အဆိုတော် ဆောင်းဦးလှိုင်နှင့် တွေ့ဆုံခြင်း

အဆိုတော် ဆောင်းဦးလှိုင်နှင့် တွေ့ဆုံခြင်း
Published 2 September 2015
လင်းလင်းခိုင်

 
ြမန်မာနိုင်ငံတစ်ဝန်းရှိ ရေဘေးသင့်ဒေသများအတွက် ကူညီကယ်ဆယ်မှုများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား လုပ်ဆောင်နေမှုများတွင် အနုပညာရှင်အများအပြားကလည်း တက်ကြွ ပါဝင်လျက်ရှိသည်။ ယင်းသို့ပါဝင်ကူညီနေသူများတွင် ပြည်ပနိုင်ငံသို့ ဂီတအနုပညာများ ဆည်းပူးလေ့လာရန် ထွက်ခွာသွားသူ အဆိုတော်ဆောင်းဦးလှိုင်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ရေဘေး ကယ်ဆယ်ရေးအတွက် သာမက ၂၀၁၅ ရွေးကောက်ပွဲတွင် မှန်ကန်သည့် ရွေးချယ်မှုများဖြစ်စေရန် တစ်နိုင်တစ်ပိုင် ပါဝင်ကူညီသွားရန် စီစဉ်ထားသည့် အဆိုတော် ဒေါက်တာဆောင်းဦးလှိုင်နှင့် အွန်လိုင်းမှတစ်ဆင့် မေးမြန်းဖြစ်ခဲ့သည်များမှာ .  .  .
မေး- ရေဘေးသင့်ဒေသတွေအတွက် ကိုဆောင်းဦး ရောက်နေတဲ့နေရာမှာ အလှူငွေရှာဖွေဖို့ လုပ်ဆောင်ဖြစ် တဲ့အကြောင်းလေး အရင်သိချင်ပါတယ်။
ဖြေ- အကြောင်းရင်းကတော့ ရေဘေးသင့်ဒေသတွေက ကြီးမားကျယ်ပြန့်လှပါတယ်။ ပြန်လည်ထူထောင်ရေးအထိဆိုရင် လိုအပ်ချက်တွေအများကြီးရှိပါတယ်။ မြန်မာပြည်က စိတ်ကောင်းနှလုံးကောင်းရှိသူများနဲ့ ကမ္ဘာပေါ်က အလှူရှင်တွေပါ စာနာထောက်ထားတဲ့ကူညီပံ့ပိုးမှုတွေ များများရရှိပါစေဆိုတဲ့ဆန္ဒနဲ့ အနုပညာလှုပ်ရှားမှုတွေ လုပ်ဖြစ်ခဲ့ပါတယ်။ နှိုးဆော်နိုင်ဖို့ အဓိကရည်ရွယ်တာပါ။
မေး- မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ်ဒေသ ၁၁ ခုမှာ ရေဘေးအခက်အခဲတွေ ကြုံတွေ့ရတယ်။ အဲဒီအခါ ပြည်သူပြည်သားအချင်းချင်းပဲ အဓိကရိုင်းပင်းကူညီရပြီး သဘာဝဘေးအန္တရာယ်ကို စနစ်တကျ ကြိုတင်ကာကွယ်နိုင်မှုတွေ အားနည်းခဲ့တယ်။ အဲဒီအပေါ် ကိုဆောင်းဦးရဲ့အမြင်ကိုလည်း သိချင်ပါတယ်။
ဖြေ- တိုင်းနဲ့ပြည်နယ်ဒေသ ၁၁ ခုမှာ ရေဘေးသင့်ခဲ့ပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့စီမံခန့်ခွဲမှုတွေ၊ ကြိုတင်ကာကွယ်မှုတွေကတော့ အရမ်းအားနည်းခဲ့တယ်။ လူတိုင်းလည်း သိကြပါတယ်။ မရှိမဲ့ရှိမဲ့နဲ့ လှူကြတဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေမှာ လုပ်အားပေးခဲ့ကြတဲ့၊ လှူဒါန်းခဲ့ကြတဲ့ စေတနာရှင် ပြည်သူပြည်သားတွေကို လေးစားစွာကျေးဇူးတင်ပါတယ်။ ဒီနေရာမှာ ခြွင်းချက်တစ်ခုတော့ရှိပါတယ်။ မတရားတဲ့နည်းနဲ့ စီးပွားရှာ ကြီးပွားခဲ့ကြတဲ့၊ အဂတိတရားကို အသုံးချပြီး တိုင်းပြည်သယံဇာတ (အဓိကသစ်တောများ) ကို ထုတ်ယူပြီး ကိုယ်ကျိုးရှာကြတဲ့ ဝိသမစီးပွားရေး သမားကြီးများကို (ရေဘေးအလှူပွဲများမှာ Lobby လုပ်ပေးနေကြတာတော့ မသင့်ဘူး ထင်ပါတယ်။ ဒေါ်လာသန်းနဲ့ချီပြီး လှူဒါန်းကြပါတယ်။ သူဌေးကြီးတွေရဲ့ ကြွယ်ဝမှုနဲ့ယှဉ်ရင် မပြောပြလောက်တဲ့ပမာဏပါ။ အကယ်၍ သဘာဝပတ်ဝန်းကျင် ပျက်စီးစေအောင်၊ သစ်တောတွေပြုန်းအောင်၊ အဂတိတရားတွေ တိုင်းပြည်မှာဆက်ရှိနေအောင် လုပ်နေကြတဲ့ သူဌေးကြီးတွေဆိုရင်တော့ အလှူဟာကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာပါ။ Lobby တော့ မလုပ်ပေးသင့်ပါဘူး။)
မေး- ရေဘေးအတွက် နိုင်ငံသားတစ်ယောက်၊ အနုပညာရှင်တစ်ယောက်အနေနဲ့ ထပ်မံလုပ်ဆောင်ကူညီ သွားမယ့် အစီအစဉ်တွေကိုလည်း သိချင်ပါတယ်။
ဖြေ- နိုင်ငံသားတစ်ယောက် အနုပညာရှင် တစ်ယောက်အနေနဲ့ တာဝန်ကျေပွန်အောင် ကြိုးစားခဲ့ပါတယ်။ ရေဘေးကိစ္စမှ မဟုတ်ပါဘူး။ အမိမြန်မာပြည်အတွက် လူတိုင်းဟာ အနိမ့်ဆုံးအဆင့်အနေနဲ့ တာဝန်ကျေဖို့လို အပ်ပါတယ်။ အမှန်တရားမြတ်နိုးသူတွေ လက်တွဲညီတဲ့တစ်နေ့မှာ တိုင်းပြည်ရဲ့ဒုက္ခအချို့ကို လျော့ပါးစေ နိုင်လိမ့်မယ်လို့ မြင်မိပါတယ်။ အားလုံးကို ဆက်လက်နှိုးဆော်ဖို့ ကြိုးစားဆောင်ရွက်သွားပါမယ်။
မေး- မကြာခင်မှာ ပြုလုပ်တော့မယ့် ရွေးကောက်ပွဲမှာ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်စေဖို့ အနုပညာရှင် အသီးသီးက လုပ်ဆောင်လျက်ရှိရာမှာ ကိုဆောင်းဦးလည်း ပါဝင်နေတာတွေ့ရပါတယ်။ ရွေးကောက်ပွဲအတွက် ဂီတအနု ပညာနဲ့ သီချင်းရေးစပ်တာ၊ သီဆိုတာတွေရော လုပ်ဖြစ်ဖို့ ရှိမလား။
ဖြေ- ၂၀၁၅ ရွေးကောက်ပွဲက အရမ်းအရေး ကြီးပါတယ်။ ရွေးကောက်ပွဲ တရားမျှတလွတ်လပ်မယ်။ တကယ်အာဏာလွဲှပေးမယ်။ အာဏာပြန်မသိမ်းဘူးဆိုရင် ပြည်သူ့ဘက်တော်သားတွေ၊ အမေစုတို့တတွေ အစိုးရဖွဲ့နိုင်ပါလိမ့်မယ်။ ပြည်သူတွေ မှန်ကန်တဲ့ရွေးချယ်မှု၊ ဆုံးဖြတ်မှုတွေပြုလုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ပြည်သူတွေ တကယ်ရွေးချယ်ခွင့်ရလျက်နဲ့ မျှော်လင့်သလိုဖြစ်မလာခဲ့ရင်တော့ အားလုံးဒုက္ခရောက်မယ်။ ကျွန်တော်လည်း ဒုက္ခရောက်မယ်။ ပြည်သူတွေ ရွေးချယ်မှုဟာ မှန်ကန်ပြီး တိုင်းပြည်လမ်းကြောင်းမှန်ပေါ် ရောက်ရင် ကျွန်တော်လည်း အဆင်ပြေပြီပေါ့ ဗျာ။ ကျွန်တော်လည်း အများထဲက တစ်ယောက်မို့လို့ပါ။
မေး- ကိုဆောင်းဦး ပြည်ပကိုရောက်ရှိနေတာ ဂီတအနုပညာအတွက် ဆည်းပူးလေ့လာဖို့ သက်သက်ပဲလား။
ဖြေ- ဂီတအနုပညာတွေလည်း ဆည်းပူးလေ့လာခွင့်ရသလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး လေ့လာပါတယ်။ အခုဆိုရင် မြို့ပြစည်ပင်ဖွံ့ဖြိုးရေး၊ စိမ်းလန်းရေးတွေပါ လေ့လာဖြစ်နေပါတယ်။
မေး- မြန်မာနိုင်ငံကို ဘယ်တော့လောက် ပြန်လာဖြစ်မလဲ။ ပြန်ရောက်တဲ့အခါ လုပ်ကိုင်သွားဖို့ရှိတဲ့ အနုပညာ အစီအစဉ်တွေကိုလည်း သိချင်ပါတယ်။
ဖြေ- မျှော်လင့်ချက်က ရှင်းပါတယ်။ လူကောင်းသူကောင်းတွေ အုပ်ချုပ်မင်းလုပ်ခွင့်ရပြီး ပြည်သူတွေကသာ တိုင်းပြည်ရဲ့ အရှင်သခင်ဆိုတာ အသိအမှတ်ပြုတဲ့တစ်နေ့၊ ဒီမိုကရေစီစနစ် ကောင်းကောင်းထွန်းကားရင် ပြန်ခဲ့ပါမယ်။ အဲဒီလိုဖြစ်လာအောင် အဝေးကနေရင်ပဲဖြစ်ဖြစ် ဝိုင်းဝန်းကူညီကြိုးစားမှာပါ။ ပြည်သူတွေ တကယ်ပျော်နိုင်မော်နိုင်တဲ့တစ်နေ့၊ အသက်သိပ်မကြီးသေးဘူးဆိုရင် သီချင်းတွေ ရေးဆိုထုတ်လုပ်ချင်ပါတယ်။ နိုင်ငံရေးပါဝင်မှု နည်းနည်းနဲ့ သီချင်းတွေထုတ်လုပ်ဖို့ ပရိသတ်တချို့က တောင်းဆိုမျှော်လင့်ပေမယ့် အခုထိတော့ သူတို့ဆန္ဒကိုမဖြည့်ဆည်းနိုင်သေးပါဘူး။ နိုင်ငံ့အရေးက အရေးကြီးနေချိန်မို့ပါ။ အဲဒီဖိအားတွေ လျော့ကျသွားဖို့ အခုကြိုးစားနေကြတာပါ။
မေး- ရေဘေးသင့်ဒေသတွေအတွက် ရန်ပုံငွေဖျော်ဖြေပွဲတွေ မှာလည်း ပါဝင်သီဆိုတာ တွေ့ရပါတယ်။ နောက် ထပ် ထပ်မံပါဝင်ဖြစ်ဖို့တွေ ရှိမလားရှင့်။
ဖြေ- အမေရိကန်ကို စက်တင်ဘာ ၂၂ ရက် အရောက်သွားရပါမယ်။ NLD ပညာရေး၊ကျန်းမာရေး ကွန်ရက် ရန်ပုံငွေအတွက် ပြီးတော့လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အောင်နိုင်ရေးအတွက် ကိုယ်စွမ်ဉာဏ်စွမ်း ရှိသလောက် ကူညီဖျော်ဖြေဖို့သွားမှာပါ။
မေး- မြန်မာပြည် ပရိသတ်တွေအတွက် ကိုဆောင်းဦး ပေးချင်တဲ့စကားလက်ဆောင်ရှိရင် ပြောပေးစေချင်ပါ တယ်။
ဖြေ- ကောင်းမွန်တဲ့၊ ပြည်သူကိုချစ်တဲ့၊ ပြည်သူကချစ်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်ဖို့ အင်မတန်ကို အရေးကြီးပါတယ်။ 

Most Read

Most Recent