ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် ပါတီအလိုက် ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်းချုပ်အရ NLD အများဆုံးဖြစ်နေ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် ပါတီအလိုက် ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်းချုပ်အရ NLD အများဆုံးဖြစ်နေ
Published 21 August 2015
ဇာလီမြင့်ဦး

၂၀၁၅ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အင်အားစာရင်းချုပ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ်၂၀ ရက်တွင်ထုတ်ပြန်ခဲ့ရာ အဆိုပါစာရင်းအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကိုယ်စားလှယ်လောင်းအများဆုံး စာရင်းတင်သွင်းထားကြောင်း တွေ့ရသည်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်အရ ကော်မရှင်သို့ စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းဦးရေ မှာ ၆၁၈၉ ဦးရှိပြီး ပြည်သူ့လွှတ်တော်အတွက် ၁၇၇၂ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၉၁၃ ဦးနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆၃ ဦးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် ၃၅၀၄ ဦးဖြစ်ကြောင်း သိရသည်။စာရင်းချုပ်အရ နိုင်ငံရေးပါတီ ၉၂ ခုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများက စာရင်းပေးသွင်းထားခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါထုတ်ပြန်ချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည့်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၃၂၅ ဦး၊ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၁၆၇ ဦးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ နေရာအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၆၅၉ ဦးဖြင့် စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁၅၁ ဦး စာရင်းပေးသွင်းထားကြောင်း ဖော်ပြထားသည်။အတိုက်အခံပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲဆန္ဒနယ် ၁၁၇၁ နေရာအနက် ၁၁၃၈ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူများက ပြောကြားသည်။NLD က ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ အနက် ၃၁၉ နေရာတွင်လည်းကောင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နေရာအနက် ၁၆၆ နေရာတွင်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၆၄၄ နေရာအနက် ၆၂၄ နေရာတွင်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် (တိုင်းရင်းသားရေးရာဝန်ကြီး) ၂၉ နေရာအနက်၂၉ နေရာလုံးတွင် ဝင်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတွင် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ခွဲအသီးသီးသို့ အမည်စာရင်းတင်သွင်းပြီးထားကြောင်း သိရသည်။   ထို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများစာရင်းချုပ်အရ NLD က ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ခြောက်ခု၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ်တစ်ခုနှင့်၊ တိုင်းရင်းသားရေးရာဝန်ကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်ခြောက်ခုတို့တွင် NLD ကိုယ်စားပြုအနေဖြင့် ကိုယ်စားလှယ်နှစ်ဦးစီ အမည်စာရင်းပေးသွင်းထားခြင်းဖြစ်သည်။အဆိုပါကိစ္စနှင့်ပတ်သက်၍ NLD ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက "အဲဒါကကျွန်တော်တို့သိသလောက် တင်ပြီးမှ ပြန်ပြီးတော့ရုပ်သိမ်းတဲ့သူတွေပါနေတယ်။ အဲဒီတော့ ရုပ်သိမ်းတဲ့သူတွေက စနစ်မကျတော့ ဟိုမှာစာရင်းမပျောက်ဘူးဖြစ်နေတယ်။ အဲဒါတွေက နောက်ထပ်တစ်ရက်နှစ်ရက်ဆို ရှင်းသွားမှာပါ။ ဘာမှအထွေအထူးပြဿနာမရှိပါဘူး။ သက်ဆိုင်ရာခရိုင်ရုံးတွေမှာ မှားပြီးတော့ တင်ထားတဲ့သူတွေ၊ ပြန်လည်တင်သွင်းတာ စနစ်မကျတဲ့သူတွေက ထပ်ပြီးတော့ သွားပြီးတင်ပြနေပါတယ်" ဟုပြောကြားသည်။အလားတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲဝင်ရန် စာရင်းသွင်းထားသည့် ကိုယ်စားလှယ်လောင်းစာရင်းမှာ ၁၁၃၄ ဦးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့်မူ ရွေးကောက်ပွဲတွင် လွှတ်တော်နေရာ စုစုပေါင်း ၁၁၃၉ နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ထုတ်ပြန်ထားရာ ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရမူ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုအနေဖြင့် စာရင်းသွင်းထားသည့် ကိုယ်စားလှယ်လောင်းမှာ ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပြန်ထားမှုထက် ငါးဦးလျော့နည်းလျက်ရှိကြောင်း သိရသည်။လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းမှုများကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက သြဂုတ် ၁၈ ရက်မှ ၂၇ ရက်အထိ စိစစ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ထိုကဲ့သို့ ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်စားလှယ်လောင်းသတ်မှတ်ထားမှုနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တို့ ကွဲလွဲမှုရှိနေခြင်းအပေါ် ပြည်ခိုင်ဖြိုးပါတီသို့ ဖုန်းဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရခဲ့ပေ။လွှတ်တော်ကိုယ်စားလှယ်လောင်းအသီးသီးက သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် အမည်စာရင်းတင်သွင်းကြရာ၌ နိုင်ငံရေးပါတီတစ်ခုတည်းကို ကိုယ်စားပြု၍ အမည်စာရင်းတင်သွင်းသူနှစ်ဦးရှိနေကြောင်းနှင့် လွှတ်တော်မဲဆန္ဒနယ်တစ်ခုတွင် ယှဉ်ပြိုင်အရွေးခံရန် အမည်စာရင်းတင်သွင်းပြီးနောက်မှ ယင်း၏အမည်စာရင်းတင်သွင်းလွှာကိုရုပ်သိမ်းပြီး အခြားလွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းထပ်မံတင်သွင်းမှုများရှိခဲ့သည်ကို စိစစ်တွေ့ရှိနေရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။သို့ဖြစ်၍ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးတို့က လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းလွှာများကို စိစစ်ရာ၌ မှန်ကန်မှုရှိစေရေး၊ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးနှင့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းများ နစ်နာမှုမရှိစေရေးတို့အတွက် အမည်စာရင်းတင်သွင်းလွှာများ စိစစ်ရန်လည်း ပါတီများနှင့် ကိုယ်စားလှယ်များထံ တိုက်တွန်းနှိုးဆော်ထားသည်။ပါတီများ၏ ကိုယ်စားလှယ်လောင်းသတ်မှတ်လျှောက်ထားမှုအချို့သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်ပါ အရေအတွက်တို့နှင့် ကွဲလွဲမှုရှိနေသည့်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ဆက်သွယ်၍မရခဲ့ပေ။