက်နိုင်စွမ်းရှိခဲ့ကြတယ်။ ရေကြီးနစ်မြုပ်မှုထဲမှာ ဘဝကို နှစ်မြုပ်မထားဘဲ ထွက်ပေါက် ရှာကြတယ်။ အကူအညီကိုမမျှော်ဘဲ ရွာတိုင်းမှာ ပေးကမ်းစားသောက်ကြတယ်လို့ သိရတယ်။ တစ်ဘဝစာမပေးနိုင်ပေမယ့် နိုင်သလောက်လာရောက်ကူညီကြတာကို ကျေးဇူးတင်ကြတယ်။ လေးစားဝမ်းမြောက်ခဲ့ကြတယ်။ ပြုံးပြနုတ်ဆက်နိုင်တာဟာ သူတို့ကပေးနိုင်တဲ့အရာပါပဲ။ မင်းဖူးချောင်းကြောင်းက တစ်ရွာပြီးတစ်ရွာကို သွားခဲ့ကြ တယ်။
အဲဒီနေ့မှာတော့ ရွာကထွက်ပြေးသွားတဲ့သူတွေ တချို့လှေလေးတွေရဲ့ ရွာကို ပြန် ရောက်လာခဲ့ကြတာကိုလည်း တွေ့ရတယ်။ ရွာပြန်ရောက်လို့ အိမ်မရှိတော့သူတွေကိုလည်း နီးစပ်ရာဆွေမျိုးသားချင်းတွေက နေရာထိုင်ခင်းပေးပြီး နေခွင့်ပေးကြပြန်တယ်လို့ ပြောပြကြတယ်။ ရိုင်းပင်းကူညီစိတ်ရှိကြသော တိုင်းရင်းသားများ၏ စိတ်ရင်းအမှန်ကို ဖော်ပြနေတာတွေ့ခဲ့ရပါတယ်။
ဒါပေမယ့် အခုအချိန်မှာဆို ကယ်ဆယ်ရေးထက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့ လိုနေပြီဖြစ်တဲ့ကာလကို ရောက်ရှိနေပြီဖြစ်တယ်။ ဒီလိုတည်ဆောက်ဖို့အတွက် အစိုးရရဲ့အင်အားဟာလည်း မပါမဖြစ် လိုအပ်နေပါတယ်။ လှုမှုအဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေက ဘယ်လောက်ပဲအင်အားထည့်ပြီး လုပ်ဆောင်ပါစေ ပူးပေါင်းဆောင်ရွက်သင့်တာကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။
ပြည်တွင်းပြည်ပအားလုံးက တစ်ခဲနက် ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့အတွက်လည်း စားသောက်ရေးအပိုင်းမှာ အင်အားကောင်းလာခဲ့ပေမယ့် အစိုးရဘက်ကလည်း ရုပ်လုံးပေါ်အောင်လုပ်ဆောင်ဖို့ လိုမှာဖြစ်ပါတယ်။အိုး အိမ်ပျက်စီးသွားသူတွေအတွက် အိမ်တွေဆောက်လုပ်ပေးဖို့ အသီးသီးတာဝန်ယူထား ကြပြီဖြစ်ပေမယ့် လက်တွေ့အကောင်အထည်ဖော်မှု မရှိသေးတာကိုလည်း တွေ့နေရတယ်။ အိုးအိမ်တည်ဆောက်ရေးလုပ်ငန်းအပြင် စိုက်ပျိုးရေးလုပ်ငန်း၊ ကျွဲနွားအစားထိုးကူညီ ပံ့ပိုးပေးရေးများအတွက်လည်း အကူအညီကလိုအပ်နေဆဲပါ။ ဖြစ်ခဲ့သမျှ သဘာဝဘေးအန္တရာယ်တွေအတွက် လက်ရှိမှာကူညီပေးမှုတွေ ထောက်ပံ့မှုတွေရှိနေတယ်ဆိုပေမယ့် တစ်လနှစ်လကြာလာတာနဲ့ ကူညီထောက်ပံ့ ရေးအဖွဲ့တွေကလည်း နည်းပါးလာလိမ့်မယ်။
ဒီလိုနည်းပါးလာတာနဲ့အမျှ ရေဘေးသင့်ပြည်သူတွေ စားသောက်ရေးခက်ခဲလာမှာကို စိုးရိမ်စရာရှိပါတယ်။ ဒုတိယအကြိမ် ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ရောက်သွားတော့ စိတ်ပိုင်းဆိုင်ရာအားနည်းနေမှုတွေ မပျောက်သေးတဲ့ဒေသခံတွေက အခုလိုပြောပါတယ်။ “ထင်မှတ်မထားတဲ့ ကြမ္မာဆိုးတစ်ခုက ဘဝတွေကို ဖြတ်သန်းမွှေနှောက်သွားခဲ့ပါပြီ။ ဘဝကို ဘယ်လိုပြန်စရမှန်းမသိတော့ဘူး။ ကလေးတွေဆိုရင် သိပ်ပြီးအားငယ်နေကြတယ်။ ဒါကို မိဘတွေဖြစ်သူတွေက ဘယ်လိုဖြေရှင်းပေးရမလဲဆိုတာ တွေးမိတိုင်း ရင် နာမိတယ်။ ညညဆိုအမှောင်ထဲမှာ နေကြရတဲ့ ကလေးတွေရဲ့ဘဝဟာ ဘဝအမှောင်ထဲကို ရောက်စေသလိုခံစားရတယ်။လျှပ်စစ်မီးမရှိရင်တောင် ဆိုလာမီးတို့ဘာတို့ရကြမယ်ဆိုရင် ကလေးတွေစိတ်ချမ်းသာကြမှာပါ” ဖုံသာချောင်းကြောင်းက ဒေလှမေရဲ့ ရင်တွင်းစကားတွေက ကျွန်တော်တို့တစ်ဖွဲ့သားလုံးကို မျှဝေခံစားစေနိုင်ပါတယ်။ မြန်မာနိုင်ငံအနှံံ့အပြားမှ ကျေးလက်ဒေသခံများနည်းတူ ရခိုင်ပြည်နယ်အတွင်းမှာလည်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောမြို့နယ်တွေက ဒေသခံများစွာဟာလည်း ကံတူအကျိုးပေးဘဝတွေ အများကြီးပေးဆပ်ခဲ့ကြရ တယ်။ ဒါဟာသဘာဝရဲ့ကျိန်စာသင့်မှုလား၊ သဘာဝကပေးတဲ့ ပြစ်ဒဏ်လားဆိုတာကို တွေးမိတယ်။ ကယ်ဆယ်ရေးလမ်းကြောင်းတစ်လျှောက် မြင်တွေ့ခဲ့ရတဲ့ ပျက်စီးဆုံးရှုံးမှုမြင်ကွင်းတွေ၊ အိုးမဲ့အိမ်မဲ့မိဘမဲ့ဖြစ်ခဲ့ကြရတဲ့ကလေးတွေအတွက် စိတ်မကောင်းဖြစ်ခဲ့ရပေမယ့် ပေးကမ်းလှူဒါန်းကူညီခြင်းနဲ့ ဖြေသိမ့်နိုင်ခဲ့တယ်။ ပျက်စီးခဲ့တဲ့စိတ်ပိုင်းဆိုင်ရာတွေကို ဘယ်လိုပြန်ပြီးတည်ဆောက်ပေး ရင်ကောင်းမလဲလို့လဲ စဉ်းစားအဖြေရှာစဉ်းစားရမယ့် အချိန်ဖြစ်ပါတယ်။

နဂိုကတည်းကမှ မပြည့်စုံသူတွေကြားမှာ ဘာမှမကျန်အောင်ဖြစ်ခဲ့ရတဲ့ ရေကြီးရေလျှံမှုဟာ သဘာဝတရားအားဖြင့် ဘယ်သူမှလုပ်တာမဟုတ်လို့ မြင်နိုင်ပေမယ့် သွယ်ဝိုက်ပြီးလုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက် အများကြီးရှိခဲ့တယ်။ သဘာဝအရင်းအမြစ်တွေ ဆုံးရှုံးမှုရဲ့ ရလဒ်ဆိုးလို့သာ ပြောချင်ပါတယ်။မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့သဘာဝအရင်းအမြစ်တွေ ဘယ်လောက်ပျက်စီးခဲ့ပြီလဲဆိုတာကို ကြည့်ရင်နောက်လာမယ့် သဘာဝဘေးအန္တရာယ်က ဒီထက်မကြီးနိုင်ဘူးလို့ဘယ်သူမှ အတတ်မပြောနိုင်။ ဒီထက်ဆိုးဖို့သာရှိတယ်လို့ ပြောနိုင်ပါတယ်။ အလှူပစ္စည်းတွေ လာပေးကြတယ်ဆိုပေမယ့် ရေရှည်မှာ ဘယ်လောက်အတိုင်းအတာအထိ သွားနိုင်ကြမှာလဲဆိုတာဟာ တွေးတောစရာပါ။ တစ် ဖွဲ့ပြီးတစ်ဖွဲ့ရပ်တန့်လာခဲ့ကြပြီ။ ရေကျချိန်တုန်းကတော့ အရေးပေါ်ဆိုပြီး လာလှူကြပေမယ့် နေ့တိုင်းလှူဖို့ဆိုတာကလည်း မလွယ်လှ။ လှူဒါန်းမှုတွေလျော့နည်းလာပြီ။ ဒါပေမယ့် ကျေးလက်ဒေသရဲ့ လူမှုဘဝအတွက် ထည့်တွက်စဉ်းစားစရာတွေ အများကြီးရှိနေတယ်။ ရေဘေးသင့်ပြည်သူတွေကို ဒီ အတိုင်းပစ်ထားလိုက်ရင် ငတ်ပြတ်ပြီး သေနိုင်တယ်။ ဒါကြောင့်ရေရှည်အတွက် ထည့်တွက်စဉ်းစားဖို့ လိုပြီဖြစ်ပါတယ်။ အလှူပေးပေမယ့် ရွာတွေကိုရောက်တိုင်း တစ်ရွာတစ်ပုဒ်ဆန်း၊ ပုံစံမျိုးစုံ၊ အခက်အခဲမျိုးစုံကို မျှော်လင့်ချက်များစွာနဲ့ တင်ပြပြောဆိုကြတာကိုလည်း တွေ့ခဲ့ရတယ်။ အလှူပစ္စည်းတွေရ လေတိုင်း ပျော်ရွှင်နေတတ်တဲ့ ကလေးတွေရဲ့မျက်နှာတွေ အပြစ်ကင်းစင်လှပါတယ်။ ဟန်ဆောင်မှုမရှိတဲ့ မျက်နှာတွေဟာ အလှူလာပေးကြရင် ဘယ်လိုနေမလဲဆိုတာကိုလည်း တွေးတောမြင်ယောင်မိသေးတယ်။ ကျေးရွာ တစ်ရွာချင်းစီအလိုက်သွားရောက်ပြီး ကယ်ဆယ်ရေးပစ္စည်းတွေပေးလှူခဲ့တဲ့ ကျွန်တော်တို့အဖွဲ့ဟာ ည (၁) နာရီလောက်မှ ဖုန်သာချောင်းကြောင်းက ထွက်လာခဲ့ပါတယ်။
အဲဒီအချိန်မှာလည်းဒီရေက တက်နေတော့ စက်လှေဟာ ရေဆန်ကိုမောင်းနှင်နေရပါတယ်။ ဒီလိုရေဆန်ကို မောင်းနှင်ခဲ့ပေမယ့် ကျွန်တော်တို့ရဲ့လှေကတော့ ရှေ့ကို ရွေ့နေဆဲပေါ့။ EMG နဲ့ပူးပေါင်းပြီး လှူဒါန်းကြတဲ့ အလှူပစ္စည်းတွေကို ကျွန်တော်တို့ တတ်နိုင်သလောက်ကို လှူဒါန်းနိုင်ခဲ့ပါတယ်။
အပြန်ခရီးဟာ ကိုယ်စီအတွေးများစွာနဲ့....။

Most Read

Most Recent