နေပြည်တော်ကောင်စီနယ်မြေ၌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းကဲ့သို့ ထင်ရှားသည့်ပုဂ္ဂိုလ်များ၏ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ အနီးကပ် လိုက်ပါစောင့်ရှောက်မည်

နေပြည်တော်ကောင်စီနယ်မြေ၌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းကဲ့သို့ ထင်ရှားသည့်ပုဂ္ဂိုလ်များ၏ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ အနီးကပ် လိုက်ပါစောင့်ရှောက်မည်
Published 2 September 2015
ကျော်မျိုး

နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလအတွင်း၌ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းကဲ့သို့ ထင်ရှားသည့် ပုဂ္ဂိုလ်များ၏ လုံခြုံရေးအတွက် အနီးကပ် လိုက်ပါစောင့်ရှောက်မည်ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
 
ရွေးကောက်ပွဲကာလမတိုင်မီ မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင် ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးအတွက် လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
 
ရဲမှူးကြီး ဇော်ခင်အောင်က“မဲဆွယ်စည်းရုံးရေးကာလအတွင်းမှာ တချို့တွေကျတော့ ပေါ်ပျူလာရစ်တီ ရှိတဲ့သူတွေရှိတယ်။ ထင်ရှားတဲ့လူမျိုးပေါ့နော်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်တို့လို သူရဦးရွှေမန်းတို့လို သမ္မတကြီး ဦးသိန်းစိန်တို့လိုမျိုးပေါ့။ အဲဒီလိုမျိုး ပုဂ္ဂိုလ်တွေရဲ့ လုံခြုံရေးကို အနီးကပ်ဆောင်ရွက်ပေးရမယ်”ဟု ပြောကြားသည်။
 
ထို့ပြင် ရွေးကောက်ပွဲစက်ဝန်းမှာ ပါသည့်ပစ္စည်းများ၊ ယာဉ်၊ လူ၊ မဲဆွယ်စည်းရုံးရေးလမ်းကြောင်းများ၊ ပါတီအဖွဲ့အစည်းများ၊ အငြင်းပွားမှုများ မဖြစ်စေရန် စသည်ဖြင့် လုံခြုံရေးလုပ်ပေးရမည်ဖြစ်ကြောင်း၊ အဆိုပါ အဖွဲ့အစည်းသွားလာသည့် ယာဉ်တန်းများကိုလည်း လုံခြုံရေး လုပ်ပေးရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
 
လက်ရှိတွင် နေပြည်တော်ကောင်စီနယ်မြေတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကိုယ်စားလှယ်လောင်း ၃၃ ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ ယင်းကိုယ်စားလှယ်များ၏ လုံခြုံရေးအတွက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ လုံခြုံရေးအတွက် အနီးကပ် လိုက်လုပ်ပေးတာမျိုး မဟုတ်သော်လည်း ကိုယ်စားလှယ်လောင်းများသွားသည့်လမ်းတွင် အနှောင့်အယှက်မခံရစေရန် လုံခြုံ ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရဲမှူးကြီး ဇော်ခင်အောင်က ပြောကြားသည်။
 
နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အကြိုကာလ၊ မဲဆွယ်စည်းရုံးရေးကာလနှင့် ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲလွန်ကာလ ဆိုပြီး လုံခြုံရေးဆောင်ရွက်ရန် လုပ်ဆောင်ထားကြောင်း သိရသည်။
 
“လက်ရှိ အနေအထားကတော့ အကြိုကာလပေါ့နော်။ တို့ဆီမှာ လုံခြုံရေးလုပ်ဖို့ဆိုရင် နေရာလုံခြုံရေး၊ လမ်းကြောင်းလုံခြုံရေး စသဖြင့် အပိုင်း ခုနစ်ပိုင်း ခွဲထားတာပေါ့။ အင်အားနဲ့ပတ်သက်ရင်တော့ အကြမ်းဖျင်းပြောရရင် လက်ရှိက အကြိုကာလထဲမှာ။ တို့တပ်ဖွဲ့အင်အားရဲ့ ၅၀ ရာနှုန်းကို ပုံသေလုံခြုံရေး၊ ရုံးအဖွဲ့နဲ့ ပုံမှန်ရဲလုပ်ငန်းတွေအတွက် ၅၀ ရာနှုန်းကို ချန်လိုက်တယ်။ ကျန်တဲ့ ၅၀ ရာနှုန်းကို ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးပေါ့။ မဲရုံ လုံခြုံရေးစတာတွေပေါ့။ အခုဆိုရင် ဘာတွေစပြီလဲဆိုရင် မဲလက်မှတ် ရိုက်တဲ့နေရာတို့၊ ရွေးကောက်ပွဲကော်မရှင်လိုမျိုးရဲ့  သွားလာရေးတွေ လမ်းကြောင်းလုံခြုံရေးတွေပေါ့နော်။ ဒီလိုမျိုး အင်အားရဲ့ ၅၀ ရာနှုန်းကို အကြိုကာလမှာ အသုံးပြုနေပါတယ်။ ကျန်တာ ရဲလုပ်ငန်းပေါ့”ဟု ရဲမှူးကြီး ဇော်ခင်အောင်က ပြောကြားသည်။
 
ရွေးကောက်ပွဲကာလများအတွင်းတွင် နေပြည်တော်နယ်မြေ၌ အဖျက်အမှောင့်လုပ်ငန်းများလည်း မရှိစေရန်၊ ခိုက်ရန်ဖြစ်ပွားမှုများလည်း မရှိစေရန်အတွက် လုံခြုံရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
 
“အထူးသဖြင့် ရွေးကောက်ပွဲကော်မရှင်ရယ်၊ နောက်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီကို အဆင့်ဆင့်ဖွဲ့ထားတယ်။ နေပြည်တော်နယ်မြေ ရွေးကောက်ပွဲ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီရှိတယ်။နေပြည်တော်ကောင်စီဝင်တွေ ပါတယ်။ ဌာနဆိုင်ရာ အကြီးအကဲတွေ ပါတယ်။ ပါတီက ကိုယ်စားလှယ်တွေ ပါတယ်။  နောက် ကြက်ခြေ နီတို့ ထွေအုပ်တို့ တပ်က စစ်ဦးစီးဗိုလ်မှူးကြီးတို့နဲ့ ကော်မတီဖွဲ့ထားပါတယ်။ စေ့စပ်ညှိနှိုင်း ဆောင်ရွက်ဖို့ စီမံထားတယ်”ဟု ရဲမှူးကြီး ဇော်ခင်အောင်က ပြောကြားသည်။