နေပြည်တော်ကောင်စီရှိ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၃ ဦးတင်သွင်းထားပြီး ၂၈ ဦးအား စိစစ်အတည်ပြု

နေပြည်တော်ကောင်စီရှိ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၃ ဦးတင်သွင်းထားပြီး ၂၈ ဦးအား စိစစ်အတည်ပြု
Published 21 August 2015
နေရိုင်း၊ဇေယျာထွန်း

နေပြည်တော်ကောင်စီနယ်မြေရှိ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၃ ဦးတင်သွင်းထားပြီး သြဂုတ် ၂၀ ရက်အထိ ကိုယ်စားလှယ်လောင်း ၂၈ ဦးအား စိစစ်အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။နေပြည်တော်ရှိ အဆိုပါကော်မရှင်ရုံးတွင် ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အင်န်ဒီအက်ဖ်၊ တိုင်းရင်းသားစည်လုံးညီညွတ်ရေးပါတီနှင့် တစ်သီးပုဂ္ဂလတို့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းတင်သွင်းထားပြီး ကိုယ်စားလှယ်လောင်းများ စိစစ်အတည်ပြုခဲ့ရာ သြဂုတ် ၁၉ ရက်တွင် ၁၂ ဦးနှင့် သြဂုတ်၂၀ ရက်တွင် ၁၆ ဦးအား စိစစ်အတည်ပြုခဲ့ကြောင်း သိရသည်။လက်ရှိအတည်ပြုခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများဖြစ်ကြောင်း သိရသည်။ထို့ပြင် သြဂုတ် ၂၁ ရက်၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် တစ်သီးပုဂ္ဂလ ၁၅ ဦးအား နေပြည်တော်ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွင် ထပ်မံစိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။"အခုအချိန်ထိတော့ တင်ထားတဲ့ကိုယ်စားလှယ်လောင်းတွေက စည်းကမ်းနဲ့မကိုက်ညီတာရော၊ လာပြီးကန့်ကွက်တာမျိုးလည်းမရှိဘူး။ စိစစ်ဖို့ပျက်ကွက်တာမျိုးလည်းမရှိဘူး" ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးခွဲမှ ဥက္ကဋ္ဌဦးအောင်ထက်ကျော်က ပြောကြားသည်။သြဂုတ် ၂၀ ရက်တွင်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဇေယျာသီရိမြို့နယ်မှ ယှဉ်ပြိုင်မည့် တပ်မတော်အငြိမ်းစား ဦးလှဌေးဝင်းနှင့် ပုဗ္ဗသီရိမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် တပ်မတော်အငြိမ်းစား ဦးဝေလွင်တို့အား စိစစ်ပြီးဖြစ်ကြောင်း သိရသည်။