ရှမ်းပြည်နယ်သို့ ဒေါ်အောင်ဆန်းစုကြည် ယနေ့ သွားရောက်မည်

ရှမ်းပြည်နယ်သို့ ဒေါ်အောင်ဆန်းစုကြည် ယနေ့ သွားရောက်မည်
Published 5 September 2015

ရှမ်းပြည်နယ် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ဆီဆိုင်မြို့နယ်နှင့် ဟိုပုန်းမြို့နယ်သို့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၅ ရက် (ယနေ့) တွင် သွားရာက်မည်ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် တောင်ကြီးမြို့သို့ သွားရောက်မည်ဖြစ်ပြီး ဦးစွာဆီဆိုင်မြို့သို့ ကားလမ်းခရီးဖြင့် ဆက်လက် သွားရောက်မည်ဖြစ်ကာ ဆီဆိုင် မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောမှုများ ပြုလုပ်မည်ဖြစ်ပြီး တောင်ကြီးမြို့သို့  ပြန်လည်ထွက်ခွာကာ တောင်ကြီးမြို့၌ ညအိပ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဦးဝင်းထိန်က ပြောကြားသည်။ထို့နောက် စက်တင်ဘာ ၆ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကြီးမြို့မှ ဟိုပုန်းမြို့သို့ ဆက်လက် သွားရောက်မည်ဖြစ်ပြီး ဟိုပုန်းမြို့တွင်လည်း ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ် မည်ဖြစ်သည်။“ဒုတိယနေ့မှာ ဟိုပုံးသွားမယ်။ UNODC က မူးယစ်ဆေးဝါး စင်တာတစ်ခုကို သွားလေ့လာမယ်။ ပြီးရင်ပြန်လာမယ်။ တောင်ကြီးမှာတော့ အောင်နိုင်ရေး အဖွဲ့တွေ ဘာတွနဲ့တွေ့မယ်။ တွေ့ပြီးလို့ရှိရင် အဲဒီနေ့ပဲ လေယာဉ်ပျံနဲ့ပြန်မယ်” ဟု ဦးဝင်းထိန်က ပြောကြားသည်။ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်တို့တွင် အာဏာရ ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိသည့်အပြင် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အဆိုပါဒေသတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းထားသည်။ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ်စည်းရုံးရေး ကာလဖြစ်သည့် စက်တင်ဘာ ၈  ရက်နောက်ပိုင်းတွင် ပထမဦးဆုံး ခရီးစဉ်အဖြစ် ကယားပြည်နယ်ရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ် ခုနစ်ခုစလုံးသို့ သွားရာက်ရန် စီစဉ်ထားကြောင်း သိရသည်။ကယားပြည်နယ်အတွင်း လူဦးရေ နှစ်သိန်းရှစ်သောင်းကျော်ရှိရာ မဲပေးခွင့်ရှိသူ တစ်သိန်းခြောက်သောင်းကျော်သာ ရှိကြောင်းနှင့် အချို့မြို့နယ်များမှာ လူဦးရေ ထောင်ဂဏန်းခန့်သာရှိကြောင်း သိရသည်။သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့သည် ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် အ မည်စာရင်း တင်သွင်းထားသည်။