ယခုရက်ပိုင်းအတွင်းထွက်ရှိမည့် စတော့အိတ်ချိန်းစာရင်းဝင် စံသတ်မှတ်ချက်များတွင် အချက် ၁၈ ချက်ပါဝင်မည်

ယခုရက်ပိုင်းအတွင်းထွက်ရှိမည့် စတော့အိတ်ချိန်းစာရင်းဝင် စံသတ်မှတ်ချက်များတွင် အချက် ၁၈ ချက်ပါဝင်မည်
Published 11 August 2015
သန်းထိုက်အောင်

ရန်ကုန်စတော့အိတ်ချိန်းဝင်ရောက်မည့် အများပိုင်ကုမ္ပဏီများ လိုက်နာရမည့် စံသတ်မှတ်ချက်များ (Listing Critia) မှာ အချက် ၁၈ ချက်ရှိမည်ဖြစ်ပြီး စာရင်းဝင်စံသတ်မှတ်ချက်များနှင့်ပတ်သက်၍ ရန်ကုန်မြို့တွင် ရှင်းလင်းပွဲတစ်ခုပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။"ဒီတစ်ပတ်ထဲ နိုင်ငံပိုင်သတင်းစာတွေမှာ ထည့်နိုင်ဖို့ လုပ်နေတယ်။ အခုလည်းတိုင်ပင်နေတာ။ နည်းနည်းတော့ စရိတ်စကများတာပေါ့။ စံသတ်မှတ်ချက်ပေါင်း ၁၈ ချက်ရှိတယ်။ အဓိကကတော့ စတော့အိတ်ချိန်းဝင်မယ့် ကုမ္ပဏီဟာ ခိုင်မာမှု ရှိ မရှိဆိုတဲ့ ဆန်းစစ်တဲ့အချက်တွေပေါ့။ ကုမ္ပဏီတွေကိုလက်ခံတာကတော့ တစ်လလောက်စောင့်ရမှာပေါ့" ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး နည်းဥပဒေကိုလည်း လွှတ်တော်သို့တင်သွင်းထားပြီဖြစ်၍ လွှတ်တော်မှ ပြင်ဆင်ခြင်းမရှိပါက အတည်ဖြစ်မည်ဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ဆက်လက်ပြောကြားသည်။"နောက်တစ်ခုကတော့ Listing Critia ထွက်ပြီးလို့ရှိရင် Listing  Critia နဲ့ပတ်သက်လို့ ရှင်းလင်းပွဲတစ်ခုလုပ်ဖို့ရှိတယ်။ အကြမ်းဖျင်း ၁၅ ရက်လို့ သတ်မှတ်ထားပေမယ့် သြဂုတ် ၁၀ ရက်တောင် မထွက်နိုင်သေးတော့  ရက်ကသိပ်ကပ်သွားတယ်။ လောလောဆယ် ၂၂ ရက်နေ့လောက်ကို ရွှေ့ဖို့စဉ်းစားနေတယ်။ ရန်ကုန်မြို့က စာရင်းစစ်ကျောင်းမှာလုပ်မှာပါ" ဟု ၎င်းကပြောကြားသည်။ရန်ကုန်စတော့အိတ်ချိန်းကို ယခုနှစ်အောက်တိုဘာတွင် ဖွင့်လှစ်နိုင်ရန်စီစဉ်ခဲ့သော်လည်း နိုဝင်ဘာတွင် အထွေထွေရွေးကောက်ပွဲရှိသောကြောင့် ရွေးကောက်ပွဲပြီးချိန်မှသာ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ရန်ကုန်စတော့အိတ်ချိန်းကို တည်ထောင်နိုင်ရန်အတွက် မြန်မာ့စီးပွားရေးဘဏ်က ၅၁ ရာခိုင်နှုန်း၊ တိုကျိုစတော့အိတ်ချိန်းက ၁၈  ဒသမ  ၇၅ ရာခိုင်နှုန်းနှင့် ဂျပန်ဒိုင်ဝါသုတေသနက ၃၀ ဒသမ ၂၅ ရာခိုင်နှုန်း ထည့်ဝင်ရင်းနှီးမြှုပ်နှံထားသည်။ရန်ကုန်စတော့အိတ်ချိန်း၏ ငွေပေးချေစာရင်းရှင်းလင်းမှုဘဏ်အဖြစ် ပြည်တွင်းဘဏ်တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်ကို ဧပြီလကုန်ပိုင်းက ရွေးချယ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent