ကျေးဇူးပြု၍ 'ငြိမ်' မှာ ဝစ္စနှစ်လုံးပေါက် မထည့်လိုက်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ရေးချင်တာ အငြိမ်းစားအကြောင်း မဟုတ်ဘဲ အငြိမ်စားတွေအကြောင်း ဖြစ်နေလို့ပါပဲ။ တစ်နည်းပြောရရင် ငြိမ်ပြီးစားနေသူများ အကြောင်းပါ။
ကိုယ့်အိမ်အကြောင်းကိုပဲ အရင်ဆုံးနမူနာပြလိုက်တာ ကောင်းပါတယ်။ ဆန်ရင်းနာနာဖွပ်တဲ့ သဘောပေါ့။ ကျွန်တော်တို့အိမ်မှာ အဘွား၊ အဖေ၊ အမေ၊ အစ်ကိုနှင့်ကျွန်တော် စုစုပေါင်း လူငါးယောက်ရှိပါတယ်။ မှီခိုက အဘွားနဲ့အမေ နှစ်ယောက်ရှိပါတယ်။ အလုပ်လုပ်သူက အဖေ၊ အစ်ကိုနဲ့ ကျွန်တော် သုံးယောက်ရှိပါတယ်။ အဖေနဲ့ကျွန်တော်က ဂျာနယ်တိုက်တစ်ခုမှာ အလုပ်လုပ်ပါတယ်။ အစ်ကိုက ပန်းချီကားလေးဘာလေး ရေးပါတယ်။ ထိုစဉ်ကတော့ ဝင်ငွေအသင့်အတင့် ရှိတဲ့အတွက် သိပ်အပြေလည်ကြီး မဟုတ်သော်လည်း စားလောက်သောက်လောက်ရုံတော့ အဆင်ပြေပါတယ်။ သို့သော် ကျွန်တော်တို့လုပ်နေတဲ့ ဂျာနယ်လေး မမျှော်လင့်ဘဲ ရပ်ဆိုင်းသွားတဲ့အခါ အဖေရော ကျွန် တော်ပါ အလုပ်လက်မဲ့ဖြစ်သွားပါတယ်။ ယခင်က တစ်လကို သားအဖနှစ်ယောက်ပေါင်း နှစ်သိန်းလေးသောင်း ပုံမှန်ရနေတဲ့ ဝင်ငွေလျော့သွားပါတယ်။ အခုဆို ကျွန်တော်တို့ အလုပ်လက်မဲ့ဖြစ်နေတာ သုံးလကျော် သွားပါပြီ။ လက်ရှိ အိမ်ရဲ့ဝင်ငွေက ကျွန်တော့် စာမူခနဲ့ အစ်ကိုရဲ့ ပန်းချီကားရောင်းရတဲ့ငွေပဲ ရှိပါတော့တယ်။ ပြောရရင် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ဝင်ငွေကလည်း ဝင် တစ်ချက် မဝင်တစ်ချက်ပါပဲ။ အစ်ကို့ ပန်းချီကားကလည်း ရောင်းရတဲ့အခါရှိသလို မ ရောင်း ရတဲ့အခါလည်း ရှိပါတယ်။ ကျွန်တော့် စာမူကလည်း ပါတဲ့အခါရှိသလို မပါတဲ့အခါ လည်းရှိသပေါ့။ အဲဒီတော့ အိမ်ရဲ့ဝင်ငွေက မစို့မပို့နဲ မီးဖိုချောင်ကို တာဝန်ယူရတဲ့ အမေ့ မှာ အတော်လေးကသီလင်တ နိုင်ရှာပါတယ်။
အလုပ်မရှိတဲ့ သုံးလအတွင်းမှာ အမေ့လက်စွပ် အပေါင်ဆိုင်ရောက်သွားပါတယ်။ အကြွေး ငါးသောင်းလည်းတင်သွားပါတယ်။ ဒါ့အပြင်ယခင်က ဘဏ်မှာအပ်ထားတဲ့ နှစ်သိန်းကလည်း တတိတိနဲ့ ထုတ်ယူသုံးနေတာ ခုဆို ငါးသောင်းပဲ ကျန်ပါတော့တယ်။ အဲဒီ လက်ကျန်ကိုလည်း သိပ်မကြာခင်မှာ ထုတ်ယူရပါတော့မယ်။ ဆိုတော့ ကျွန်တော်တို့အိမ်ရဲ့အခြေအနေက သိပ်မကောင်းပါ။ ထိုကဲ့သို့သော ဝင်ငွေအခြေအနေနှင့် စားဖို့တောင်အနိုင်နိုင်ဆိုတော့ ယိုင်လုလုအိမ်လေးကို ပြန်ပြုပြင်ဖို့ရာမှာလည်း အလှမ်းဝေးနေဆဲပါပဲ။ အဖေလူပျိုဘဝကတည်းက နေလာတဲ့ ကျွန် တော်တို့အိမ်လေးဟာ ခုဆို နှစ်ပေါင်း ၅၀ ပတ်ဝန်းကျင်လောက် ရှိပါပြီ။ ထိုနှစ်ပရိစ္ဆေဒအတွင်း ပြန်လည်ပြုပြင်ခြင်း အလျှင်းမရှိဘဲ ဟိုနေရာဖာထေးလိုက်၊ ဒီနေရာအစားထိုးလိုက်နဲ့ပဲ ယိုင်တိယိုင်တိုင်နဲ့ လောကဓံကို ရင်ဆိုင်လာခဲ့ရရှာသူမို့ သူ့ခမျာလည်း တိုင်အသစ်၊ ပျဉ်အသစ်၊ အမိုးသစ်လေးနဲ့ အိမ်သစ်အသွင် ပြောင်းချင်နေရှာပြီမဟုတ်လား။ သို့သော် သူ့သခင်တွေက ဘာသိဘာနဲ့ မသိချင်ယောင်ဆောင်နေတော့လည်း ခမျာ ဘာမှမပြောနိုင်ဘဲ ကြိတ်မှိတ်မျိုသိပ်နေရပါတော့ တယ်။ ကျွန်တော်တို့အိမ်လေးကို ကြည့်ရတာ ကျွန်တော်တို့နိုင်ငံနဲ့ တော်တော်လေးတူပါတယ်။ အဲဒီအိမ်လေးသာ စကားပြောတတ်မယ်ဆိုရင်...။
တစ်ခါတစ်ခါ ကျွန်တော်အဲဒီအိမ်လေးနေရာကနေ စဉ်းစားကြည့်မိတယ်။ သူ ကျွန်တော်တို့ကို အားမလိုအားမရ ဖြစ်နေရှာမှာ ပဲ ထင်ပါရဲ့။ သူ့ရင်ထဲမှာ ပြောနေမယ့်စကားလုံးတွေကို ကျွန်တော်သိနေပါတယ်။ အဖေ လုပ်တဲ့သူကတော့ ထားပါတော့။ အသက် ၈၀ ကျော်တဲ့အထိ လုပ်ကျွေးလာခဲ့သူမို့ တာဝန်ကျေပါတယ်။ ဒါဆို ဟိုသားနှစ်ကောင်က ဘာလုပ်နေတာလဲ။ လောက်လောက်လားလား ယောက်ျားသားနှစ်ယောက်ရှိပါရက်နဲ့ အိမ်ရဲ့ စားဝတ်နေရေးကိုတောင် ဖူလုံအောင် မစွမ်းဆောင်နိုင်ကြဘူးလား။ သူတို့ကြည့်ရတာ အေးအေးဆေးဆေးပဲ။ ဘာမှ အပူအပင် မရှိသလိုပဲ။ လူတွေက လုပ်နိုင်ကိုင်နိုင်တုန်း အရွယ်တွေဖြစ်ပါလျက် အေးတိအေးစက်နဲ့ စာလေးဖတ်လိုက်၊ သီချင်းလေးညည်းလိုက်၊ ဒူးလေးနှံ့လိုက်နဲ့။ ဘဝမှာ တာဝန်ကျေပွန်စွာ အမှုထမ်းခဲ့ပြီးပြီမို့လို့ ဘာမှလုပ်စရာကိုင်စရာ မလိုတော့ဘဲ အငြိမ်းစားဘဝနဲ့ အနားယူနေသလိုပဲ။ တကယ်ဆို သူတို့အရွယ်က သွေးအေးရမယ့်အရွယ် မဟုတ်ဘူး။ သွေးနွေးရမယ့်အရွယ်။ သွေးပူရမယ့်အရွယ်။ တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှားနဲ့ အလုပ်လုပ်ရမှာ။ အငြိမ်းစားတွေလို နေရမယ့် အရွယ် မဟုတ်သေးဘူး။ ခုတော့ အငြိမ်းစားဘ၀ မရောက်သေးတဲ့အရွယ်မှာ ငြိမ်ငြိမ်လေးထိုင်စားနေတဲ့ အငြိမ်စားတွေဖြစ်နေတယ်။ အိမ်ကလေးက အဲဒီလိုပြောနေမှာကို စိတ်ကူးနဲ့ ကြားယောင်နေမိပါတယ်။
ဒါနဲ့ ကျွန်တော့်ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တဲ့အခါ အိမ်ကလေးပြောသလို အငြိမ်စားယူနေတဲ့သူတွေကို အံ့သြထိတ် လန့်ဖွယ် တွေ့လိုက်ရပါတယ်။ မိသားစုအရေး၊ ရပ်ရွာအရေး၊ နိုင်ငံအရေးကို ဘာမှဟုတ်တိပတ်တိ အလုပ်မလုပ်ဘဲ တစ်နေ့တစ်နေ့ လက်ဖက်ရည်ဆိုင်ထိုင်လိုက်။ ဟိုအတင်း သည်အတင်း ထိုင်ပြောလိုက်။ ပျင်းရင် ဖုန်းလေးထုတ်ပြီး ဂိမ်းဆော့လိုက်။ နှစ်လုံး သုံးလုံးထိုးလိုက်။ ဟိုနေရာထိုင်လိုက် ဒီနေရာထိုင်လိုက်နဲ့။ အချိန်တန်တော့ ထမင်းပြန်စားလိုက်။ အဲဒီပုံစံအတိုင်း တစ်နေ့ပြီးတစ်နေ့။ ဘဝက သက်သောင့်သက်သာ အေးအေးဆေးဆေးပါပဲ။ ဘာမှအပူအပင်မရှိသလိုပဲ။ သြော် အငြိမ်းစားအရွယ်မရောက်သေးတဲ့ အငြိမ်စား တွေပါလား။ သေချာတာကတော့ အဲဒီလို အငြိမ်စားတွေ များလာရင် မိသားစု နာပါတယ်။ ရပ်ရွာလည်း နာပါတယ်။ တိုင်းပြည်လည်း နာပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အဲဒီလို အငြိမ်စားတွေ ဘယ်လောက်များနေပြီလဲ။
ပြောရရင် ဒီအချိန်က သွေးလေးရမယ့် အချိန်၊ သွေးအေးရမယ့် အချိန်မဟုတ်ပါဘူး။ သွေးနွေးရမယ့်အချိန်၊ သွေးပူရမယ့်အချိန်ပါ။ လှုပ်လှုပ်ရှားရှားနဲ့ တိုင်းပြည်ကို တည်ဆောက်ရမယ့်အချိန်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး စားရ မယ့်အနေအထား မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးကိစ္စတွေကို ကိုယ်နဲ့မဆိုင်သလို မသိချင်ယောင်ဆောင်ပြီး ဒူးနှံ့နေရမယ့်အချိန်လည်း မဟုတ်ပါဘူး။ သိပ်ကို အရေးကြီးတဲ့ အချိန်ပါ။
ကျွန်တော်တို့နိုင်ငံမှာ နောက်ထပ် အငြိမ်စားတွေလည်း ရှိပါသေးတယ်။ ဘယ်သူမှ မသိအောင် ငြိမ်ငြိမ်လေးမှိန်းပြီး စားနေသူ များပေါ့။ မိမိရထားတဲ့ ရာထူးအဆင့်နဲ့ကိုက်ညီအောင် တာဝန်ကျေကျေအလုပ်မလုပ်ဘဲ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေကို အချောင်လိုချင်သူများဟာ အငြိမ်စားတွေပါပဲ။ ပွင့်လင်းမြင်သာမှုမရှိတဲ့ လက်သိပ်ထိုးစီမံကိန်းတွေကို ဘယ် သူမှမသိအောင်လုပ် ရလာတဲ့အကျိုးအမြတ်ကို ကိုယ့်အိတ်ထဲ ထည့်နေသူများဟာလည်း အငြိမ်စားတွေပါပဲ။ ဝင်ငွေမရှိတဲ့ အိမ်တစ်အိမ်ဟာ ဘိုးဘေးတွေထားရစ်ခဲ့တဲ့ အမွေတွေကို ထုတ်ရောင်းပြီး စားနေရသလိုပါပဲ။ ထုတ်ကုန်မရှိတဲ့ တိုင်းပြည်ဟာလည်း ဝင်ငွေမရှိတဲ့အတွက် သယံဇာတတွေကိုပဲ ထုတ်ထုတ်ပြီး ရောင်းစားနေရဦးမှာပါ။ (မကုန်မချင်းပေါ့ လေ။ ခုလည်းကုန်သလောက် ဖြစ်နေပါပြီ။) အဲဒီလို ရောင်းစားနေသူများဟာလည်း အငြိမ် စားတွေပါပဲ။ ထိုက်တန်တဲ့ လုပ်အားကို ရင်းနှီးပေးဆပ်ဖို့ မစဉ်းစားဘဲ သက်သက်သာသာနဲ့ နေရာကောင်း ခွင်ကောင်းကို စောင့်မျှော် နေသူများဟာလည်း အငြိမ်စားတွေပါပဲ။ အဲဒီလို အငြိမ်စားတွေ လုပ်သမျှကို သိသိနဲ့ ဘာမှမပြောဘဲငြိမ်ပြီး အလိုတူအလိုပါ ထောက်ခံနေသူများ(ဝါ) အငြိမ်စားတွေ ပေးကျွေးသမျှကို မှိန်းပြီးစားနေသူများဟာလည်း အငြိမ်စား တွေပါပဲ။
အဲဒီလိုအငြိမ်စားတွေရှိနေတာဟာ တိုင်းပြည်အတွက် မကောင်းတဲ့ လက္ခဏာပါပဲ။ တစ်နည်းပြောရရင် ဒါဟာ တိုင်းပြည်ကံ ဆိုးမိုးမှောင်ကျခြင်းပါပဲ။ နောက်လာမယ့် မျိုးဆက်တွေဟာ အဲဒီလို အငြိမ်စားတွေကို သွားရည်ယို အားကျတဲ့အကြည့်နဲ့ကြည့်ပြီး အတုခိုးကာ လိုက်လုပ်ကြမယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ မတွေးဝံ့စရာပါပဲ။ အမြော်အမြင်ရှိတဲ့ လူတွေက တိုင်းပြည်အတွက် သွေးအေးမနေဘဲ လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ အလုပ်လုပ်နေချိန်မှာ ကျွန်တော်တို့တွေ အေးတိအေးစက်နဲ့ ဘာသိဘာသာနေပြီး အငြိမ်စားဘဝကို မခံယူသင့်ပါ။ အနာဂတ်မှာ တာဝန်ကျေပွန်တဲ့ အငြိမ်းစား ဖြစ်ချင်ရင် လက်ရှိအချိန်မှာ တာဝန်မဲ့ အငြိမ်စား မဖြစ်ဖို့လိုပါတယ်။










