တရားစွဲဆိုခံထားရသော ကျောင်းသားများ၏ စာမေးပွဲဖြေဆိုခွင့်ရရန် အာမခံလျှောက်ထားမှုကို အမရပူရမြို့နယ်တရားသူကြီးမှ သြဂုတ်၂၁ ရက် ရုံးချိန်းတွင် ပယ်ချခဲ့ရာ စာမေးပွဲဖြေဆိုခွင့်မရမချင်း အစာငတ်ခံဆန္ဒပြသွားမည်ဟု ကျောင်းသားများက ပြောကြားသည်။ကျောင်းသားများသည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅ (ခ) အရ ဆူပူလှုံ့ဆော်မှုမရှိကြောင်း၊ တရားလိုများ၏ထွက်ဆိုချက်အရ ဓာတ်ပုံမှတ်တမ်းများတွင် ရတနာပုံတက္ကသိုလ် အုတ်တံတိုင်းသာပါရှိပြီး ဆေးသုတ်နေသည်မှာ မပါရှိကြောင်း၊ သို့ဖြစ်၍ ပုဒ်မ ၅၀၅ (ခ)ကို ကျူးလွန်သည်မှာ မပေါ်ပေါက်ကြောင်း၊ ကျောင်းသားများမှာ စာမေးပွဲဖြေဆိုရန် နီးကပ်နေ၍ ညှာတာပေးပါရန်နှင့် ကျောင်းသားများကို အချုပ်လွတ်ထုတ်ချေခွင့်ပြုရန်အတွက် ကျောင်းသားများ၏ရှေ့နေ ဦးသိန်းသန်းဦးက အာမခံလျှောက်ထားခဲ့သည်။အဆိုပါအာမခံလျှောက်ထားမှုကို အမှုလိုက်အရာရှိက နိုင်ရဲဝေပါလေးဦးအား စွပ်စွဲထားသော ပုဒ်မ ၅၀၅ (ခ) သည် အာမခံပေး၍မရသောပြစ်မှုတွင် ပါဝင်သည့်အပြင် အသက် ၁၆ နှစ်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သူများဖြစ်ကြသဖြင့် အချုပ်လွတ်ထုချေခွင့်ပြုလိုက်ပါက အလားတူပြစ်မှုများ ထပ်မံကျူးလွန်နိုင်ဖွယ်ရာရှိသဖြင့် ငြိမ်းချမ်းစွာစာသင်ကြားလိုသော ကျောင်းသားကျောင်းသူများကို အနှောင့်အယှက်ဖြစ်သည့်အတွက် အာမခံလျှောက်ထားမှုကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၉၇ အရ ကန့်ကွက်ကြောင်း ပြန်လည်လျှောက်ထားသည်။ကျောင်းသားများကို စွဲဆိုထားသည့် ပုဒ်မ ၅၀၅ (ခ) သည် အာမခံပေး၍မရသော ပုဒ်မဖြစ်ခြင်း၊ ရတနာပုံတက္ကသိုလ်တွင် တက်ရောက်လျက်ရှိသော ကျောင်းသားများဖြစ်ကြောင်း၊ စာမေးပွဲဖြေဆိုခွင့် ရှိ မရှိ ခိုင်လုံသောအထောက်အထားများတင်ပြခဲ့ခြင်းမဟုတ်ဘဲ ဘွဲ့ကြိုစာမေးပွဲအချိန်ဇယားများသာ တင်ပြခဲ့ကြောင်း၊ ဥပဒေအရာရှိ၏ စွပ်စွဲခံရသော ကျောင်းသားများကို အာမခံပေးလိုက်ပါက အလားတူထပ်မံကျူးလွန်နိုင်ပြီး အေးချမ်းစွာပညာသင်ကြားနေသော ကျောင်းသားများကို အနှောင့်အယှက်ဖြစ်စေနိုင်သဖြင့်ဟုဆိုကာ အချုပ်လွတ်ထုချေခွင့်ရရန် အာမခံလျှောက်ထားမှုကို အမရပူရမြို့နယ်တရားသူကြီးက ပယ်ချမိန့်ချခဲ့သည်။အာမခံလျှောက်ထားမှုပယ်ချခဲ့သည့် တရားသူကြီး၏ အမိန့်နှင့်ပတ်သက်၍ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ နိုင်ရဲဝေက "စာမေးပွဲဖြေခွင့် ရှိ မရှိ သက်သေအထောက်အထားမခိုင်လုံလို့ မပေးတာလို့ပြောပါတယ်။ တရားသူကြီးအနေနဲ့ ကျောင်းသားတွေပညာရေးအပေါ်မှာ ဘယ်လောက်ထိစဉ်းစားလဲဆိုတာ ပေါ်လွင်နေပါတယ်။ တစ်နိုင်ငံလုံးမှာ တရားဥပဒေဟာ ဒီတစ်ခုတည်းကိုကျင့်သုံးပြီး တစ်ရုံးနဲ့တစ်ရုံးမတူခြင်းဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ ဥပဒေပြုရေးမဏ္ဍိုင်အထက်မှာ ရောက်နေတယ်လို့ ပြောလို့ရပါတယ်။ ကျောင်းသားဖြစ်လို့ စာမေးပွဲဖြေချင်ပါတယ်။ ဒီနေ့ထောင်ကိုရောက်တဲ့အချိန်ကစပြီး စာမေးပွဲဖြေဆိုခွင့်မရမချင်း အစာငတ်ခံဆန္ဒပြပါမယ်" ဟုပြောကြားသည်။"ဥပဒေ ၅၀၅ (ခ) က အာမခံပေးနိုင်ခွင့်မရှိဘူး။ ကျွန်တော်တို့ဘက်က အကြောင်းပြတာ စာမေးပွဲဖြေဆိုခွင့်နဲ့တင်တယ်။ အာမခံပေးခွင့်မရှိတဲ့အမှုကို အာမခံပေးခြင်းမပေးခြင်းက တရားရုံးရဲ့ဆင်ခြင်တုံတရားနဲ့ပဲဆိုင်တယ်။ မကျေနပ်ရင် အဆင့်မြင့်တရားရုံးဆက်တက်ဖို့ပဲရှိတယ်။ ဒါပေမဲ့ကျောင်းသားတွေက ဆက်တက်ဖို့ဆန္ဒမရှိဘူး။ ၅၀၅ (ခ)ကို အာမခံပေးတယ်ဆိုတာ တစ်သက်လုံးမှာ လျှပ်တစ်ပြက်က ဦးမြတ်ခိုင်ကိုပေးတာပဲကြုံဖူးတယ်" ဟု ကျောင်းသားများဘက်မှ လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကဆိုသည်။
တရားစွဲခံထားရသော ကျောင်းသားများ၏ စာမေးပွဲဖြေဆိုခွင့်ရရန် အာမခံလျှောက်ထားမှု အမရပူရမြို့နယ်တရားသူကြီးက ပယ်ချခဲ့သဖြင့် အစာငတ်ခံဆန္ဒပြမည်ဟု ကျောင်းသားများပြောကြား