ရေဘေးသင့်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆန်အရောင်းဆိုင် ၁၉ ဆိုင်ဖွင့်လှစ်ကာ စားသုံးသူများနှင့် ရေဘေးသင့်ပြည်သူများသို့ လှူဒါန်းလိုသူများအတွက် စတင်ရောင်းချ

ရေဘေးသင့်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆန်အရောင်းဆိုင် ၁၉ ဆိုင်ဖွင့်လှစ်ကာ စားသုံးသူများနှင့် ရေဘေးသင့်ပြည်သူများသို့ လှူဒါန်းလိုသူများအတွက် စတင်ရောင်းချ
Published 11 August 2015
နီလာ

ရေဘေးသင့်ဒေသ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စီစဉ်မှုဖြင့် ဆန်အရောင်းဆိုင် ၁၉ ဆိုင်ကို စတင်ဖွင့်လှစ်ကာ စားသုံးသူများနှင့် ရေဘေးသင့်ပြည်သူများအား လှူဒါန်းချင်သူများအတွက် သင့်တင့်သောဈေးနှုန်းများဖြင့် သြဂုတ် ၁၁ ရက်တွင် စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။"တချို့ဒေသတွေမှာ အခုမနက်ပိုင်းကတည်းက စတင်ဝယ်ယူလို့ရပါပြီ။ တချို့ဒေသတွေကတော့ နေ့လယ်ပိုင်းလောက်မှ ဝယ်လို့ရမှာပါ။ ဆန်အရောင်းဆိုင်တွေကိုတော့ ဆန်တွေတချို့လည်းပို့ပြီးပြီ။ တချို့လည်း ပို့နေတုန်းပဲ" ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အဆိုပါဆန်အရောင်းဆိုင်များကို ရန်ကုန်တိုင်းဒေသကြီးတွင် ဝါးတန်းဆန်စပါး ကုန်စည်ဒိုင်၊ ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်၊ မကွေးတိုင်းဒေသကြီးတွင်  ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်နှင့် လယ်ကိုင်းမြို့နယ်တို့တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ရွှေဘိုမြို့နှင့် မုံရွာမြို့၊ ပဲခူးတိုင်းဒေသကြီးတွင် ပြည်၊ မင်းလှ၊ လက်ပံတန်း၊ နတ္တလင်းနှင့် သာယာဝတီ၊ မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးမြို့၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဇလွန်၊ ညောင်တုန်း၊ မြောင်းမြနှင့် ဓနုဖြုမြို့နယ်၊ နေပြည်တော်တွင် ပျဉ်းမနားနှင့် ရခိုင်ပြည်နယ်တွင် စစ်တွေမြို့စသည်တို့တွင် ၁၉ ဆိုင်ဖွင့်လှစ်ကာ ရောင်းချနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ဆန်အရောင်းဆိုင်များတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ အခြေခံစားသောက်ကုန်ဖြစ်သည့်ဆန်ကို သင့်တင့်မျှတသောဈေးနှုန်းဖြင့် စားသုံးသူများအတွက်လည်းကောင်း၊ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသူများအားလည်းကောင်း၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စွာဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် ဆန်စပါးကုန်စည်ဒိုင်များ၊ မြို့နယ်အသီးသီးရှိ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနရုံးများတွင်ဖြစ်စေ ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် အခြားလိုအပ်သည့်နေရာများတွင်ပါ ဆက်လက်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။"လက်ကားဆိုင်တွေကနေရောင်းချမယ့် ဈေးနှုန်းကိုပြောဖို့က လတ်တလောအခက်အခဲရှိပါတယ်။ ဆန်ကတော့ ဧည့်မထ ၂၅ မှတ်ရယ်၊ ဧည့်မထရှယ်ပေါ့ ၂၂၀၀၀၊ ၂၃၀၀၀ ဝန်းကျင်ရှိတဲ့ ဆန်နှစ်မျိုးကိုရောင်းပေးဖို့ရှိပါတယ်။ ဈေးနှုန်းကို အခုမပြောနိုင်သေးတာက တချို့ဒေသတွေမှာ သယ်ယူပို့ဆောင်ခက တွက်လို့မရသေးပါဘူး။ ရန်ကုန်မှာဆိုရင်တော့ ၂၂၀၀၀နဲ့ ရောင်းပေးပါတယ်။ နောက်တစ်ခု ဧည့်မထ ၂၅ မှတ်ပတ်ဝန်းကျင်ရှိတဲ့ဆန်တွေကတော့ ၁၇၅၀၀ ကနေ ၁၉၀၀၀ ကြားမှာ ကျွန်တော်တို့ရောင်းပေးပါတယ်။ ဒါက လက်ရှိရေဘေးတွေမဖြစ်ခင်က ဈေးနှုန်းနဲ့  ကွာဟချက်အများကြီးမရှိပါဘူး။ အဲဒီပတ်ဝန်းကျင်မှာ ကျွန်တော်တို့ ထိန်းပြီးရောင်းပေးနေတာပါ။ တချို့အနီးအဝေးပေါ်မူတည်ပြီး သယ်ဆောင်ခရှိမှာပါ။ သယ်ယူပို့ဆောင်ခကိုလည်း အသက်သာဆုံးဖြစ်အောင် စီစဉ်နေပါတယ်။ ဥပမာ- ကားနဲ့သယ်လို့ တစ်အိတ်ကို ၁၀၀၀ကျ မယ်ဆိုရင် ရေလမ်းမှာ မကွေးကိုပို့ဖို့ဆိုရင် မြောင်းမြကနေ သင်္ဘောနဲ့သယ်ပါတယ်။ ရန်ကုန်ကပို့ရင် ကားခနဲ့ဈေးကြီးပါတယ်။ အနီးစပ်ဆုံးနေရာကနေ စီစဉ်ပါတယ်။ ရွှေဘိုမှာ နွေစပါးပေါ်နေပါတယ်။ ရွှေဘိုကနွေစပါးကို ကလေးကိုပို့ပါတယ်။ အဲဒီတော့ အနီးစပ်ဆုံးနေရာကနေ အသက်သာဆုံးဖြစ်အောင် ဆောင်ရွက်ပါ့မယ်" ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက သြဂုတ် ၆ ရက်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။               

Most Read

Most Recent