ဗဟိုဘဏ်၏ တစ်ဒေါ်လာလဲနှုန်း ထပ်မံတိုးမြှင့် သတ်မှတ်ပြီးနောက် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာ ၁၂၆၇ ကျပ်အထိ မြင့်တက်သွား

ဗဟိုဘဏ်၏ တစ်ဒေါ်လာလဲနှုန်း ထပ်မံတိုးမြှင့် သတ်မှတ်ပြီးနောက် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာ ၁၂၆၇ ကျပ်အထိ မြင့်တက်သွား
Published 12 August 2015
အောင်မြတ်ကို

သြဂုတ် ၁၂ ရက် ဗဟိုဘဏ်၏ တစ်ဒေါ်လာလဲနှုန်း သုံးကျပ် ထပ်မံမြင့်တက် သတ်မှတ်ပြီးနောက် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာ ၁၂၆၇ ကျပ်ဝန်းကျင် ဆက်လက်မြင့်တက်လာကြောင်း စုံစမ်းသိရသည်။သြဂုတ် ဒုတိယပတ်တွင် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းသည် သြဂုတ် ၁၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၃၄ ကျပ်မှ သြဂုတ် ၁၁ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ၁၂၃၆ ကျပ်သို့ မြင့်တက်လာခဲ့ပြီး သြဂုတ် ၁၂ ရက်တွင် ၁၂၃၉ ကျပ်သို့ ထပ်မံတိုးမြှင့် သတ်မှတ်ထားသည်။ ထို့ကြောင့် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် ဒေါ်လာတန်ဖိုးသည် သြဂုတ်လ ဒုတိယပတ် ၁၀ ရက်မှ ၁၂ ရက်အထိ သုံးရက်အတွင်း ငါးကျပ်တိုးမြှင့် သတ်မှတ်ထားကြောင်း သိရသည်။ပြင်ပဈေးကွက်တွင် ဒေါ်လာတန်ဖိုးသည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း မြင့်တက်ခြင်းနှင့်အတူ လိုက်ပါမြင့်တက်လျက် ရှိသည်။ သြဂုတ် ပထမပတ်အတွင်း ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုး ၁၂၃၄ ကျပ်ဝန်းကျင်တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာလျှင် ၁၂၄၂ ကျပ်ဝန်းကျင် ရှိခဲ့သည်။ သြဂုတ် ဒုတိယပတ်အတွင်း ဗဟိုဘဏ် သတ်မှတ်ငွေလဲနှုန်းမှာ သုံးရက်အတွင်း ငါးကျပ်တိုးမြှင့် သတ်မှတ်ပြီးနောက် ပြင်ပဈေးကွက်ရှိ ဒေါ်လာတန်ဖိုးမှာ သြဂုတ် ၁၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၄၁ ကျပ် ဝန်းကျင်မှ သြဂုတ် ၁၂ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ကျပ် ၁၂၆၇ ဝန်းကျင်အထိ သုံးရက်အတွင်း ဆက်တိုက်မြင့်တက်လာခဲ့သည်။ပြင်ပဈေးကွက်တွင် ဒေါ်လာတန်ဖိုးသည် သြဂုတ် ၁၁ ရက် အဖွင့်ဈေးတွင် တစ်ဒေါ်လာတန်ဖိုးမှာ ၁၂၄၆ ကျပ် ရှိခဲ့ပြီး ညနေပိုင်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ၁၂၅၁ ကျပ်ဝန်းကျင်အထိ ရှိခဲ့သည်။သြဂုတ် ၁၂ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၃၉ ကျပ် သတ်မှတ်ထားသည်။ ပို့ကုန်ရငွေ တန်ဖိုးမှာ တစ်ဒေါ်လာလျှင် ၁၂၆၃ ကျပ် ဝန်းကျင်ရှိနေပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၁၂၆၇ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၅၇ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပဈေးကွက်တွင် စင်ကာပူ တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၀၇ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၉၀၂ ကျပ်ဝန်းကျင်နှင့် ယူရိုတန်ဖိုးမှာ တစ်ယူရိုလျှင် ရောင်းဈေး ၁၃၆၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၃၅၅ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၌ သြဂုတ် ၁၀ ရက်တွင် ရောင်းဈေး ၁၂၄၃ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၃၅ ကျပ်ဝန်းကျင် ရှိနေခဲ့ပြီး သြဂုတ် ၁၁ ရက်တွင် ရောင်းဈေး ၁၂၄၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၃၈ ကျပ်ဝန်းကျင် ရှိခဲ့သည်။ သြဂုတ် ၁၂ ရက်တွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၁၂၄၉ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၄၄ ကျပ်ဝန်းကျင်တွင် ရှိနေသည်။တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်း၌ လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်း၌ လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent