၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် လေးလအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော်ရှိပြီး ရေနံ၊ သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် ကုန်ထုတ်လုပ်ငန်းတွင် အများဆုံးဝင်ရောက်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် လေးလအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော်ရှိပြီး ရေနံ၊ သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် ကုန်ထုတ်လုပ်ငန်းတွင် အများဆုံးဝင်ရောက်
Published 14 August 2015
မင်းသီဟဇော်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီမှ ဇူလိုင်လအထိ လေးလအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၆ ဘီလျံ ကျော် ဝင်ရောက်ခဲ့ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
 
အဆိုပါလေးလအတွင်း နိုင်ငံခြားတိုင်းပြည်များမှ ကုန်ထုတ်လုပ်ငန်းတွင် ဒေါ်လာ ၃၈၃ ဒသမ ၁၂၆ သန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဒေါ်လာ ၂၀၄၉ ဒသမ ၂၀၀ သန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ သန်း ၁၂၀၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ဒေါ်လာ ၅၀ ဒသမ ၇၅၀ သန်းနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတွင် ဒေါ်လာ ၄၆ ဒသမ ၀၆၇ သန်း၊ စုစုပေါင်း ဒေါ်လာ ၂၆၄၉ ဒသမ ၁၄၃ သန်း ရင်းနှီးမြှုပ်နှံကြခြင်းဖြစ်ကြောင်း သိရသည်။
 
အဆိုပါကာလအတွင်း သြစတြေးလျ၊ ဘရူနိုင်း၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ နယ်သာလန်၊ ယူကေ၊ ဗီယက်နမ်၊ ကာတာနှင့် တောင်အာဖရိကတို့ က မြန်မာနိုင်ငံတွင်းလာရောက် ရင်းနှီးမြှုပ်နှံကြခြင်းဖြစ်ကြောင်း သိရသည်။
 
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် ကဏ္ဍများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း၊ စွမ်းအင်ကဏ္ဍ၊ ကုန်ထုတ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ သတ္တုရှာဖွေတူးဖော်ထုတ်လုပ်ရေး၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ အိမ်ခြံ မြေလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
 
အဆိုပါကဏ္ဍများအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့်  စွမ်းအင်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍတို့တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကာ ကုန်ထုတ်ကဏ္ဍတွင် လုပ်ငန်းပေါင်း ၅၂၅ ခု၊ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ကဏ္ဍတွင် လုပ်ငန်းအရေအတွက် ၁၅၁ ခုတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြောင်း သိရသည်။ စွမ်းအင်ကဏ္ဍတွင် ဝင်ရောက်မြှုပ်နှံမှုမှာ ကုန်ထုတ်လုပ်ငန်းအရေအတွက်ထက် နည်းပါးသော်လည်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာမူ များပြားကြောင်း သိရသည်။
 
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုရာတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုသကဲ့သို့ ပြည်တွင်းကုမ္ပဏီများနှင့် တွဲဖက်ကာ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာရှစ်ဘီလျံကျော် ဝင်ရောက်ခဲ့ပြီးရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံး ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
 
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် ကာလရှည်နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပြီး ယင်းစီမံကိန်းအရ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၆၀၀၀ ဝင်ရောက်ရန် လျာထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
 

Most Read

Most Recent