အတူတူထားရှိတဲ့အခါ ပြဿနာပါ။ ဓာတုဗေဒ ပစ္စည်းတွေဟာ သုံးတတ်ရင်ဆေးပါ။ မသုံးတတ်ရင် ဘေးဖြစ်တယ်။ သူတို့ဟာ မီး၊ ရေနဲ့ ထားသိုမှုတွေကြောင့် ပေါက်ကွဲတတ်တာကို သတိပြုရမယ်။ လူတွေလည်း ဒီအတိုင်းပါပဲ။ ပေါက်ကွဲမှုတွေ မြင်နေရတယ်။
တရုတ်ပြည်မှ ပြင်းထန်တဲ့ ပေါက်ကွဲမှု
ပြီးခဲ့တဲ့အပတ်က တရုတ်ပြည် တီယန်ကျင်မြို့ (City of Tianjin) မှာ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားတယ်။ ဒီပေါက်ကွဲမှုအပြီး နှစ်ရက်ခန့်အထိ မီးငြှိမ်းသတ်လို့ မရခဲ့ပါဘူး။ မီသတ်သမား ၁၈ ဦးလောက်အထိ သေဆုံးတယ်လို့ဆိုတယ်။
လူ ၅၀ ကျော် သေဆုံးပြီး အယောက် ၇၀ ကျော်ကတော့ ပြင်းထန်စွာ ဒဏ်ရာရှိထားတယ်။ အသေးအဖွဲ ဒဏ်ရာရရှိ သူတွေကိုတော့ များလွန်းလို့ မဖော်ပြတော့ဘူးလို့ သတင်းဌာနက ဆိုတယ်။ ပေါက်ကွဲမှုဟာ ပြင်းထန်တယ်။ နှစ်ကြိမ်ပေါက်ကွဲသတဲ့။
ဒုတိယပေါက်ကွဲမှုဟာ TNT ယမ်းအား၂၁ တန်လောက်နဲ့ညီတယ်လို့ဆိုတယ်။ ပေါက်ကွဲမှုဟာ ဂိုဒေါင် ဒါမှမဟုတ် ကွန်တိန်နာတွေက ဖြစ်တယ်လို့ဆိုတယ်။ (City of Tianjin) ဟာ ဆိပ်ကမ်းမြို့ပါ။ သင်္ဘောတင်ဖို့ လုပ်ထားတဲ့ ကားအများကြီး ပျက်စီးတယ်။ ကွန်တိန်နာတွေ ထောင်သောင်းချီ တန်းစီထားတယ်။
ဘာကြောင့် ပေါက်ကွဲရတယ် ဆိုတာကို ဓာတုဗေဒပညာရှင် ၂၀၀ ကျော်ပါတဲ့ အဖွဲ့တစ်ဖွဲ့က စုံစမ်းစစ်ဆေး နေတယ်လို့ ဆိုတယ်။ ဒီလိုပေါက်ကွဲမှု ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ ဓာတုဗေဒပညာရှင်တွေအနေနဲ့ တာဝန်ရှိသလို ခံစားရပါတယ်။
နိုက်ထရိုဂျင် ဓာတ်မြေသြဇာ
အမှန်ကတော့ ဒီပေါက်ကွဲမှုဟာ ထားသိုမှုဆိုင်ရာ ပြဿနာနဲ့ ဆိုင်တာကို တွေ့ရမယ်။ ဥပမာ ၂၀၁၃ ခုနှစ်က အမေရိကန်ပြည်ထောင်စု တက္ကဆက်မှာ ဓာတ်မြေသြဇာစက်ရုံ ပေါက်ကွဲမှုတွေဖြစ်တယ်။ ဓာတ်မြေသြဇာစက်ရုံ ပေါက်ကွဲတယ်ဆိုရင် အမိုးနီးယမ်းနိုက်ထရိတ်တွေ ပေါက်ကွဲမှာပဲဆိုတာ သဘောပေါက်တယ်။ အမိုးနီးယမ်း နိုက်ထရိတ်ဟာ ဓာတ်မြေသြဇာအနေနဲ့ အရေးပါသလို ယမ်းအနေနဲ့ ပေါက်ကွဲမှု အင်မတန်ပြင်းထန်တဲ့ ဓာတ်ပစ္စည်းပါပဲ။
သမိုင်းကြောင်းကို ခဏလေး ပြန်ကြည့်ရအောင်ပါ။
ပထမကမ္ဘာစစ်ကြီး အပြီးမှာ စစ်ရှုံးတဲ့ ဂျာမန်တွေဟာ စစ်လျော်ကြေးအတွက် အကြီးအကျယ် ဦးနှောက်ခြောက်ခဲ့ကြတယ်။ ဓာတုဗေဒ ပညာရှင်ကြီး ပါမောက္ခဟေးဗား (Fitz Haber) က လေထဲမှာရှိတဲ့ နိုက်ထရိုဂျင်ကိုရယူပြီး အမိုးနီးယားကို ပြုလုပ်နိုင်ခဲ့တယ်။ တကယ်တော့ နိုက်ထရိုဂျင်ကို လေထဲက အခမဲ့ရပါတယ်။ သူရဲ့နည်းစဉ်ဟာ အင်မတန်စရိတ်စက သက်သာပြီး အကျိုးရှိတယ်။ ဒါကို ယနေ့တိုင်သုံး နေသေးတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ စလေတို့ ကျွန်းချောင်းတို့က ဓာတ်မြေသြဇာစက်ရုံတွေဟာ ဟေးဗားနည်းစဉ် (Haber Process) ကိုသုံးပြီး ပုလဲဓာတ်မြေသြဇာကို ထုတ်လုပ်နေတာပါ။ ဒီနည်းစဉ်နဲ့ ဓာတ်မြေသြဇာ ပြုလုပ်နိုင်သလို လက်နက်ခဲယမ်း မီးကျောက်တွေကိုလည်း ပြုလုပ်နိုင်တယ်။
ဒီနည်းနဲ့ ဟေးဗားဟာ ဂျာမနီရဲ့ ပထမကမ္ဘာစစ်က အကြွေးတွေကို ဆပ်နိုင်တဲ့အပြင် ဂျာမနီကိုချမ်းသာ ကြွယ်ဝတဲ့ နိုင်ငံအဖြစ် ပြောင်းလဲစေနိုင်ခဲ့တယ်။
စက်ဆန်းပေါက်ကွဲမှု
လွန်ခဲ့တဲ့ ငါးနှစ်ကဖြစ်ပွားခဲ့တဲ့ စက်ဆန်းဂိုထောင် ပေါက်ကွဲမှုဟာလည်း အဲဒီအမိုးနီးယား (အမိုး နီးယမ်းကလိုရိုက် - ဇဝက်သာ) က အဓိကတရားခံပါပဲ။ ဒီပေါက်ကွဲမှုဟာ အင်မတန်ပြင်းထန် အားကောင်းတယ်။ ရန်ကုန်က ပေါက်ကွဲသံကို မိုင် ၅၀ အကွာအဝေးမှာရှိတဲ့ ပဲခူးနယ်ကပင် ကြားခဲ့ရတယ်။ အဲဒီအချိန်က ပွင့်လင်းမြင်သာမှု မရှိသေးတဲ့ ကာလပါပဲ။ ဒီတော့ အကြမ်းဖက်သမားတွေက ပစ်ဖောက်တဲ့ဗုံးလို့ ယူဆခဲ့ကြတယ်။ အမှန်တော့ မဟုတ်ပါဘူး။ ကံဆိုးချင်တော့ ဘယဆေးဂိုဒေါင်တွေကို မီးလောင်ကျွမ်း သွားတာပါပဲ၊ အဲဒီအခါ မီးသတ်က ရေနဲ့ဖြန်းတယ်။ ဒီအခါ အမိုးနီးယမ်းကလိုရိုက် (ဇဝက်သာ) နဲ့ ဆိုဒီယမ်နိုက်ထရိတ် (ယမ်းစိမ်း) တို့ဟာ မီးသတ်သမားတွေရဲ့ ဖြန်းထားတဲ့ ရေစီးချောင်းနဲ့အတူ ရောသွားတော့တာပဲ။ ဒီအရောဟာ ကူးစက်လာတဲ့ မီးတောက်တွေထဲမှာ ဓာတ်ပြုကာ အမိုးနီးယမ်း နိုက်ထရိတ် ဖြစ်လာတော့တယ်။ အမိုးနီးယမ်း နိုက်ထရိတ်ဟာ အင်မတန်ပြင်းထန်တဲ့ ဗုံးဖြစ်လာတော့တာပါပဲ။ အဲဒီအမိုးနီးယမ်း နိုက်ထရိတ်ဟာ မီးတောက်ရဲ့အရှိန်ကြောင့် အသံကြီး မြည်ဟည်းကာ ပေါက်ကွဲတော့တယ်။
အင်္ဂလန်မှာလည်း ဒီလိုပေါက်ကွဲမှု ဖြစ်ဖူးတယ်။ ဓာတ်မြေသြဇာ စက်ရုံဟောင်းတစ်ခုပေါ်မှာ မီးလှုံဖို့ မီးမွှေးရင်း ပေါက်ကွဲမှုဖြစ်တယ်။ ဒီပေါက်ကွဲမှုကြောင့် မိုင်သုံးလေးဆယ်ဝေးတဲ့ အရပ်မှာရှိတဲ့ အိမ်တွေရဲ့ မှန်ပြတင်း ပေါက်တွေတောင် ကွဲကြေသွားခဲ့ပါတယ်။
၂၀၁၃ ခုနှစ်က အမေရိကန်ပြည်ထောင်စု တက္ကဆက်မှာ ဒီလိုပေါက်ကွဲတာ ဒုတိယအကြိမ်ပါပဲ။ ပထမအကြိမ်က မြစ်ထဲက သင်္ဘာဆီက ပေါက်ကွဲမှုဖြစ်တာပါပဲ။ ဖြစ်ပွားပုံက ပင်လယ်ကူးသင်္ဘောကြီးရဲ့ ဝမ်းထဲမှာ အမိုးနီးယမ်း မြေသြဇာတွေကို တင်ထားတယ်။ အဲဒီမှာ လူတစ်ယောက်ဟာ အမှတ်မထင် သူရဲ့သောက်လက်စ ဆေးလိပ်ကို သင်္ဘောဝမ်းထဲ ပစ်ချမိတယ်။ ဒီအခါ ပေါက်ကွဲမှုကြီး ဖြစ်ပွားတော့တာပါပဲ။ ပေါက်ကွဲမှု ပြင်းထန်လှတယ်။ သင်္ဘောပေါ်မှာရှိတဲ့ သံမဏိရက်မတွေဟာ လွင့်စင်ပြီး တိုက်တာ အဆောက်အအုံတွေထဲကို ဝင်သွားတဲ့အထိ ပြင်းထန်ခဲ့တယ်လို့ ဆိုတယ်။ ယနေ့တက္ကဆက် ပေါက်ကွဲမှုဟာ ဘိုစတွန်မြို့မာရသွန် ပြေးပွဲက ဗုံးပေါက်ကွဲမှုကြောင့် သတင်းသိပ်မဖြစ်လိုက်ဘူး။
သြဂုတ် ၁၃ ရက်က ထန်ကျင်းမြို့တွင် ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားသည့် နေရာ၌ မီးလောင်ထားသော ကားများကို တွေ့ရစဉ် (ဓာတ်ပုံ - AP)
ဓာတုဗေဒ ပစ္စည်းတွေကို နှစ်မျိုးသုံးနိုင်တာ အများသိကြပါတယ်။ ဗျောက်အိုးတွေနဲ့ ယမ်းတွေ တကယ်တော့ ယမ်းကိုစတင်တွေ့တာ တရုတ်တွေပါပဲ။ သူတို့ဟာ ပျော်ပွဲရွှင်ပွဲတွေမှာ မီးကျည်မီးပန်း ပစ်ဖောက်တဲ့နေရာမှာ ယမ်းတွေကိုသုံးတယ်။ ဗျောက်အိုးတွေကို ယမ်းတွေနဲ့ ပြုလုပ်ပါတယ်။ သူတို့နည်းက ယမ်းစိမ်းကန့်မီးသွေးနဲ့ (တစ်ခါတစ်ရံ ဖော့စဖရပ်စ်) တို့ကိုရောပြီး မီးရှို့တာပဲ ဖြစ်တယ်။ ဒီပစ္စည်းတွေအားလုံးဟာ သဘာဝမှာရှိတယ်။ ဒီလို ယမ်းလုပ်တဲ့နည်းကို အနောက်တိုင်းက ရသွားပါတယ်။ သူတို့ဟာ ယမ်းတွေကိုစမ်းသပ်ပြီး ပျော်ပွဲရွှင်ပွဲတွေမှာ မသုံးတော့ဘဲ သေနတ်တွေ လက်နက်တွေ လုပ်ရာမှာ အသုံးပြုခဲ့တယ်။
သေနတ်ဟာ ခေတ်တစ်ခေတ်ကို ပြောင်းသွားစေတယ်။ အဲဒီခေတ်က လေးနဲ့ မြား ခေတ်ပေါ့။ ပထမက ဓား၊ နောက်တော့ မြားပေါ့။ သူတို့ကိုတော့ သေနတ်ကနိုင်တယ်။
ဘိုးဝါးလိုခေါ်တဲ့ မြေရှင်ပဒေသရာဇ်တွေဟာ ရဲတိုက်တွေ အခိုင်အမာဆောက်ပြီး ဘုရင်ကိုအာခံတဲ့ ခေတ်ပါ။ သူတို့ဟာ နယ်မြေတွေကို အခိုင်အမာ ရထားလို့ ဘုရင့်တပ်တွေ တိုက်ခိုက်လို့ မရနိုင်ဘူး။
ဒါပေမဲ့ တရုတ်ကရတဲ့ ယမ်းနည်းပညာတွေကြောင့် သေနတ်တွ အမြောက်တွေ မော်တာတွေ ပေါ်လာတဲ့အခါ အဲဒီနယ်စား ပယ်စား ပဒေသရာဇ်တွေ မခံနိုင်တော့ဘူး။ ဒီတော့ လက်နက်ချလာရတယ်။
ဒါဟာ လက်နက်ရဲ့ အကျိုးပြုမှုလို့ သမိုင်းပညာရှင်တွေက သုံးသပ်တယ်။ ဒါပေမဲ့ လက်နက်ဟာ အာဏာပါပဲ။ အာဏာဟာ ပျက်စီးခြင်းကို ဖြစ်စေတယ်။ ဆောင်းပါးအစမှာ တင်ပြခဲ့တဲ့ Fitz Haber ဆိုရင် ဓာတုလက်နက် တစ်ခုဖြစ်တဲ့ ကလိုရင်းကို ရန်သူတွေကို တိုက်ရာမှာသုံးဖို့ ညွှန်ပြခဲ့တယ်။ ဒါပေမဲ့အစိုးရရဲ့ ဂျူးတွေအပေါ် ရက်ရက်စက်စက် နှိမ်နင်းတာကိုတွေ့တော့ သူဂျာမနီကနေ ထွက်သွားပြီး ဆွစ်ဇာလန်မှာ တစ်သက်လုံး နေသွားခဲ့တယ်။
လွန်ခဲ့တဲ့ အပတ်ကပဲ မြန်မာဟာလည်း ဓာတုလက်နက်တွေကို မသုံးဘူးဆိုတဲ့ ကွန်ဗင်းရှင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုး ခဲ့ပါတယ်။
ကမ္ဘာမှာနာမည်ကြီးတဲ့ သိပ္ပံပညာရှင် အဲလ်ဘတ်အိုင်းစတိုင်း ဆိုရင်လည်း လက်နက်နဲ့ပတ်သက်ပြီး တစ်ခါက မှားခဲ့ဖူးပါတယ်။ တကယ်တော့ အိုင်းစတိုင်းဟာ ကျွန်တော်တို့ ယနေ့သုံးနေတဲ့ ဆိုလာဆဲလ်လို့ ခေါ်တဲ့ နေရောင်ခြည်းစွမ်းအင်ကနေ လျှပ်စစ်ဓာတ်ထုတ်တဲ့ နည်းစဉ်ရဲ့ ဖခင်ကြီးလို့ ခေါ်နိုင်ပါတယ်။ သူဟာ နယူတန်ပြောသလို အလင်းဟာ လှိုင်းအနေနဲ့သာ ရှိတာကို လက်ခံပါတယ်။ ဒါပေမဲ့ လှိုင်းသာမက အမှုန်အနေနဲ့ပါ ဂုဏ်သတ္တိနှစ်ခု (Duel Properties) ရှိတယ်လို့ တင်ပြခဲ့တယ်။ အဲဒီတင်ပြချက်ကြောင့် သူနိုဘဲလ်ဆု ရခဲ့တာပါပဲ။ အဲဒါဟာ ယနေ့ဆိုလာပြားတွေရဲ့ အခြေခံပါ။
ဒါပေမဲ့ အိုင်းစတိုင်းရဲ့ စွမ်းအင်နဲ့ ဒြပ်ထုဆက်စပ်မှု (E = mC2) ဆိုတဲ့ညီမျှခြင်းဟာ သူ့ကိုကမ္ဘာကျော် စေခဲ့ပါတယ်။
ယူရေနီယံပလူတိုနီယံ စတဲ့ မတည်မြဲတဲ့ ဒြပ်စင်တွေကို ဖြိုခွဲလိုက်ရင် စွမ်းအင်များစွာ ထွက်လာနိုင်တယ်လို့ သူ့ညီမျှခြင်းက ဖော်ပြခဲ့တာပါပဲ။ ဒီကနေလူတွေဟာ အဏုမြူဗုံး လုပ်လို့ရတယ်ဆိုတာ သိလာတယ်။ အိုင်းစတိုင်း ကိုယ်တိုင်ကလည်း ဒုတိယကမ္ဘာစစ်မှာ အမေရိကန်သမ္မတ ထရူးမင်းကို အဏုမြူဗုံးလုပ်ဖို့ တိုက်တွန်းစာ ရေးခဲ့ဖူးတယ်။ အဲဒီစာကြောင့် အမေရိကန်တွေ အဏုမြူဗုံးလုပ်ခဲ့ပြီး ဂျပန်နိုင်ငံမှာ အဏုမြူဗုံးကြဲချခဲ့တယ်လို့ သူကယူဆတယ်။
ဒါကြောင့် လူတွေအများကြီး သေရတယ်ဆိုပြီး အိုင်းစတိုင်ဟာ အတော်လေး တုန်လှုပ်သွားခဲ့တယ်။ သြဂုတ်လ ၆ ရက်က ဟီရိုရှီးမားနဲ့ သြဂုတ်လ ၉ ရက်မှာ အဏုမြူဗုံးချတာ အနှစ် ၇၀ ပြည့် နှစ်ပတ်လည် ဖြစ်တယ်။
ဓာတုဗေဒပစ္စည်း
အမှန်တော့ မီးကိုစတွေ့တဲ့လူသားတွေဟာ မီးရဲ့အကျိုးပြုမှုကိုခံ စားရသလို မီးရဲ့နှိပ်စက်မှုကိုလည်း ခံစားရပါတယ်။ ဒီအတိုင်းပါပဲ။ လက်နက်နဲ့ပတ်သက်တဲ့ ဓာတုဗေဒပညာဟာ တစ်ဖက်ကလည်း လူသားကို အကျိုးပြုတဲ့ ဓာတုဗေဒ ပစ္စည်းပေါင်းများစွာကို ထုတ်ပေးလျက်ရှိတယ်။ ယနေ့လူတွေသုံးနေတဲ့ အသုံးအဆောင်တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော် ကျော်ဟာ ဓာတုဗေဒနည်းနဲ့ ပြုလုပ်ထားတာတွေ ချည်းပါပဲ။
လူတွေဟာ လောင်စာစွမ်းအင်တွေကိုသုံးပြီး ရေအောက်မြေပေါ် လေထဲမှာ နည်းမျိုးစုံနဲ့ ဆက်သွယ်ကူးသန်း လာနိုင်ကြပြီဖြစ်တယ်။ အင်မတန်သန့်စင်တဲ့ ဆီလီကွန် (Si) ကို သုံးပြီး အကောင်းဆုံး ကွန်ပျူတာတွေကို ထုတ်လာနိုင်တယ်။ ရှားပါး ဒြပ်စင် (Rare Earth Metals) တွေ ကိုသုံးပြီး Hybrid ကားများ မိုဘိုင်းဖုန်းများ Tablets များ Laptop ကွန်ပျူများအတွက် ဘက္ကထရီများကိုထုတ်ဖို့ အကူအညီ ပြုနိုင်ခဲ့တယ်။ ဒါတွေဟာ ဓာတုဗေဒ နည်းစဉ်တွေပဲ ဖြစ်တယ်။
မြန်မာပြည်မှာလည်း ဒီပြဿနာတွေ ရိုက်ခတ်မှုရှိလာတယ်။ အဲဒါက မြန်မာပြည်မှာ သတ္တုသယံဇာတ တွေရှိတယ်။ (Rare Earth Metals) တွေရှိတယ်။
အနောက်တိုင်းဟာ တရုတ်နိုင်ငံက အခမ်းအနားတွေမှာသုံးတဲ့ ခဲယမ်းမီးကျောက် နည်းပညာကို ရယူသွားတယ်။ ပြီးတော့ သူတို့ကဒါ ကို အခမ်းအနားမှာ မသုံးဘူး။ လက်နက်တွေ ဖန်တီးထုတ်လုပ်ခဲ့တယ်။ သူတို့ဟာ လက်နက်တွေနဲ့ တိုက်ခိုက်အနိုင်ကျင့်လာခဲ့ပြီး နောက်ဆုံး တစ်ကမ္ဘာလုံးကို ကျွန်ပြုခဲ့တယ်။ နယ်ချဲ့ (Colonized) လုပ်ခဲ့တယ်။ ယနေ့ကတော့ Globalization ခေတ်ပေါ့လေ။ ကူးသန်းရောင်းဝယ် ဆက်ဆံရေးကောင်းပါမှ အားလုံးအဆင်ပြေတာ အမှန်ပါပဲ။ ကုန်ကြမ်းယူ ကုန်ချောကိုရောင်းတာပေါ့။ တရုတ်က ကုန်ကြမ်းကိုရယူပြီး ကုန်ချောလုပ်တယ်။ အလုပ်သမားတွေကို လုပ်ခနည်းနည်းနဲ့ခိုင်းတော့ သူ့ဆီကပစ္စည်းတွေ ဈေးပေါတယ်။ ခုပေါက်ကွဲမှုဖြစ်တဲ့ (City of Tianjin) ဟာဆိပ်ကမ်း မြို့ဆိုတော့ ဒီကုန်ကြမ်းပစ္စည်းတွေကို အဲဒီနေရာမှာ သိုလှောင်ထားရတယ်။ အဲဒီကနေ ပို့ဆောင်ရတယ်။
သိုလှောင်မှုပြဿနာ
သိုလှောင်တဲ့အခါ ပြဿနာ အကြီးကြီးရှိတယ်။ ဥပမာ ကျောက်မီးသွေးကိုပုံထားရင် အချိန်ကြာတဲ့အခါ အလိုလို မီးထလောင်တယ်။
အချို့က မီးပွားကျလို့ဖြစ်တာလို့ ထင်တယ်။ မဟုတ်ပါဘူး။ ပုံထားတဲ့အခါ ဖိအားဖြစ်လာပြီး အပူရှိန် တက်လာတာ မီးလောင်တယ်။
ဖော့ဖရပ်စ် (အဝါ) ဟာ လေထဲရောက်ရင် အလိုလို မီးလောင်တယ်။ (သူ့ကိုရေအောက်မှာ ထားရတယ်) ဆိုဒီယမ်တို့ ပိုတက်စီယမ်တို့ဟာလည်း ရေနဲ့ထိရင် ထပြီးလောင်ကျွမ်း ပေါက်ကွဲတယ်။ (သူ့ကို ရေနံဆီအောက်မှာ ထားရတယ်) ကယ်လစီယမ်ကာဘိုဒ် (CaC2) ဟာလည်း ရေဖြန်းရင် မီးလောင်စေတဲ့ ဓာတ်ငွေ့ ထွက်လာတယ်။ တရုတ်ပြည်က မီးသတ်သမားတွေ ရေဖြန်းလို့ မီးလောင်ပေါက်ကွဲ သေဆုံးတာ ကယ်စီယမ်ကာဘိုဒ်ကြောင့်လို့ အချို့ပညာရှင်တွေက ယူဆတယ်။
ပြင်းထန်တဲ့ ပေါက်ကွဲမှုကတော့ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်ဆိုင်ယာနိုဒ်တွေကြောင့်လို့ အချို့ကဆိုတယ်။
ဆိုဒီယမ်ဆိုင်ယာနိုဒ်တွေကနေ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုဒ် ဓာတ်ငွေ့တွေ အလွယ်တကူ ထွက်လာနိုင်တယ်။ ဒီဆိုင်ယာနိုဒ်တွေဟာ အဆိပ်တွေဖြစ်သလို ပေါက်ကွဲမှုကိုဖြစ်စေတယ်။ ဆိုဒီယမ်ဆိုင်ယာနိုဒ်ကိုတော့ ရွှေချွတ်တဲ့ နေရာမှာသုံးတယ်။ မြန်မာပြည်ကိုလည်း တရုတ်ကရောင်းပါတယ်။
ပြင်းထန်တဲ့ ပေါက်ကွဲမှု နောက်တစ်ခုကတော့ စက်ဆန်းဂိုဒေါင်မှာ ဖြစ်တဲ့ပုံစံလို ဖြစ်နိုင်တယ်။ ဆိုဒီယမ်နိုက်ထရိတ် (ယမ်းစိမ်း) နဲ့ အမိုးနီးယမ်းကလိုရိုဒ် (ဇဝက်သာ) တို့အရောကို ရေနဲ့ဖြန်းပြီး မီးလောင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအရောဟာ အမိုးနီးယမ်းနိုက်ထရိတ်ကို ဖြစ်ပေါ်စေတယ်။ ဒါကိုမီးရှို့လိုက်ရင် လေးငါးဆယ်မိုင်က ပြတင်းပေါက်မှန်တွေ ကွဲကြေတဲ့အထိ ပေါက်ကွဲမှု ပြင်းထန်တယ်။ အသံလည်း ကျယ်တယ်။
နိဂုံး
ဘာကြောင့်ဘယ်လိုတွေ ဖြစ်တာလဲ ဆိုတာကိုတော့ ဂိုဒေါင်ထဲမှာရှိတဲ့ ပစ္စည်းစာရင်းတွေကို ကြည့်တာနဲ့ တရုတ်ပညာရှင်တွေ တွေ့ရှိကြမှာပါပဲ။ ဒါပေမဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ အာဏာရှင်တွေ လက်အောက်မှာ အဖြေမှန်တွေ ရပါ့မလား။ ဒီလို ပေါက်ကွဲတဲ့သတင်းကို တရုတ်ဒေသဆိုင်ရာ ရုပ်မြင်သံကြားတွေကတော့ လွှင့်ပေးခြင်း မရှိပါဘူး။
သဘာဝကို သဘာဝအတိုင်း သိဖို့လိုတယ်။ တစ်ချိန်က လက်နက်နဲ့ ကျွန်ပြုတယ်။ ဒီခေတ်မှာတော့ ငွေအားနဲ့ ကျွန်ပြုတယ်။
အမုန်းတရားတွေနဲ့ အနိုင်ကျင့်ဆဲပါပဲ။ အမုန်းတရားတွေ အာဃာတတွေကို ခဝါချဖို့လိုတာ အမှန်ပါ။ သို့သော် ဉာဏ်လေးနဲ့တော့ ဆင်ခြင်ပါ။ မှားကြလို့ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်တွေ ဆုံးရှုံးခဲ့တယ်။ မြန်မာပြည် ယနေ့တိုင် မျက်နှာငယ်နေရပါတယ်။
ကျွန်တော်တို့ လူမျိုးတွေအကြား ပေါက်ကွဲမှုတွေ အများကြီး မြင်နေရတယ်။ မှားရင်ပြင်ဆင်ခြင်ပြီး ရှေ့ဆက်ပါ။
နောက်ပြန်လည်း မလှည့်ပါနဲ့။ ရောက်ရာအရပ်မှာ ရပ်မနေဖို့ပါပဲ။










