လာမည့် ရွေးကောက်ပွဲတွင် သမ္မတ ဦးသိန်းစိန်နှင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းတို့ ဝင်အရွေးမခံတော့၊ လက်ရှိအစိုးရအဖွဲ့မှ ၅၀ ဦးနှင့် တပ်မတော်မှ အငြိမ်းစားယူလိုက်သည့် ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ အပါအဝင် တပ်မတော်သား ၅၉ ဦး ပြည်ခိုင်ဖြိုး . . .

လာမည့် ရွေးကောက်ပွဲတွင် သမ္မတ ဦးသိန်းစိန်နှင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းတို့ ဝင်အရွေးမခံတော့၊ လက်ရှိအစိုးရအဖွဲ့မှ ၅၀ ဦးနှင့် တပ်မတော်မှ အငြိမ်းစားယူလိုက်သည့် ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ အပါအဝင် တပ်မတော်သား ၅၉ ဦး ပြည်ခိုင်ဖြိုး . . .
Published 12 August 2015
နေရိုင်း၊ ကျော်ဇင်ဝင်း

လာမည့် ရွေးကောက်ပွဲတွင် သမ္မတ ဦးသိန်းစိန်နှင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းတို့ ဝင်အရွေးမခံတော့၊ လက်ရှိအစိုးရအဖွဲ့မှ ၅၀ ဦးနှင့် တပ်မတော်မှ အငြိမ်းစားယူလိုက်သည့် ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ အပါအဝင် တပ်မတော်သား ၅၉ ဦး ပြည်ခိုင်ဖြိုးပါတီမှ ရွေးကောက်ပွဲဝင်မည်လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတ ဦးသိန်းစိန်နှင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းတို့မှာ ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်အရွေးခံတော့မည် မဟုတ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ပြောကြားသည်။နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်၌ သြဂုတ် ၁၂ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတဦးသိန်းစိန်နှင့် ဒုတိယသမ္မတများ လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ရှိ၊ မရှိကို သတင်းထောက်တစ်ဦးက မေးမြန်းရာ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ယင်းကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။“သမ္မတကြီးရဲ့နယ်မြေ ဇမ္ဗူသီရိနယ်မြေကို ကျွန်တော်တို့က ကိုယ်စားလှယ်လျာထားခြင်း မပြုခဲ့ပါဘူး။ အဲဒီနေရာမှာ သမ္မတကြီးကိုယ်တိုင် ဆက်သွယ်ရေးဝန်ကြီး ဦးမြတ်ဟိန်းကို သမ္မတကြီးကိုယ်တိုင် အဆိုပြုတင်ပြတဲ့အတွက် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိမြို့နယ်မှာ ဦးမြတ်ဟိန်းကို လျာထားပေးပြီးသား ဖြစ်ပါတယ်။ ဒုတိယသမ္မတကြီး ဦးဉာဏ်ထွန်းက ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့ပါဘူး။ သမ္မတကြီးလည်း မပြိုင်ဘူး။ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းလည်း မပြိုင်ဘူးလို့ နားလည်ရမှာ ဖြစ်ပါတယ်။ တစ်သီးပုဂ္ဂလ အနေနဲ့လည်း ဝင်ပြိုင်ဖို့ မရှိပါဘူး။ အခုအချိန် အထိလည်း စာရင်းပေးတာ မရှိပါဘူး။ ရက်လည်းကပ်နေပြီ ဖြစ်တာကြောင့် မရှိဘူးလို့ပဲ ယူဆပါတယ်။ သမ္မတကြီးက သူလည်း ပြောထားပါတယ်။ အမြဲတမ်း ပြည်ခိုင်ဖြိုးပါလို့ ပြောတဲ့အတွက် ရာသက်ပန် ပြည်ခိုင်ဖြိုးပါပဲ” ဟု အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ပြောကြားသည်။ဆက်လက်၍ “သမ္မတကြီး ရွေးကောက်ပွဲ မဝင်ဘူးဆိုတာ တခြားအကြောင်းအချက် မရှိပါဘူး။ အထူးသဖြင့်တော့ ကျန်းမာရေးကြောင့် မဟုတ်ပါဘူး။ ရွေးကောက်ပွဲမဝင်တာ သမ္မတကြီးရဲ့ သဘောဆန္ဒအလျောက် ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီ အနိုင်ရမယ် ဆိုရင်လည်းပဲ ဘယ်သူ့ကို ရွေးမယ်ဆိုတာ ကျွန်တာ်တို့ပါတီတွင်းမှာ မဆုံးဖြတ်ရသေးပါဘူး။ ရွေးကောက်ပွဲပြီးတဲ့ အချိန်ကျမှ အဲဒီရလဒ်ပေါ် မူတည်ပြီးမှ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်နဲ့ ပါတီရဲ့ ဗဟိုကော်မတီဝင်များရဲ့ အဆုံးအဖြတ်နဲ့ ဆက်လက်ပြီးဆောင်ရွက်မှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဘယ်သူကို တင်မယ်ဆိုတာ ကျွန်တော်တို့ပါတီ အနေနဲ့ ဆုံးဖြတ်ထားခြင်း မရှိသေးပါဘူး” ဟု ဦးမောင်မောင်သိမ်းက သတင်းထောက်များ၏ မေးမြန်းချက်ကို ယင်းကဲ့သို့ ဖြေကြားသည်။ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများတွင် အစိုးရအဖွဲ့ဝင် ၅၀ နှင့် တပ်မတော်မှ အငြိမ်းစားယူလိုက်သည့် တပ်မတော်ထိပ်ပိုင်း အဆင့်မြင့် အရာရှိကြီးများဖြစ်သည့် ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ အပါအဝင် တပ်မတော်သား ၅၉ ဦးပါဝင်ကြောင်း ပါတီအထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ပြောကြားသည်။အစိုးရအဖွဲ့မှ ကိုယ်စားလှယ်လောင်းဦးရေ ၅၀ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၄၆ ဦးပါဝင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် လေးဦးပါဝင်သည်။ထို့ပြင် အစိုးအဖွဲ့မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၄၆ ဦးတွင် အဆင့်မြင့်ဆုံးအဖြစ် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပါဝင်ကြောင်း သိရသည်။ထို့အတူ တပ်မတော်မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်အရွေးချယ်ခံမည့် ၅၉ ဦးတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများအဖြစ် ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ အပါအဝင် အခြားတပ်မတော် အရာရှိကြီးများ ၂၆ ဦးပါဝင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ၃၃ ဦး ပါဝင်ကြောင်း သိရသည်။“ကာကွယ်ရေးနဲ့ လုံခြုံရေးကို အဓိကထားပြီးတော့ လုပ်ရတာပေါ့။ ဒါပေမဲ့ အမျိုးသားနိုင်ငံရေးကို လုပ်ခဲ့တယ်။ အခုကျတော့ ကျွန်တော်တစ်ဖက်ကနေ တာဝန်ပြောင်းလဲပြီး ထမ်းဆောင်တဲ့ အနေနဲ့ပေါ့။ တိုင်းပြည်တာဝန်ကို ထမ်းဆောင်တဲ့အနေနဲ့ အမျိုးသားနိုင်ငံရေးကို ဆက်လုပ်မယ်။ ကျန်တဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေး အဲဒီကိစ္စတွေကို ဇောင်းပေးပြီးတော့ တာဝန်ထမ်းဆောင်ချင်တဲ့အတွက် ရွေးကောက်ပွဲဝင်တာ ဖြစ်ပါတယ်။ အကောင်းဆုံးတော့ ပြင်ဆင်ထားပါတယ်။ နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ဇေယျာသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဗိုလ်ချုပ်ကြီး လှဌေးဝင်းက ပြောကြားသည်။တပ်မတော်မှနုတ်ထွက်၍ ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများမှာ ဗိုလ်ချုပ်ကြီးလှဌေးဝင်း ဇေယျာသီရိ မဲဆန္ဒနယ်၊ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ ကိုကိုးကျွန်း မဲဆန္ဒနယ်၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် ပုဗ္ဗသီရိမဲဆန္ဒနယ်၊ ဒုတိယဗိုလ်ချုပ်ကြီး သောင်းအေး ပျော်ဘွယ်မဲဆန္ဒနယ်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း သပိတ်ကျင်း မဲဆန္ဒနယ်၊ ဒုတိယဗိုလ်ချုပ်ကြီး လှမင်း ရွှေကျင်မဲဆန္ဒနယ်၊ ဗိုလ်ချုပ်ခင်မောင်ဌေး တနင်္သာရီမဲဆန္ဒနယ်၊ ဗိုလ်ချုပ်ကျော်ညွန့် ပြင်ဦးလွင်မဲဆန္ဒနယ်၊ ဗိုလ်ချုပ်ဉာဏ်ထွန်း ကနီမဲဆန္ဒနယ်၊ ဗိုလ်ချုပ်ဇော်မင်း ကဝမဲဆန္ဒနယ်၊ ဗိုလ်ချုပ်တင်အောင်ချစ် အောင်လံမဲဆန္ဒနယ်တို့ ဖြစ်ကြသည်။ထို့အတူ ဗိုလ်မှူးကြီး ဒေါက်တာဝုန်ဆွန်ထန်း တီးတိန်မဲဆန္ဒနယ်၊ ဗိုလ်မှူးကြီး ဇော်မင်းဦး မတူပီမဲဆန္ဒနယ်၊ ဗိုလ်မှူးကြီးမြင့်ရွှေ လဲချားမဲဆန္ဒနယ်၊ ဗိုလ်မှူးကြီးလင်းဇော်ထွန်း မိုင်းဖြတ်မဲဆန္ဒနယ်၊ ဗိုလ်မှူးကြီးမြသန်းထွန်း ပန်းတောင်းမဲဆန္ဒနယ်၊ ဗိုလ်မှူးကြီး မောင်မောင်ဝင်း လေးမျက်နှာ မဲဆန္ဒနယ်၊ ဒုတိယဗိုလ်မှူးကြီး စိုင်းကျော်မိုး မိုင်းပန်မဲဆန္ဒနယ်၊ ဗိုလ်မှူးစိုးမိုး ကျောက်တော်မဲဆန္ဒနယ်တို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ခိုင်ဖြိုးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။အလားတူ ပြည်ခိုင်ဖြိုးကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများမှာ ဗိုလ်မှူးချုပ်ဌေးနိုင် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် အမှတ် (၆) မဲဆန္ဒနယ်၊ ဗိုလ်မှူးချုပ်သိန်းထိုက် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် အမှတ် (၂) မဲဆန္ဒနယ်၊ ဗိုလ်မှူးကြီးအောင်လွင် ကရင်ပြည်နယ် အမျိုးသားလွှတ်တော် အမှတ် (၈) မဲဆန္ဒနယ်၊ ဗိုလ်မှူးကြီးကျော်နိုင် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် အမှတ် (၃) မဲဆန္ဒနယ်၊ ဒုတိယဗိုလ်မှူးကြီး စောရော်ဘတ် ကရင်ပြည်နယ် အမျိုးသားလွှတ်တော် အမှတ် (၉) မဲဆန္ဒနယ်၊ ဒုတိယဗိုလ်မှူးကြီးမြင့်ရှိန် မွန်ပြည်နယ် အမျိုးသားလွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်၊ ဗိုလ်မှူးဝင်းကြူ တနင်္သာရီတိုင်းဒေသကြီး အမှတ် (၈) မဲဆန္ဒနယ်တို့ ဖြစ်ကြကြောင်း သိရသည်။