ပြည်တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းအများစု ဘဏ်ချေးငွေများဖြင့် လည်ပတ်နေခြင်းဖြစ်ပြီး အချို့လုပ်ငန်းများ ကျပ်ဘီလျံ ၅၀၀ ဝန်းကျင်အထိ ချေးယူထားမှုများ ရှိနေကြောင်း သိရ

ပြည်တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းအများစု ဘဏ်ချေးငွေများဖြင့် လည်ပတ်နေခြင်းဖြစ်ပြီး အချို့လုပ်ငန်းများ ကျပ်ဘီလျံ ၅၀၀ ဝန်းကျင်အထိ ချေးယူထားမှုများ ရှိနေကြောင်း သိရ
Published 5 September 2015
အငယ်ထွေး

ပြည်တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းအများစု ဘဏ်ချေးငွေများဖြင့် လည်ပတ်နေခြင်းဖြစ်ပြီး အချို့လုပ်ငန်းများကား ကျပ်ဘီလျံ ၅၀၀ လောက်ထိ ချေးယူထားကြကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသိုင်းအ ဝိုင်းမှ ရရှိသည့် သတင်းများအရ သိရသည်။“ဒီနေ့ ဒီအချိန်မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ငွေကြေး ရင်းနှီးမြှုပ်နှံမှုက တော်တော် မြင့်ပါတယ်။ ကျွန်တော် ၁၉၈၆ ခုလောက်က စခဲ့တာပါ။ ငွေငါးသောင်းနဲ့ စခဲ့တာပါ။ အဲဒီတုန်းက ငွေတစ်သိန်းဆိုရင် သူဌေးပဲ။ ဒီနေ့ ဒီအချိန်မှာ သိန်း ၁၀၀၀ ရှိလို့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ဖို့ခက်ပါတယ်။ စည်ပင်ကို ပထမဆုံး သိန်း ၅၀၀ ပူဇော်ပသရပါတယ်။ ကျန်တဲ့ ၅၀၀ က လမ်းစရိတ်ပဲ ရှိပါတယ်။ ပါမစ်လည်း မရဘူး။ မြေလည်းဝယ်လို့ မရဘူး။ အခုအချိန်မှာ မြေကွက်တစ်ကွက် ဝယ်လိုက်တာနဲ့ သိန်းငါးသောင်း (၅၀၀၀၀) လည်းထွက်သွားတယ်။ တစ်ခါ အဆာက်အအုံ ဆောက်တယ်ဆိုတော့ အဲဒီမှာ ဘီလျံပေါင်းများစွာ ကုန်ကျတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်သွားပါတယ်။ ဒီလို ရင်းနှီးမြုပ်နှံမှုတွေ များတဲ့အခါမှာ ဘဏ်က ချေးငွေတွေ ယူရတယ်ဆိုတာ လူတိုင်း သိပါတယ်။ ဘဏ်ချေးငွေကို ယူတဲ့အခါ သိန်း ၁၀၀၀၀၊ ၂၀၀၀၀ လောက် ချေးယူရုံနဲ့ Construction ကြီးကြီးတွေက မရပါဘူး။ ကျွန်တော်ကိုယ်တိုင် ကျပ်ဘီလျံ ၂၀ လောက် ချေးထားရပါတယ်။ ကိုယ့်ကိုယ်ကိုယ် ရင်လေးရတယ်။ ငါ့မှာ ဘီလျံ ၂၀ တောင် ရှိတယ်ဆိုတော့ ကြွေးတွေက တော်တော်များနေပြီ ထင်တာ၊ တချို့ဆို ဘီလျံ ၅၀၀၊ ၆၀၀ လောက် ချေးထားတဲ့သူတွေ ရှိပါတယ်” ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက UMFCCI တွင် ကျင်းပသည့် ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲတွင် တော်ဝင်ကုမ္ပဏီ ဥက္ကဋ္ဌ  ဦးကိုကိုထွေးက ပြောကြားခဲ့သည်။လက်ရှိ အခြေအနေတွင် အိမ်ခြံမြေ၊ တိုက်ခန်း၊ ကွန်ဒို အရောင်းအဝယ်ဈေးကွက် များစွာ အေးစက်နေကြောင်း၊ များသောအားဖြင့် ဘဏ်ချေးငွေများဖြင့် ဆောက်လုပ်ရခြင်း ဖြစ်သည့်အတွက် Developer များတွင် အတိုး များလည်း တက်နေကြောင်း သိရသည်။ “ဒီလို Developer တွေက မြေကိုဝယ်ပြီး ဆောက်တယ်ဆိုတဲ့ အပိုင်းမှာ အရင်တုန်းက ဘဏ်မှာ သိန်း ၁၀၀၀ လောက် ချေးယူရတာ တော်တော်ခက်ခဲတဲ့ အပိုင်းရှိပေမယ့် ဒီနေ့ဘက်မှာတော့ သိန်းတစ်သောင်း နှစ်သောင်းကို လွယ်လွယ်ကူကူ ချေးလို့ရတဲ့ အနေအထား ဖြစ်လာတယ်။ ဒါကြောင့် ဘဏ်ချေးငွေနဲ့ မြေတွေဝယ်တယ်။ အဆောက်အအုံ ဆောက်တယ်။ ကြိုပွိုင့်နဲ့ရောင်းလာကြတယ်။ ဒါပေမဲ့ တစ်ဖက်က ဘာဖြစ်ခဲ့လဲဆိုတော့ တစ်ပေပတ်လည်ကို တစ်သိန်းလောက် ရောင်းနေရာကနေ နောက်ပိုင်း ဈေးတွေတက်ပြီး ငါးသိန်း ဖြစ်လာတယ်။ မကြားဖူးလောက်အောင် တစ်ပေပတ်လည် သိန်း ၂၀ တို့ဘာတို့ ခေါ်လာတာ တွေ့ရတယ်။ ပေးပြီးတော့လည်း ဝယ်ကြတယ်။ ဒီတော့လည်း အိမ်ဈေးကိုလည်း တစ်ဖြည်းဖြည်းနဲ့ မြှင့်ပြီး ရောင်းလာရတယ်။ အရင်းနှီးများတော့ အမြတ်များများ ယူပြီးတော့ ရောင်းတယ်။ ဒီလိုပဲ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်တွေလည်း တက်လာတယ်။ ဥပမာ အိမ်ဆောက်ဖို့ ပါမစ်ကျဖို့၊ ရေရဖို့တို့စတဲ့ ကိစ္စတွေ အတွက်လည်း စရိတ်တွေက အဆမတန် တက်နေတယ်။ အဲဒီ ကုန်ကျစရိတ်တွေနဲ့ အကုန်ပေါင်းလိုက်တဲ့အခါ ဒီနေ့အရင်းတွေက ပိုပိုပြီး များလာတယ်။ ဒါကြောင့် ဈေးနှုန်းတွေ အဆမတန် တက်သွားပြီး မဝယ်နိုင်တဲ့ အနေအထား ရောက်သွားတဲ့အတွက် အခုလို အိမ်ခြံမြေနဲ့ တိုက်ခန်းဈေးကွက်တွေ အရောင်းအဝယ် ရပ်တန့်သွားခြင်း ဖြစ်တယ်လို့ပဲ မြင်ပါတယ်” ဟု ဦးကိုကိုထွေးက သုံးသပ် ပြောကြားခဲ့သည်။တိုက်ခန်း ရောင်းချမှုတွင် တိုက်ခန်းအခန်း ၁၀၀ ရောင်းလျှင် အခန်း ၈၀ သည် ငှားစားရန်နှင့် ပြန်ရောင်းရန် ဝယ်သူများသာ ဖြစ်ကြောင်း၊ အမှန်တကယ် နေရန်ဝယ်သည့်သူ များစွာနည်းကြောင်း၊ တကယ်နေရန် တန်ဖိုး နည်း အိမ်ရာများသာ ဝယ်ယူမှု ရှိကြကြောင်း၊ အလားတူ အိမ်ခြံမြေ တိုက်တာအဆောက်အအုံ ဈေးနှုန်းများ ဆက်တိုက် မြင့်လာချိန်တွင် တိုက်ဆိုင်စွာပင် ယခုနှစ် စီးပွားရေး အတော်ပင် တိုးတက်မှု နှေးကွေးသွားခြင်းနှင့် လည်း တိုက်ဆိုင် နေရသည့်အတွက် အခုကဲ့သို့ အိမ်ခြံမြေနှင့် တိုက်ခန်းဈေးကွက်များ သိသိသာသာ အေးစက်ခဲ့ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ကြသည်။“တိုက်ခန်းတွေဟာ ဒီနှစ်ထဲမှာ ဝယ်မယ့်သူ မရှိပါဘူး။ ဒီလို အခြေအနေတွေ ဖြစ်ပေါ်လာတာဟာ ဈေးတွေကို ရလိုမှုနဲ့ မတရား တင်လိုက်တဲ့ အနေအထားကြောင့် ဖြစ်လာသလို၊ စီးပွားရေးကလည်း မကောင်းပါဘူး။ နိုင်ငံရေး အခြေအနေကလည်း ဘာမှန်းမသိ။ တကယ်တော့ ဆောက်လုပ်ရေးကဏ္ဍ တိုးတက်လာရင် အခြား စီးပွားရေးတွေလည်း တိုးတက်လာမယ့် အနေအထား ရှိပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းကြီး ပြိုကျပျက်စီးသွားရင် အခြားစီးပွားရေး လုပ်ငန်းတွေကိုပါ ရောပြီးထိခိုက်မှာပါ။ ဘာကြောင့်လဲဆိုတော့ ဆောက်လုပ်ရေး လုပ်ငန်းက အင်မတန် ကြီးမားတဲ့ ပမာဏနဲ့ ငွေကြေးကို လည်ပတ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အိမ်ခြံမြေဈေးကွက် အရမ်းအေးသွားတဲ့ အချိန်မှာ ကျွန်တော် စိတ်ပူမိပါတယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဆောက်လုပ်ရေး လုပ်ငန်းကျတာနဲ့  မြန်မာပြည်ရဲ့ စီးပွားရေး လုပ်ငန်း ပြုတ်ကျသွားမှာပါ” ဟု ပြောကြားခဲ့သည်။    

Most Read

Most Recent