ရွေးကောက်ပွဲဝင်မည့် တပ်မတော် အရာရှိကြီးများ အငြိမ်းစားယူဟု သတင်းထွက်ပေါ်

ရွေးကောက်ပွဲဝင်မည့် တပ်မတော် အရာရှိကြီးများ အငြိမ်းစားယူဟု သတင်းထွက်ပေါ်
Published 10 August 2015
အောင်ဇော်ထွန်း

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ကြေညာထားသည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် တပ်မတော် အရာရှိကြီးများသည် အငြိမ်းစားယူခဲ့သည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ အစိုးရနှင့် တပ်မတော်မှ ကိုယ်စားလှယ်လောင်းစာရင်းများ ပေးပို့ထားရာ တပ်မတော်မှ ပေးပို့သည့် စာရင်းတွင် ၁၄၀ ကျော်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီမှ သိရသည်။အငြိမ်းစားယူသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် တပ်မတော်အရာရှိကြီးများထဲတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)  ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ အပါအဝင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်နှင့် ဗိုလ်ချုပ်အဆင့် တပ်မတော်အရာရှိကြီးများ ပါဝင်သည်ဟု သတင်းထွက်ပေါ်နေခြင်း ဖြစ်သည်။ဗိုလ်ချုပ်ကြီး လှဌေးဝင်းသည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် (၉)မှ လည်းကောင်း၊ ဗိုလ်ချုပ်ကြီး သူရသက်ဆွေသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ကိုကိုးကျွန်း မဲဆန္ဒနယ်မှ လည်းကောင်း ဝင်ပြိုင်မည်ဖြစ်ကြောင်း ဇူလိုင် ၂၉ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြု တာဝန်ပေးအပ်ပွဲ အခမ်းအနားမှ သိရသည်။ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေးတို့သည် တနင်္သာရီတိုင်းဒေသကြီးမှ ဝင်ပြိုင်မည်ဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်မှ ဝင်ပြိုင်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။ရွေးကောက်ပွဲဝင်မည့် တပ်မတော်အရာရှိကြီးများ အငြိမ်းစားယူသည့်သတင်း ထွက်ပေါ်နေသည့်အပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ရေး အဖွဲ့ဝင် ဦးသောင်းထိုက်က “ကျွန်တော်တို့ဆီကိုတော့ စာရင်း မရောက်သေးပါဘူး။ ကျွန်တော်တို့လည်း အဲဒီသတင်းတော့ ကြားနေတယ်။ ကျွန်တော်တို့ကတော့ ၁၂ ရက်မှာ ကျွန်တော်တို့ ပါတီက ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကိုတော့ ကြိုဆိုပွဲ ရှိပါတယ်။ ၁၂ ရက်မှာ ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲလည်း လုပ်ပါမယ်” ဟု သြဂုတ် ၁၀ ည နေ ၅ နာရီခွဲ ဝန်းကျင်က ပြောကြားသည်။ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့သည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် စာချုပ် (မူကြမ်း)အား ညှိနှိုင်းရာတွင် တပ်မတော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ဆွေးနွေး ညှိနှိုင်းနေသူများဖြစ်ပြီး ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲ ဝင်ရန်အတွက် အငြိမ်းစားယူသည့် သတင်းကို ကြားမိသည်ဟု အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။“ဝန်ထမ်းက ရွေးကောက်ပွဲဝင်လို့ မရဘူးလေ။ ဝင်လို့မရတဲ့အတွက် ရွေးကောက်ပွဲဝင်မယ့်သူက ဝန်ထမ်းအဖြစ်ကနေပြီးတော့ ပင်စင်ယူချင်ယူပေါ့။ မယူရင် နုတ်ထွက်ပေါ့။ ဘယ်သူမဆို ဒီလိုပဲ လုပ်ရမှာပေါ့။ တပ်မတော်သား အားလုံးကလည်း နိုင်ငံ့ဝန်ထမ်းပဲလေ။ ရွေးကောက်ပွဲအပြီး ဘယ်အစိုးရပဲ တက်တက် တပ်မတော်ရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုတောင် အရေးကြီးပါတယ်။ တပ်မတော် ဆိုတာကတော့ မြန်မာပြည်မှာ အားအကောင်းဆုံး အဖွဲ့အစည်းလို့ ပြောလို့ရတဲ့အတွက် တာဝန်ပေးတဲ့ ဘယ်သူပဲလာလာ ငြိမ်းချမ်းရေးဖြစ်စဉ်က တပ်မတော်ရဲ့ သဘောထားကတော့ ဒီအတိုင်းပဲ ဆက်သွားမယ်လို့ ထင်တယ်ဗျ” ဟု ၎င်းက ဆိုသည်။တပ်မတော်အရာရှိကြီးများ အငြိမ်းစားယူသည်ဟု သတင်းများ ထွက်ပေါ်သည့်အပေါ် ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (ကကပြည်) သို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ တစ်ဦးက “လောလောဆယ်တော့ မသိရသေးပါဘူး ခင်ဗျ။ ကျွန်တော်တို့ဆီကလည်း စာလာမှပဲ ပြောနိုင်မှာပါ။ ကျွန်တော်တို့ ပြန်တမ်းအနေနဲ့ ထုတ်ပြန်တာတွေတော့ ရှိပါတယ်” ဟု သြဂုတ် ၁၀ ရက် ညနေပိုင်းက ပြောကြားသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၁၇၁ နေရာလုံးမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၉ ရက်အထိ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသူ ၁၀၀၈ ဦးထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမည့် နောက်ဆုံးနေ့ရက်မှာ သြဂုတ် ၁၄ ရက်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။