သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) တည်ဆောက်မှု ရာခိုင်နှုန်း ၉၀ ကျော် ပြီးစီးနေပြီဖြစ်ရာ ဒုတိယအဆင့် ဟက်တာ ၅၀၀ ဆက်လက် အကောင်အထည်ဖော်နိုင်ရေး အကြိုလေ့လာရေး စတင်လုပ်ဆောင်

သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) တည်ဆောက်မှု ရာခိုင်နှုန်း ၉၀ ကျော် ပြီးစီးနေပြီဖြစ်ရာ ဒုတိယအဆင့် ဟက်တာ ၅၀၀ ဆက်လက် အကောင်အထည်ဖော်နိုင်ရေး အကြိုလေ့လာရေး စတင်လုပ်ဆောင်
Published 6 September 2015
နီလာ

သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) တည်ဆောက်မှု လုပ်ငန်းများမှာ လက်ရှိအချိန်၌ ရာခိုင်နှုန်း ၉၀ ကျော် ပြီးစီးနေပြီ ဖြစ်သဖြင့် ဒုတိယအဆင့် ဟက်တာ ၅၀၀ ဆက်လက် အကောင်အထည်ဖော်နိုင်ရေး အကြို လေ့လာရေး လုပ်ငန်းများ စတင်လုပ်ဆောာင် နေပြီဖြစ်ကြောင်း သီလဝါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည် ဖော်နိုင်ရန် မြန်မာ- ဂျပန် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး MOI အား ၂၀၁၂ ခုနှစ်တွင် လက်မှတ်ရေးထိုးပြီး စတင် ဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိအချိန်တွင် ပထမအဆင့် ဟက်တာ ၄၀၀ ၌ အခြေခံ အဆောက်အအုံ တည်ဆောက်မှု လုပ်ငန်းမှာ ရာခိုင်နှုန်း ၉၀ ကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌ ဦးဆက်အောင် က ပြောကြားသည်။အဆိုပါ သီလဝါ အထူး စီးပွားရေးဇုန် အပိုင်း (က) တွင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကုမ္ပဏီ ၄၅ ခုနှင့် အကြိုသဘောတူ စာချုပ်များ ချုပ်ဆိုခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် ဇူလိုင်လအထိ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီ ၃၈ ခုအား ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ရာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၉၉ ဒသမ ၇၆ သန်းရှိခဲ့ပြီး ဖြစ်ကြောင်းနှင့် မကြာမီကာလတွင် သီလဝါ အထူးစီးပွားရေးဇုန် ဖွင့်ပွဲအခမ်းအနား ကျင်းပမည် ဖြစ်ပြီး ပထမဆုံး စက်ရုံမှာ စီးပွားဖြစ် စတင်လည်ပတ်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် စုစုပေါင်းဧရိယာ ၂၃၄၂ ဟက်တာ (၅၇၈၇ ဒသမ ၁၇၈ဧက) ရှိပြီး ပထမ အဆင့်အပိုင်း (က) ဧရိယာတွင် ၃၉၆ ဒသမ ၀၆၂ ဟက်တာ (၉၇၈ ဒသမ ၆၉၁ ဧက) ရှိကြောင်းနှင့် ဒုတိယ အဆင့်အပိုင်း (ခ) တွင် ဟက်တာ ၂၀၀၀ ပါဝင်ကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ထုတ်ပြန်ချက်အရ သိရသည်။သီလဝါ အထူးစီးပွားရေးဇုန် ဒုတိယမြောက် စီမံကိန်း မြေဟတ်တာ ၂၀၀၀ တွင် ပြောင်းရွေ့ရန် အိမ်ခြေ ၆၀၀ မှ ၈၀၀ ဝန်းကျင်ပါဝင်နိုင်ပြီး သိမ်းဆည်းထားသော်လည်း လျော်ကြေး မပေးရသေးသည့် မြေဧက ၇၆၀ ဝန်းကျင် ကျန်ရှိနေသေးကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှုူး ဒေါက်တာသန်းအောင်က ဆိုသည်။သီလဝါ အထူးစီးပွားရေးဇုန်အား မြန်မာ-ဂျပန် ပုဂ္ဂလိကနှင့် အစိုးရအဖွဲ့အစည်းတို့ ပူးပေါင်း ဖွဲ့စည်းထားသည့် Myanmar Japan Thilawa Development Limited မှနေ၍ ရင်းနှီး တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ ဖက်စပ်ကုမ္ပဏီတွင် မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်း ရှယ်ယာများ ပါဝင်ကြောင်း သိရသည်။မြန်မာဘက်တွင် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ ၁၀ ရာခိုင်နှုန်းနှင့် သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီမှ ၄၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံဘက်တွင် ဆူမီတိုမီကုမ္ပဏီ၊ မီဆူဘီရှိကုမ္ပဏီနှင့် မာရူဘီရှိ ကုမ္ပဏီကြီး သုံးခုမှ ဦးဆောင်သော MMS Thilawa Development Co.,Ltd မှ ၃၉ ရာခိုင်နှုန်းနှင့် ဂျပန်အစိုးရ ကိုယ်စားပြုကာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ၁၀ ရာခိုင်နှုန်း အသီးသီး ပါဝင်ကြောင်း သိရသည်။ 

Most Read

Most Recent