ခိုင်မာသည့် အပစ်အခတ်ရပ်ဆိုင်းရေး ဖြစ်စေရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံး တစ်ပြိုင်တည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးသွားရေးမူကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)ဆက်လက် စွဲကိုင်သွားမည်ဖြစ်ကြောင်းKIO ဗဟိုကော်မတီ၏ သြဂုတ် ၂၁ ရက် ရက်စွဲပါ စာအရ သိရသည်။
(၁၀)ကြိမ်မြောက် အရပ်ဘက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ဖိုရမ်ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီနှင့် ကချင်ပြည်နယ် အရပ်ဘက်လူ့အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကွန်ရက်တို့၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆိုင်းရေး စာချုပ် (NCA) လက်မှတ်ရေးထိုးရေး လုပ်ငန်းနှင့်ပတ်သက်၍ အကြံပြု တင်ပြချက်များကို KIO ဗဟိုကော်မတီမှ လက်ခံရရှိကြောင်း၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံအစိုးရအကြား ဆွေးနွေးရေးလုပ်ငန်းစဉ်အား မှန်ကန်စွာ သုံးသပ်အကြံပြု တိုက်တွန်းမှုအား ကျေးဇူးတင်ရှိသည်ဟု KIO ဗဟိုကော်မတီ၏စာတွင် ဖော်ပြထားသည်။
အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ အကြံပြုချက်နှင့်အညီ တည်ငြိမ်သည့် ငြိမ်းချမ်းရေးဖြစ်လာစေရန် အလို့ငှာ မိမိတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်း ဆန္ဒသဘောထားရှိကြောင်းနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် လိုအပ်သော အကြံပြုချက်များ၊ လက်တွဲဆောင်ရွက်မှုများကိုလည်း မိမိတို KIO ဗဟိုကော်မတီက လက်ခံကြိုဆိုသွားမည် ဖြစ်သည်ဟုလည်း အဆိုပါစာတွင် ပါရှိသည်။
KIO အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၅ ဖွဲ့ထံသို့ နိုင်ငံတော်သမ္မတက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုရန် ဖိတ်ခေါ်စာကို သြဂုတ် ၁၂ ရက်က ပေးပို့ထားကြောင်း သိရသည်။
လတ်တလောတွင် အစိုးရက တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးရာတွင် ၎င်းတို့နှင့် အပစ်ရပ်စဲရေး သဘောတူညီမှုများ ပြုလုပ်ထားသည့် အဖွဲ့ ၁၅ ဖွဲ့ကိုသာ ပါဝင်ရန် သတ်မှတ်ထားသည်။
လက်ရှိတွင် KIO အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့ မှ ကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ်များ နှစ်နှစ်နီးပါးကြာ ညှိနှိုင်းမှုမှ တစ်ဆင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို သြဂုတ်လဆန်းပိုင်းက အပြီးသတ်ရေးဆွဲ သဘောတူညီပြီးဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့အနက် အစိုးရလက်မခံသည့် အဖွဲ့အစည်း ခြောက်ခု တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး စာချုပ် လက်မှတ်ထိုးရာတွင် ပါဝင်လာနိုင်ရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ နှစ်ဖက်အဆင့်မြင့်ဆုံး ခေါင်းဆောင်များ တွေ့ဆုံရန် တိုင်းရင်းသားအဖွဲ့များဘက်က အဆိုပြုထားရာ သြဂုတ် ၂၅ ရက်ဝန်းကျင်တွင် နေပြည်တော်၌ တွေ့ဆုံညှိနှိုင်းရန် စီစဉ်နေကြောင်း သိရသည်။
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တစ်ပြိုင်တည်း လက်မှတ်ထိုးရေးမူကို KIO ဆက်လက်စွဲကိုင်မည်















