ဗဟိုဘဏ်၏ သတ်မှတ်လဲနှုန်း တစ်ဒေါ်လာတန်ဖိုး ၁၂၄၆ ကျပ်ရှိနေပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၂၇၈ ကျပ် ဝန်းကျင်အထိ ဆက်တိုက်မြင့်တက်

ဗဟိုဘဏ်၏ သတ်မှတ်လဲနှုန်း တစ်ဒေါ်လာတန်ဖိုး ၁၂၄၆ ကျပ်ရှိနေပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၂၇၈ ကျပ် ဝန်းကျင်အထိ ဆက်တိုက်မြင့်တက်
Published 13 August 2015
အောင်မြတ်ကို

သြဂုတ် ၁၃ ရက် ဗဟိုဘဏ်၏ သတ်မှတ်နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာတန်ဖိုး ၁၂၄၆ ကျပ်ရှိနေပြီး ပြင်ပဈေးကွက် ပေါက်ဈေးတွင် တစ်ဒေါ်လာလျှင် ၁၂၇၈ ကျပ်ဝန်းကျင်အထိ ဆက်တိုက်မြင့်တက်လာကြောင်း စုံစမ်းသိရသည်။
သြဂုတ် ၁၃ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည် ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၄၆ ကျပ်သတ်မှတ်ထားသည်။ ပို့ကုန်ရငွေတန်ဖိုး မှာ တစ်ဒေါ်လာလျှင် ၁၂၇၅ ကျပ်ဝန်းကျင်ရှိနေပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၁၂၇၈ ကျပ်ဝန်းကျင်၊ ဝယ်ဈေးကျပ် ၁၂၇၀ ဝန်းကျင်တွင်ရှိသည်။
ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း တန်ဖိုးသည် ရက်ပိုင်းအတွင်း မြင့်တက်လာခြင်းဖြစ်ပြီး သြဂုတ် ၁၂ ရက် တစ်ဒေါ်လာတန်ဖိုး ၁၂၃၉ ကျပ်မှ သြဂုတ် ၁၃ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၄၆ ကျပ်အထိ တစ်ရက်အတွင်း ခုနစ်ကျပ်အထိ ဆက်လက်တိုးမြင့် သတ်မှတ်လာသည်။ ထို့ကြောင့် ဗဟိုဘဏ်၏ ရည်ညွှန်း ငွေလဲနှုန်းတွင် ဒေါ်လာတန်ဖိုးသည် သြဂုတ်လ ဒုတိယပတ် ၁၀ ရက်မှ ၁၃ ရက်အထိ သုံးရက်အတွင်း ၁၂ ကျပ် တိုးမြှင့်သတ်မှတ်ထားကြောင်း သိရသည်။
ပြင်ပဈေးကွက်တွင် ဒေါ်လာတန်ဖိုးသည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း မြင့်တက်ခြင်းနှင့်အတူ လိုက်ပါမြင့်တက်လျက် ရှိသည်။ ပြင်ပဈေးကွက်တွင် ဒေါ်လာတန်ဖိုးသည် သြဂုတ် ဒုတိယပတ်အတွင်း ဆက်တိုက်မြင့်တက် နေခြင်းဖြစ်ပြီး ၁၂ ရက်မှ ၁၃ ရက် အတွင်း ၁၁ ကျပ် ဝန်းကျင်အထိ မြင့်တက်လာခြင်း ဖြစ်သည်။
သြဂုတ် ပထမပတ်အတွင်း ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုး ၁၂၃၄ ကျပ်ဝန်းကျင်တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာလျှင် ၁၂၄၂ ကျပ် ဝန်းကျင်ရှိခဲ့သည်။ သြဂုတ်ဒုတိယပတ်အတွင်း ဗဟိုဘဏ် သတ်မှတ်ငွေလဲနှုန်းမှာ သုံးရက်အတွင်း ငါးကျပ်တိုးမြှင့် သတ်မှတ်ပြီးနောက် ပြင်ပဈေးကွက်ရှိ ဒေါ်လာတန်ဖိုးမှာ သြဂုတ်  ၁၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၄၁ ကျပ်ဝန်းကျင်မှ သြဂုတ် ၁၂ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ၁၂၆၇ ကျပ်ဝန်းကျင် ရှိနေသည်။
ပြည်တွင်း ပုဂ္ဂလိကဘဏ်များ၌ သြဂုတ် ၁၀ ရက်တွင် ရောင်းဈေး ၁၂၄၃ ကျပ်ဝန်း ကျင်၊ ဝယ်ဈေး ၁၂၃၅ ကျပ်ဝန်းကျင် ရှိနေခဲ့ပြီး သြဂုတ် ၁၁ ရက်တွင် ရောင်းဈေး ၁၂၄၅ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁၂၃၈ ကျပ်ဝန်းကျင် ရှိခဲ့သည်။ သြဂုတ် ၁၂ ရက်တွင် တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်ဈေး ၁၂၄၉ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၄၄ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ သြဂုတ် ၁၃ ရက်တွင်ရောင်းဈေး ၁၂၅၆ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁၂၅၂ ကျပ်ဝန်းကျင် ရှိနေသည်။
တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်း၌ လည်းကောင်း၊ A.D လိုင်စင်ရ Interbank Market ဘဏ်များအကြားတွင် လက်ကားရောင်းဝယ်မှု များအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် -၀ ဒသမ ၃ ရာခိုင်နှုန်းဘောင် အတွင်း၌လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။              
 

Most Read

Most Recent