တိုင်းရင်းသားလက်နက်ကိုင်တွေ မယုံသေးဘူး

တိုင်းရင်းသားလက်နက်ကိုင်တွေ မယုံသေးဘူး
Published 23 August 2015
နေထွန်းနိုင်

(၁)
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) စာချုပ်လက်မှတ်ထိုးဖို့ သြဂုတ် ၁၁ ရက်မှာ သမ္မတဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကို ဖိတ်ခေါ်လိုက်ပါတယ်။
အစိုးရဘက်က လက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပြီး ဖိတ်ခေါ်ခဲ့ပေမယ့် ဒီဖိတ်ခေါ်မှုအပေါ် တူညီတဲ့တုံ့ပြန်မှုတွေ ထွက်မလာခဲ့ပါဘူး။
သြဂုတ် ၁၅ ရက်မှာ ကရင်အမျိုးသား အစည်းအရုံး (KNU) က NCA  လက်မှတ်ထိုးမယ်လို့ ဆုံးဖြတ်ကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။
ဒီနောက်မှာ ရှမ်းပြည်တောင်ပိုင်း တပ်မတော်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KPC) တို့လည်း လက်မှတ်ထိုးမယ်လို့ ထုတ်ပြောခဲ့ပါတယ်။
ဒါဟာ အစိုးရက ဖိတ်ခေါ်ခဲ့တဲ့ ၁၅ ဖွဲ့မှာ လေးဖွဲ့ လက်မှတ်ထိုးမယ်လို့ ပြောခဲ့တာဖြစ်ပြီး ကျန်တဲ့ ၁၁ ဖွဲ့ ဆုံးဖြတ်ချက် မထွက်ခဲ့ပါဘူး။
ဒါပေမဲ့ သြဂုတ် ၂၁ ရက်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)  ရဲ့ သဘောထား ထွက်ပေါ်လာပါတယ်။ သူတို့ရဲ့ သဘောထားကို တိုက်ရိုက်ထုတ်ပြန်တာမျိုး မဟုတ်ပါဘူး။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို အကြောင်းပြန်စာမှာ သူတို့သဘောထားကို ပြောခဲ့တာပါ။
KIO ရဲ့ သဘောထားက ရှင်းပါတယ်။ သူတို့အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးပါ  တစ်ပြိုင်နက်တည်း လက်မှတ်ထိုးရေးမူကို ဆက်လက်စွဲကိုင်ထားတယ်လို့ ဆိုပါတယ်။ KIO ဌာနချုပ် လိုင်ဇာမှာလုပ်တဲ့ NCA လက်မှတ်ထိုးရေးအပေါ် ကချင်ပြည်သူလူထုရဲ့ သဘောထားအမြင် ရယူပွဲမှာ ကချင်ပြည်သူလူထု ပြောတဲ့အတိုင်း ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ KIO ရဲ့ မူလသဘောထားကလည်း အဖွဲ့အားလုံး တစ်ပြိုင်နက်တည်း လက်မှတ်ထိုးရေးမူ ဖြစ်ပါတယ်။ အဲဒီမူအတွက် ကချင်ပြည်သူတွေရဲ့ အားကိုယူပြီး ဆက်လက်ကိုင်စွဲတာ ဖြစ်ပါတယ်။
KIO ရဲ့ သဘောထားဟာ လက်မှတ်ထိုးမယ်လို့ ဆိုကြတဲ့ အဖွဲ့လေးဖွဲ့ သဘောထားနဲ့ ဆန့်ကျင်ဘက်လို ဖြစ်သွားပါတယ်။
 
(၂)
ဖိတ်ခေါ်ခံရတဲ့ ၁၅ ဖွဲ့မှာ ငါးဖွဲ့ရဲ့ သဘောထား သိရပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အားလုံးရဲ့ နောက်ဆုံး ဘုံသဘောထား ဆုံးဖြတ်ချက် မသိရသေးပါဘူး။
ဒီအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို သြဂုတ်၂၁ ရက်ကနေ ၂၃ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မှာ လုပ်ခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး တစ်ပြိုင်နက်တည်း လက်မှတ်ရေးထိုးရေးမူဟာ လွယ်မလိုနဲ့ ခက်တဲ့ပြဿနာ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင် အစိုးရဘက်က လက်မှတ်ထိုးဖို့ တရားဝင်ဖိတ်ခေါ်တာ တိုင်းရင်းသား လက်နက်ကိုင် ၁၅ ဖွဲ့ ဖြစ်ပါတယ်။ ဒီအချိန်မှာ တိုင်းရင်းသားတွေဘက်က ပါစေချင်တဲ့ ခြောက်ဖွဲ့ကို အစိုးရက ချန်ထားပါတယ်။
တစ်နိုင်ငံလုံး အပစ်ရပ်ရေးအတွက် NCA လက်မှတ်ထိုးမှုမှာ အစိုးရဘက်က ချန်ခဲ့တဲ့ ခြောက်ဖွဲ့မှာ တအာင်းလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရခိုင်တပ်မတော် (AA)၊ ဖုန်ကြားရှင် ကိုးကန့်အဖွဲ့ မြန်မာ့အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (WNO) နဲ့ ရခိုင်အမျိုးသားကောင်စီ (ANC) တို့ ဖြစ်ပါတယ်။
ချန်ထားတဲ့ ခြောက်ဖွဲ့မှာ သုံးဖွဲ့က အစိုးရနဲ့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေဆဲ အဖွဲ့တွေ ဖြစ်ကြပါတယ်။ ကျန်တဲ့ သုံးဖွဲ့က လက်နက်ကိုင်ပဋိပက္ခဖြစ်တာ မရှိသလို အခြေစိုက်လှုပ်ရှားရာ နယ်မြေလည်း မရှိပါဘူး။
ဒါကြောင့် အစိုးရဘက်က စဉ်းစားတာက လက်နက်ကိုင်ပဋိပက္ခလည်း မဖြစ်၊ အခြေစိုက်လှုပ်ရှားရာ နယ်မြေလည်းမရှိတဲ့ သုံးဖွဲ့ကို NCA မှာ မထည့်ဘဲ နောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲရောက်မှ ပါခွင့်ပြုမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။
တအာင်းလက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ TNLA ကိုတော့ ပြည်နယ်အဆင့် သဘောတူညီချက်ရပြီးမှ  ဆက်လက်ကိုင်တွယ်မယ့် သဘောရှိနေသလို ကိုးကန့်အဖွဲ့ MNDAAနဲ့ ရခိုင်အဖွဲ့ AA တို့ကို နောက်ပိုင်းမှ ဆက်လုပ်မယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများပြ မြေပုံ (Source : Deciphering Myanmar’s Peace Process (2015) by BNI)
 
(၃)
တကယ်တော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး အားလုံးတစ်ပြိုင်နက်တည်း လက်မှတ်ထိုးရေးမူဟာ ပြီးခဲ့တဲ့နှစ်တွေမှာ လုပ်ခဲ့တဲ့ တိုင်းရင်းလက်နက်ကိုင် ထိပ်သီးဆွေးနွေးပွဲတွေမှာ သဘောတူခဲ့ပြီး ဖြစ်ပါတယ်။
လိုင်ဇာညီလာခံ၊ လော်ခီးလာ ညီလာခံ စတဲ့ ထိပ်သီးဆွေးနွေးပွဲတွေမှာ အားလုံးပါဝင်ရေး၊ အားလုံး  တစ်ပြိုင်နက်တည်း လက်မှတ်ထိုးရေးကို အတိအလင်း သဘောတူကြပါတယ်။
ဒါက တိုင်းရင်းသားလက်နက်ကိုင် အားလုံးရဲ့ စုစည်းမှုပြတာ ဖြစ်သလို အခုရရှိထားတဲ့ NCA မူကြမ်းလည်း အဲဒီစုစည်းမှုရဲ့ ရလဒ်တစ်ခု ဖြစ်ပါတယ်။
စုစည်းမှုရလဒ်ကြောင့် ဖြစ်လာတဲ့ NCA ကို လက်မှတ်ထိုးဖို့ ပြင်တဲ့အချိန်မှာ အဖွဲ့အားလုံး ပါဝင်ခွင့် မရှိဘူးဆိုတာ တိုင်းရင်းသား လက်နက်ကိုင်တွေအတွက် ဝေခွဲရ ခက်စရာ ဖြစ်လာပါတယ်။
အပစ်ရပ်ရေးအတွက် သဘောတူညီမှုရထားတဲ့ အဖွဲ့တွေနဲ့ နိုင်ငံရေးစကား ပြောနေချိန်မှာ လက်မှတ်ထိုးခွင့်မရဘဲ ကျန်နေတဲ့ အဖွဲ့တွေကို အပြုတ်တိုက်နည်းနဲ့ အပြတ်ရှင်းမှာကို သူတို့စိုးရိမ်ကြပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကာလ ငြိမ်းချမ်းရေး သဘောတူညီမှု ရခဲ့ချိန်မှာလည်း ဒီလိုဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
ဒါကြောင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ထိုးဖို့ဆိုရင် အားလုံးတစ်ပြိုင်နက်တည်း လက်မှတ်ထိုးရေးမူကို ကိုင်စွဲမယ်၊ အစိုးရဘက်က အာသီသရှိနေတဲ့ “အဆင့်သင့်ဖြစ်တဲ့သူ လက်မှတ်အရင်ထိုး” ဆိုတဲ့ အချက်ကို ရှောင်ရှားမယ်ဆိုတဲ့ သဘောထား ရှိခဲ့ပါတယ်။
ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်က လက်ရှိအစိုးရ လက်ထက်မှာပဲ NCA ကို ပြီးပြတ်စေချင်တဲ့အတွက် တွန်းအားပေး လုပ်လာချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေ ကြားမှာလည်း သဘောထားအမျိုးမျိုး ဖြစ်လာပါတယ်။
လက်ရှိအစိုးရရဲ့ ကတိကဝတ်တွေကို ယုံကြည်သူတွေနဲ့ မယုံကြည်သေးသူတွေဆိုပြီး ဖြစ်လာတာပါ။
ယုံကြည်သူတွေက လက်မှတ်ထိုးဖို့ ဆုံးဖြတ်ပြီး မယုံနိုင်သေးသူတွေက အားလုံးပါဝင်မှသာ လက်မှတ်ထိုးမယ်ဆိုတဲ့ သဘောထား ဖြစ်လာပါတယ်။
ဒါပေမဲ့ NCA မူကြမ်းရအောင် လုပ်ဆောင်ခဲ့တဲ့ စုစည်းမှုတော့ မပြိုကွဲသေးဘူးလို့ ဆိုနိုင်ပါတယ်။
 
(၄)
တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပတ်သက်ရင် အစိုးရဘက်က ယေဘုယျအားဖြင့် သဘောထားနှစ်မျိုး ထားပါတယ်။
သူတို့ သဘောထားနဲ့ နီးစပ်နိုင်သူတွေကို အနီးကပ်စည်းရုံးပြီး ကိုင်တွယ်ပါတယ်။ သူတို့ သဘောထားနဲ့ မနီးစပ်နိုင်သူတွေကို စစ်ရေးအရ ဖိအားပေးတဲ့ နည်းလမ်းသုံးပါတယ်။ ဒီအချက်တွေကို ပြီးခဲ့တဲ့ သုံးနှစ်တာ ငြိမ်းချမ်းရေးကြိုးပမ်းမှု ဆောင်ရွက်ချက်တွေမှာ တွေ့ရပါတယ်။
ဒီအတွက် ပြီးခဲ့တဲ့ သုံးနှစ်တာကာလမှာ အုပ်စုနှစ်စု သီးသန့်ဖြစ်လာပါတယ်။ ပထမအုပ်စုက KIO ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ် အုပ်စုတွေ ဖြစ်ပါတယ်။ ဒုတိယအုပ်စုက KNU ဦးဆောင်တဲ့ တောင်ပိုင်းမဟာမိတ် အုပ်စုတွေ ဖြစ်ပါတယ်။
မြောက်ပိုင်း မဟာမိတ်အုပ်စုတွေဟာ အစိုးရနဲ့ ပဋိပက္ခအများဆုံးဖြစ်တဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။
KIOအပါအဝင် TNLA၊ AA နဲ့ MNDAA တို့ဟာ အစိုးရနဲ့တိုက်ပွဲ ရာနှင့်ချီဖြစ်ခဲ့တဲ့ အဖွဲ့တွေပါ။
အထူးသဖြင့် TNLA နဲ့ AA တို့နောက်မှာ KIO က အခိုင်အမာ ရပ်တည်နေပါတယ်။ ကိုးကန့်အဖွဲ့ MNDAA နောက်မှာ ‘ဝ’ သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နဲ့ မိုင်းလားအဖွဲ့ (NDAA) တို့ ရှိပေမယ့် သူတို့မရှိဘူးလို့ ငြင်းထားပါတယ်။ တစ်ဖက်မှာလည်း မြောက်ပိုင်း အင်အားစု မဟာမိတ်သဘောအရ KIO နဲ့ UWSA အကြား ဆက်နွှယ်မှုတွေ ရှိပါတယ်။
UWSA က တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ အင်အားအကြီးဆုံး ဖြစ်ပါတယ်။ ထူးခြားတာက UWSA ရော၊ မိုင်းလားအဖွဲ့ NDAA နှစ်ဖွဲ့လုံးက မှာ ပါဝင်လက်မှတ်ထိုးဖို့ ဆန္ဒမရှိပါဘူး။
သူတို့ဟာ အစိုးရနဲ့ နှစ်ရှည်လများစွာ ငြိမ်းချမ်းရေး သဘောတူညီချက် ရထားပြီးဖြစ်လို့ လက်မှတ်ထိုးစရာ မလိုဘူး၊ နိုင်ငံရေး ဆွေးနွေးပွဲ စတင်ချိန်ရောက်မှ ပါမယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အစိုးရကတော့ နှစ်ဖွဲ့စလုံးကို NCA လက်မှတ်ထိုးဖို့ ဖိတ်ခေါ်ထားပါတယ်။
တစ်ဖက်မှာတော့ တောင်ပိုင်းမဟာမိတ်အုပ်စုရဲ့ ဦးဆောင်သူဖြစ်တဲ့ KNU က အစိုးရနဲ့ အနီးစပ်ဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ သူနဲ့အတူ ရှမ်းပြည်တောင်ပိုင်း တပ်မတော် RCSS က သဘောထား တစ်ခုတည်း ရပ်တည်ပါတယ်။
RCSS/SSA ဟာ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ ဆန့်ကျင်တဲ့ သဘောရှိပါတယ်။ ဒါ့အပြင် SSPP ကို ကျောထောက် နောက်ခံပေးတာ တချို့ရှိခဲ့တဲ့ UWSA နဲ့ RCSS အကြားမှာလည်း ပဋိပက္ခတွေ ရှိပါတယ်။
နောက်ခံအခင်းအကျင်း မတူတဲ့ မဟာမိတ်အင်အားစု နှစ်ခုရဲ့ သဘောထားက NCA လက်မှတ်ထိုးရေး အပေါ် အဆုံးအဖြတ်ပေးမယ့် သဘောရှိပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် NCA ကို တိုင်းရင်းသား လက်နက်ကိုင်အားလုံးက လက်မှတ်ထိုးဖို့ ဆန္ဒရှိကြပါတယ်။ ဒါပေမယ့် အဖွဲ့တွေခွဲပြီး ထိုးမလား၊ အဖွဲ့အားလုံးစုံမှ တစ်ပြိုင်နက်တည်း လက်မှတ်ထိုးမလားဆိုတာ ညှိနှိုင်းကြရပါမယ်။ သမိုင်းသင်ခန်းစာအရဆိုရင် အဖွဲ့အားလုံး တစ်ပြိုင်နက်တည်း လက်မှတ်ရေးထိုးမှသာ အရှည်တည်တံ့တဲ့ အပစ်အခတ် ရပ်စဲရေးကို ရနိုင်ပါလိမ့်မယ်။

NCA လက်မှတ်ထိုးရေးနှင့် ပတ်သက်ပြီး အစိုးရက ဖိတ်ခေါ်ခဲ့သော အဖွဲ့များနှင့် ဖိတ်ခေါ်ခဲ့ခြင်းမရှိသည့် အဖွဲ့များ (Source : Deciphering Myanmar’s Peace Process (2015) by BNI)
 
(၅)
ဒီလိုအချိန်မှာ NCA လက်မှတ်ထိုးမယ်လို့ ဆုံးဖြတ်ခဲ့တဲ့ KNU ရဲ့ သဘောထားမှာ အငြင်းပွားစရာတွေ ရှိနေတယ်လို့ နိုင်ငံရေး အကဲခတ်တွေ သုံးသပ်ပါတယ်။
KNU ဟာ ပြီးခဲ့တဲ့ နှစ်နှစ်ကျော် အချိန်ကတည်းက NCA လက်မှတ်ထိုးဖို့ ဆန္ဒပြင်းထန်ခဲ့ပါတယ်။ ဒီအတွက် KNU အတွင်းမှာ နှစ်ခြမ်းကွဲသလို ဖြစ်ခဲ့ပါတယ်။
ခိုင်မာတဲ့ အာမခံချက်မရှိဘဲ လက်မှတ်ထိုးလိုတဲ့ အုပ်စုနဲ့ ခိုင်မာတဲ့ အာမခံချက်ရပြီးမှ လက်မှတ်ထိုးလိုတဲ့ အုပ်စုဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် အစိုးရနဲ့ ညှိနှိုင်းမှုယူပြီး လက်မှတ်ထိုးလိုတဲ့ အုပ်စုက KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ဦးဆောင်တဲ့ အဖွဲ့ဖြစ်ပါတယ်။ အခြားတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ညှိနှိုင်းပြီး ခိုင်မာတဲ့ အာမခံချက်တွေရမှာ လက်မှတ်ထိုးလိုသူတွေက KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန် ဦးဆောင်တဲ့အုပ်စု ဖြစ်ပါတယ်။
အခုချိန်မှာတင် သဘောထားနှစ်မျိုး ထွက်နေပါတယ်။ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး လက်မှတ်ထိုးပြီး KNU ဗဟိုအမြဲတမ်း ကော်မတီရဲ့ ကြေညာချက်မှာ NCA လက်မှတ်ထိုးဖို့ ဆုံးဖြတ်တယ်၊ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့အတူ လက်မှတ်ထိုးနိုင်အောင် ကြိုးပမ်းမယ်ဆိုတာ ပါရှိပါတယ်။ အားလုံးပါဝင်မှ လက်မှတ်ထိုးမယ်ဆိုတဲ့ ယတိပြတ်သဘောထား မတွေ့ပါဘူး။
ဒီကြေညာချက် ထွက်ပြီးလို့ KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်ကို မီဒီယာတွေက မေးတဲ့အခါ သဘောထားတစ်မျိုး ဖြစ်နေပါတယ်။
လက်ရှိသဘောတူထားတဲ့ လေးဖွဲ့တည်းနဲ့တော့ လက်မှတ်ထိုးမယ့် သဘောထား မရှိဘူးလို့နော် စီဖိုးရာစိန်က ပြောပါတယ်။
ပြန်ကြည့်မယ်ဆိုရင် လက်မှတ်ထိုးဖို့ သဘောတူထားတဲ့ လေးဖွဲ့မှာ သုံးဖွဲ့က ကရင်လက်နက်ကိုင် အဖွဲ့တွေ ဖြစ်ပါတယ်။ သူတို့ဘာကြောင့် လက်မှတ်ထိုးဖို့  ဆုံးဖြတ်သလဲဆိုတဲ့ ကိစ္စမှာ အဖွဲ့အစည်းဆိုင်ရာ အကျိုးစီးပွားတွေ အများကြီး ရှိနေပါတယ်။ အပေးအယူလုပ်လိုခြင်း သဘောထားတွေ မြင်ရတယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောကြပါတယ်။
ဒီထဲမှာ လတ်တလောထင်သာ မြင်သာရှိတာက အာရှအဝေးပြေး လမ်းမကြီးနဲ့ သက်ဆိုင်နေပါတယ်။
အာရှအဝေးပြေးလမ်းမကြီး ဖြတ်သန်းရာ နေရာတွေမှာ KNU ထိန်းချုပ်နယ်မြေတွေ ပါဝင်ပါတယ်။ ဒီအတိုင်းပဲ အခြားသော ကရင်လက်နက်ကိုင် အဖွဲ့တွေဘက်မှာလည်း အာရှအဝေးပြေး လမ်းမကြီးက တစ်ဆင့်ရလာနိုင်တဲ့ အကျိုးအမြတ်တွေ ရှိပါတယ်။
မကြာသေးခင်းက ကရင်ပြည်နယ်တွင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကို ပြန်ကြည့်ရင်လည်း အာရှအဝေးပြေး လမ်းမကြီးမှာ အခွန်ကောက်ခံကြတဲ့ ကိစ္စတွေနဲ့ သက်ဆိုင်ပါတယ်။
တစ်ဖက်မှာလည်း အစိုးရက အာရှလမ်းမကြီးကို အမြန်ဆုံးတရား ဝင်ဖွင့်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
ဒီအချိန်မှာ ကရင်လက်နက်ကိုင် အဖွဲ့တွေက NCA လက်မှတ်ထိုးဖို့ ဆုံးဖြတ်လိုက်တာနဲ့ အာရှအဝေးပြေး လမ်းမကြီးကတစ်ဆင့် ရလာတဲ့ အကျိုးအမြတ်အပြင် အခြားသော စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေ တရားဝင် ရလာလိမ့်မယ်လို့ ယူဆထားပါတယ်။
ထိုက်သင့်တဲ့ အကျိုးခံစားခွင့် ရမလား ဆိုတာကို ဘယ်သူကမှ အာမခံချက် မပေးနိုင်ပါဘူး။
 
(၆)
NCA နဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး တုံ့ဆိုင်းနေခြင်းက သူတို့ဘက်မှာ ယုံကြည်မှု နည်းနေလို့ ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်ခွင့် မရှိတာကို သံသယ ဖြစ်နေသလို လက်မှတ်ထိုးပြီး နောက်ပိုင်းကိစ္စတွေ အတွက်လည်း သံသယ ဖြစ်နေကြတာပါ။
လက်မှတ်ထိုးပြီးနောက်ပိုင်း ဖြစ်လာမှာတွေအတွက် သံသယဖြစ်မှုမှာ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးက အဓိကကျတဲ့ အချက်အဖြစ် ပါဝင်ပါတယ်။
အပစ်ရပ်ရေး သဘောတူညီချက် NCA မူကြမ်း အခန်း(၅) နိုင်ငံရေးလမ်းပြမြေပုံ ချမှတ်ခြင်းအပိုင်းမှာ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲ သဘောတူမယ်။ အဲဒီမူဘောင်အရ နိုင်ငံရေး ဆွေးနွေးပွဲ၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ လုပ်ငန်းစဉ် ညှိနှိုင်းဆွေးနွေးခြင်းတွေ လုပ်မယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ အဲဒီအဆင့်မရောက်ခင် တိုင်းရင်းသား လက်နက်ကိုင်တွေ  ဆက်လက်ရပ်တည် နိုင်ရေးအတွက် သံသယဖြစ်စရာတွေ ရှိနေပါတယ်။ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စမရောက်ခင်မှာ လက်နက်ဖြုတ်သိမ်းရေးက အားသာသွားမယ်ဆိုရင် NCA လက်မှတ်ထိုးခြင်းက လက်နက်ချ အညံ့ခံရေးပဲ ဖြစ်သွားမယ်ဆိုတဲ့ အယူအဆ တိုင်းရင်းသား လက်နက်ကိုင်တွေဆီမှာ ရှိနေပါတယ်။
ဒီလိုသဘောဆောင်တဲ့ ပြောကြားချက်တွေလည်း ဒီရက်ပိုင်းမှာ ထွက်ပေါ်နေပါတယ်။
အစိုးရကတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်မှာ NCA စာချုပ်ကို အပြီးသတ် လက်မှတ်ထိုးနိုင်ဖို့ မျှော်လင့်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ဦးဆောင်သူ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကိုယ်တိုင် Foreign Policy မှာ ဆောင်းပါးရေးပြီး နိုင်ငံတကာ အကူအညီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိအားပေးဖို့ ကြိုးစားခဲ့တာ ရှိပါတယ်။ ဒီအတိုင်းပဲ ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်မှာလည်း အစိုးရရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုမှာ အကြံပေး ဆောင်ရွက်နေတဲ့ ဒေါက်တာသန့် မြင့်ဦးက The New York Times သတင်းစာမှာ ဆောင်းပါးရေးပြီး နိုင်ငံတကာရဲ့ အားပေးမှုရအောင် ကြိုးစားမှု ရှိခဲ့ပါတယ်။
ဒီအချက်တွေက NCA လက်မှတ်ရေးထိုးခြင်းဟာ ပြည်တွင်းမှာ သာမက နိုင်ငံတကာမှာပါ ဝေဖန်ခံနေရတဲ့ လက်ရှိအစိုးရရဲ့ နောက်ဆုံး မျှော်မှန်းချက်တစ်ခု ဖြစ်နေတာ ထင်ရှားပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ယုံကြည်မှုရဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။