၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သော စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင် ပါတီများ၏ ရွေးကောက်ပွဲ အောင်နိုင်ရေးဆိုင်ရာ သဘောထား ရပ်တည်ချက်တစ်ရပ်ကို မဲဆွယ်စည်းရုံးရေး ကာလမတိုင်မီ ရက်ပိုင်းအတွင်း ထုတ်ပြန်သွားရန်ရှိကြောင်း သတင်းရရှိသည်။ UNA အဖွဲ့ဝင် နိုင်ငံရေးပါတီများ၏ ပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၁ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် ယခုကဲ့သို့ သဘောထားတစ်ရပ် ထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့ အဖွဲ့ဝင်ပါတီတွေ အစည်းအဝေး လုပ်ပါတယ်။ အဓိက, ကတော့ UNA အဖွဲ့ဝင်ပါတီများ အောင်နိုင်ရေးအတွက် UNA ကနေ သဘောထား ထုတ်ပြန်ချက် တစ်ခုထုတ်ဖို့ရှိပါတယ်။ အဓိက, ကတော့ ပါတီရဲ့ ရပ်တည်ချက်၊ မူဝါဒပါမယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲကို ဘာကြောင့် ဝင်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်၊ ရွေးကောက်ပွဲအပြီးမှာ တိုင်းရင်းသားအရေး၊ ပြည်ထောင်စုအရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဒီကိစ္စတွေကို ဆောင်ရွက်ဖို့ အဲဒီလိုကိစ္စရပ် တွေပါမှာပါ။ လောလောဆယ်ကတော့ ကျွန်တော်တို့က ရွေးကောက်ပွဲပြီးမှပဲ ပါတီထပ်တိုးဖို့ ကိစ္စတွေက ဆုံးဖြတ်ရတော့မယ်။ ကြေညာချက်ကတော့ မဲဆွယ်စည်းရုံးရေး မစခင် ကျွန်တော်တို့ ထုတ်ပြန်ပေးမှာပါ” ဟု UNA ခေါင်းဆောင်တစ်ဦးဖြစ်သူ ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်က စက်တင်ဘာ ၄ ရက်တွင် ပြောကြားသည်။
UNA အဖွဲ့ဝင်ပါတီများ
UNA တွင် တိုင်းရင်းသားပါတီ ရှစ်ပါတီ ပါဝင်ကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ကယန်း အမျိုးသားပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက်၊ ကရင်အမျိုးသား ပါတီတို့ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား လက်မခံနိုင် ဟုဆိုကာ ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့သည့် ပါတီအများစု ပါဝင်သည်။လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက်မူ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင် တိုင်းရင်းသား ပါတီများက လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် တိုင်းရင်းသား ပြည်နယ်များနှင့် တိုင်းဒေသကြီး အချို့ရှိ မဲဆန္ဒနယ် ၃၈၀ ခန့်တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်း ပေးသွင်းထားကြောင်း ပြည်ထာင်စု ရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၂၀ ရက်က ထုတ်ပြန်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီအလိုက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အင်အားစာရင်းချုပ်တွင် တွေ့ရသည်။ UNA အဖွဲ့ဝင်ပါတီများ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် မိတ်ဖက်နိုင်ငံရေး အဖွဲ့အစည်းများနှင့်အတူ လွှတ်တော် ပြင်ပနည်းလမ်း၊ လွှတ်တော်တွင်း နည်းလမ်းများဖြင့် တစ်ပြိုင် တည်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဇူလိုင်လ အတွင်းက ပြုလုပ်ခဲ့သည့် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ညီလာခံအပြီးတွင် ထုတ်ပြန်ထားသည်။လက်ရှိတွင် အဖွဲ့ဝင် ပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များကိုမူ ပါတီအလိုက် လုပ်ဆောင်သွားကြမည် ဖြစ်သော်လည်း အဖွဲ့ဝင်ပါတီများ အနေဖြင့် UNA ၏ အစဉ်ထားရှိခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး စသည့် သဘောထား ရပ်တည်ချက်များအတိုင်း ပူးပေါင်းလုပ်ဆာင်ရန် ရှိကြောင်းလည်း UNA အဖွဲ့ဝင် ပါတီတစ်ခုဖြစ်သည့် ကရင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးမန်းကျော်ငြိမ်းက ပြောကြားသည်။
UNA အဖွဲ့ဝင်ပါတီများUNA မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ မဟာမိတ် အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပြီး အဖွဲ့ဝင်ပါတီများမှာ ၁၉၉၀ ရွေးကောက်ပွဲ ဝင်ရောက် အနိုင်ရရှိခဲ့သည့် တိုင်းရင်းသား နိုင်ငံရေးပါတီများလည်း ဖြစ်သည်။၂၀၁၅ ရွေးကောက်ပွဲများကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်းနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခွင့် ကာလကို ရက်ပေါင်း ၆၀ သတ်မှတ် ပေးထားကာ စက်တင်ဘာ ၈ ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အတည်ပြုစာရင်းကို ရက်ပိုင်းအတွင်း ကြေညာနိုင်မည်ဟုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၏ ပြောကြားချက်အရ သိရသည်။