ပြည်ပသို့ ဆန်တင်ပို့မှုရပ်ဆိုင်းထားချိန်တွင် မှောင်ခိုလမ်းကြောင်းမှ တင်ပို့မှုများမဖြစ်ပေါ်စေရေး ဝန်ကြီးဌာနသို့ တင်ပြထားဟုဆို

ပြည်ပသို့ ဆန်တင်ပို့မှုရပ်ဆိုင်းထားချိန်တွင် မှောင်ခိုလမ်းကြောင်းမှ တင်ပို့မှုများမဖြစ်ပေါ်စေရေး ဝန်ကြီးဌာနသို့ တင်ပြထားဟုဆို
Published 7 August 2015
အငယ်ထွေး၊ နီလာ

လက်ရှိဖြစ်ပေါ်နေသောအခြေအနေများကြောင့် အရန်ဆန်ထားရှိမှုအပြင် ပြည်ပသို့ ဆန်တင်ပို့မှုကိုလည်း လတ်တလောရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ ယင်းသို့ရပ်ဆိုင်းထားချိန်တွင် မှောင်ခိုလမ်းကြောင်းများမှ တင်ပို့မှုမဖြစ်ပေါ်စေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။"မှောင်ခိုလမ်းကြောင်းကသွားနိုင်တဲ့ ကိစ္စနဲ့ပတ်သက်ရင် ဆန်ပြည်ပတင်ပို့မှုကို ဆိုင်းငံ့ထားတာဖြစ်တဲ့အတွက် ဂိတ်တို့ဘာတို့မှာ မှောင်ခိုတွေမဖြစ်အောင် ဝန်ကြီးဌာနကိုတင်ပြတဲ့အခါမှာ ဒါကိုထည့်ပြီးတင်ပြထားပါတယ်" ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။အလားတူ နယ်စပ်ကုန်သွယ်ရေးမှ တင်ပို့နေမှုများကိုလည်း လိုင်စင်ထုတ်ပေးထားသည်များကိုသာ တင်ပို့ခွင့်ပြုတော့မည်ဖြစ်ပြီး နောက်ပိုင်းတွင် ထပ်မံ၍လိုင်စင်ထုတ်ပေးတော့မည်မဟုတ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှရရှိသောသတင်းများအရ သိရသည်။"မူဆယ်ကိစ္စနဲ့ပတ်သက်ရင်လည်း  မူဆယ်ဘက်မှာရောက်နေတဲ့ဆန်ကတော့ ဟိုဘက်ကိုရောက်ပြီးသားဖြစ်တဲ့အတွက် ဆန်တင်ပို့တဲ့ကိစ္စကို ဆောင်ရွက်ပါမယ်။ လိုင်စင်အသစ်ထုတ်ပေးခြင်းကိုသာ ဆိုင်းငံ့တာဖြစ်ပါတယ်" ဟု ၎င်းက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တွင် သြဂုတ် ၆ ရက်ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။"ဆန်တင်ပို့တဲ့ကိစ္စကို နယ်စပ်ရော၊ ပုံမှန်လမ်းကြောင်းကရော တင်ပို့မှုကို စက်တင်ဘာ ၁၅ ရက်အထိ ဆိုင်းငံ့ထားဖို့နဲ့ ဒီအတောအတွင်း ဆန်စပါးဈေးကွက် ပြန်လည်တည်ငြိမ်လာပြီဆိုရင်တော့ နိုင်ငံတော်ကို ဆိုင်းငံ့မှုကို ရပ်ဆိုင်းပေးဖို့ ပြန်ပြီးတင်ပြသွားမှာပါ။ အခုလောလောဆယ်က ဆန်စပါးဈေးကွက်တည်ငြိမ်မှုက အရမ်းအရေးကြီးနေပါတယ်။ ဈေးနှုန်းတွေမှန်ကန်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ဆန်တင်ပို့တာကို ခေတ္တရပ်ဆိုင်းဖို့ သဘောတူထားပါတယ်" ဟု ဦးရဲမင်းအောင်က ဆက်လက်ပြောကြားသည်။မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပွားနေသော လယ်မြေများအနက် ရာခိုင်နှုန်း ၉၀ ခန့်မှာ စပါးစိုက်ဧကများဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မိုးစပါးကို နှစ်စဉ်ဧက ၁၅ သန်းခန့် စိုက်ပျိုးကြောင်း၊ လက်ရှိရေကြီးနစ်မြုပ်မှုဖြစ်ပွားနေသောနေရာများသည် အထွက်နှုန်းကောင်းသောနေရာများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ဖြစ်ရာ အထွက်နှုန်းကောင်းသောနေရာများဖြစ်နေ၍ အထွက်နှုန်းလျော့နည်းမှုလည်း ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

Most Read

Most Recent